ရွေးကောက်ပွဲနိုင်လျှင် ကန့်ကွက်မှုများရှိနေသည့် ခဲသတ္တုသန့်စင်စက်ရုံတည်ဆောက်မှုကို ပြန်လည်သုံးသပ်သွားမည်ဟု KySDP ၏ ကိုယ်စားလှယ်လောင်းများကတိပေး

ရွေးကောက်ပွဲနိုင်လျှင် ကန့်ကွက်မှုများရှိနေသည့် ခဲသတ္တုသန့်စင်စက်ရုံတည်ဆောက်မှုကို ပြန်လည်သုံးသပ်သွားမည်ဟု KySDP ၏ ကိုယ်စားလှယ်လောင်းများကတိပေး
by -
နော်ဒွေးအယ်ခူ (KT)

၂၀၂၀ ရွေးကောက်ပွဲတွင် အနိုင်ရရှိပါက အရပ်ဖက်အဖွဲ့အစည်းနှင့် ပြည်သူလူထုကန့်ကွက်နေသည့် လွိုင်ကော်တွင် ခဲသတ္တုသန့်စင်စက်ရုံတည်ဆောက်နေမှုအပေါ် ပြန်လည်သုံးသပ်သွားမည်ဖြစ်ကြောင်း ကယားပြည်နယ်ဒီ မိုကရက်တစ်ပါတီ (KySDP) မှ လွှတ်တော်ကိုယ်စားလှယ်လောင်းများက ကတိပေးပြောကြားခဲ့သည်။

အဆိုပါ ခဲသတ္တုသန့်စင်စက်ရုံသည် ကယားပြည်နယ်၊ လွိုင်ကော်မြို့နယ်၊ နွားလဝိုးကျေးရွာအုပ်စု အနောက်ဖက် စက်မှုဇုန်အပိုင်း ၂ ရှိ မြေဧက (၁၁၃) ပေါ်တွင် တည်ဆောက်နေခြင်းဖြစ်ပြီး ၎င်းတို့အနိုင်ရပါက ၎င်းစက်ရုံတည်ဆောက်နေမှုကို ပြန်လည်သုံးသပ်မည်ဟု လွိုင်ကော်မြို့ ကုန်းသာကျေးရွာအုပ်စုသို့ စက်တင်ဘာ ၂၁ ရက်က မဲဆွယ်စည်းရုံးရေးဆင်းစဉ် KySDP ပါတီကိုယ်စားပြု၍ ပြည်နယ်လွှတ်တော် မဲဆန္ဒနယ် ၁ တွင် ဝင်ရောက်ယှဉ်ပြိုင်မည့် စတီဗင် (ခ) ထွန်းထွန်းက ပြောဆိုစည်းရုံးခဲ့ခြင်းဖြစ်သည်။

“သဘာဝပတ်ဝန်းကျင်စိမ်းလန်းစိုပြေရေးနဲ့ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးအတွက် တစ်စိုက်မတ်မတ်လုပ် သွားမယ်လို့ကတိပေးတယ်။ ခဲသတ္တုသန့်စင်စက်ရုံပုံစံမျိုးကို ပြန်လည်သုံးသပ်ပြီးတော့မှ ကျွန်တော်တို့ပြည်သူ တွေအတွက် ဘယ်လောက်ထိ အကျိုးရှိစေသလဲ၊ ဘယ်လောက်ထိအကျိုးပျက်ဆီးစေသလဲဆိုတဲ့ဟာမျိုးကို ပြန်ပြီး လေ့လာသုံးသပ်ဖို့လိုအပ်တယ်လို့ ကျွန်တော်တို့အနေနဲ့မြင်တယ်။ ဒါကြောင့် ပြည်သူလူထုတွေအနေနဲ့ ကျွန်တော်တို့ကို မဲပေးခဲ့လို့ လွှတ်တော်ထဲရောက်သွားမယ်၊ အစိုးရအဖွဲ့ထဲရောက်သွားမယ်ဆိုလို့ရှိရင် ဒီစီမံကိန်းတွေကို ပြန်ပြီးတော့မှ သုံးသပ်နိုင်ဖို့အတွက် တကယ်ကော သူတို့တွေ EIA/SIA ပုံစံမျိုးတွေ တကယ်ကောလုပ်သလားပေါ့။ EIA၊ SIA နဲ့မပြီးဘူး CRA HIA တို့လိုမျိုး အများကြီးရှိတယ်ပေါ့နော။ အဲဒါတွေနဲ့ ဘယ်လောက်ထိ စမ်းသပ်စစ်ဆေးပြီးတော့မှ သုတေသနလုပ်ပြီးတော့မှ ဒီစက်ရုံတွေလည်ပတ်ဖို့အတွက် ကြိုးစားနေတယ်ဆိုတဲ့ဟာကို ပြန်လေ့လာပြီးတော့မှ ပြန်သုံးသပ်ပြီးတော့မှ ရပ်နားသင့်/မသင့် မဟုတ်လို့ရှိရင် ရွေ့ပြောင်းသင့်/မသင့် ဆုံးဖြတ်ရလိမ့်မယ်လို့ ကျွန်တော်တို့အနေနဲ့ ယုံကြည်တယ်ပေါ့။ ဒါတွေကိုလည်း တစ်စိုက်မတ်မတ် လုပ်သွားမယ်ဆိုတဲ့ကတိမျိုး ျတော်တို့အနေနဲ့ပေးချင်ပါတယ်” ဟု စတီဗင် (ခ) ထွန်းထွန်းက ပြောသည်။

ယင်းခဲသတ္တုသန့်စင်စက်ရုံကို Global South Industrial Co.Ltd နှင့် ပြည်တွင်းမှ ရတနာကုဋေသိုက်ကုမ္ပဏီလိမိတက်တို့ ဖက်စပ်လုပ်ကိုင်ခြင်းဖြစ်ပြီး ခဲမဖြူ၊ အဖြိုက်နက်နှင့်ရောရာသတ္တုများကို သန့်စင်၍ စက်မှုကုန်ချောထုတ်လုပ်ငန်းကိုလုပ်ဆောင်ရန် သတ္တုသန့်စင်စက်ရုံတည်ဆောက်နေခြင်းဖြစ်ကာ ထိုစီမံကိန်းအတွက် Global South Industrial Co.Ltdအနေဖြင့် အမေရိကန်ဒေါ်လာသန်း ၄၅ သန်း (စုစုပေါင်းရင်းနှီးမြှုပ်နှံမှု ပမာဏ၏ ၉၀%)၊ ရတနာကုဋေသိုက်ကုမ္ပဏီလိမိတက်အနေဖြင့် အမေရိကန်ဒေါ်လာ ၅ သန်း (စုစုပေါင်းရင်းနှီးမြှုပ်နှံပမာဏ ၏ ၁၀%) စုစုပေါင်း အမေရိကန်ဒေါ်လာ သန်း ၅၀ ရင်းနှီးမြှုပ်နှံထားခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါ စီမံကိန်းအတွက် မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်ထံမှ ခွင့်ပြုမိန့်အမိန့် (၁၆၈/၂၀၁၉)ဖြင့် နှစ်၅၀ လုပ်ပိုင်ခွင့်ကို ပြီးခဲ့သည့် ၂၀၁၉ ခုနှစ် ဇူလိုင် ၆ ရက်တွင် ရရှိထားပြီး လုပ်ငန်းကိုအကောင်အထည်ဖော် ဆောင်ရွက်နေခြင်းဖြစ်သည်။

သို့သော်လည်း ဓာတ်သတ္တုကုန်ကြမ်း၏ နောက်ဆက်တွဲသက်ရောက်မှုနှင့်ပတ်သက်၍ ပတ်ဝန်းကျင်ထိခိုက်မှုဆိုင်ရာ လုပ်ထုံးလုပ်နည်းများနှင့်အညီ ကနဦးပတ်ဝန်းကျင်ဆန်းစစ်ခြင်း (IEE)၊ ပတ်ဝန်းကျင်ထိခိုက်မှု ဆန်းစစ်ခြင်း (EIA) ကို လေ့လာဆန်းစစ်မှုများ လုပ်ဆောင်ခြင်းရှိ/မရှိ ပြည်သူလူထုတွေအနေဖြင့် မသိရှိကြောင်း မြန်မာနိုင်ငံပွင့်လင်းမြင်သာမှုနှင့် တာဝန်ယူမှု၊ တာဝန်ခံမှုဆိုင်ရာ အရပ်ဖက်မဟာမိတ်အဖွဲ့ ကရင်နီပြည်တာဝန်ခံ ခွန်းအန်းဂျလိုက ဝေဖန်ခဲ့သည်။

“ဒီစက်ရုံတွေနဲ့ပတ်သက်ပြီး လူထုတွေက မသိနားမလည်ခဲ့ဘူး။ ကုမ္ပဏီတွေက လက်ရှိ ဦးဝင်းမော်နဲ့ပတ်သက်တဲ့ Global South Industrial Co.ltd လည်း EIA၊ SIA လုပ်ထားတာလည်း ဘာမှမရှိဘူး။ ပြီးတော့ HIA ကျန်းမာရေးနဲ့ပတ်သက်တဲ့ လေ့လာဆန်းစစ်ချက်တွေ သူတို့ဘားမှမလုပ်ဘူး။ အဲဒါကြောင့် မလုပ်ဘဲနဲ့ ဒီစက်ရုံကို MIC က ဘယ်လိုလုပ် ခွင့်ပြုမှုပေးလဲဆိုတာ ကျတော့်အနေနဲ့စိုးရိမ်မှုဖြစ်တယ်” ဟု ၎င်းကကေုာသည်။

အဆိုပါစက်ရုံတည်ဆောက်မှုနှင့်ပတ်သက်ပြီး ကရင်နီအကြီးစားရင်းနှီးမြှုပ်နှံမှု စောင့်ကြည့်ရေးကွန်ယက် (KMIW) မှ ပူးပေါင်းကြံစည်မှုအစီရင်ခံစာပါ အကြောင်းအရာကို သတင်းစာရှင်းလင်းပွဲလုပ်ခဲ့ပြီး ကုမ္ပဏီမှ ကောင်းကျိုး/ဆိုးကျိုးများကို ချပြခြင်းမရှိကြောင်း ဝေဖန်ထားသည်။

ယင်းစက်ရုံတည်ဆောက်မှုအပေါ် ကရင်နီအရပ်ဖက်အဖွဲ့များအနေဖြင့် ပြည်သူများ၏ ကန့်ကွက်မဲ လေးထောင်ကျော်ရရှိထားပြီး ကန့်ကွက်မဲတစ်သောင်းကျော်ရရှိပါက ဒု-သမ္မတဦးဟန်နရီဗန်ထီးယူထံ ဆက်လက်တင်ပြသွားရန်စီစဉ်နေပြီး ထိုအခြေအနေအပေါ် ဒေသခံကိုယ်စားလှယ်လောင်းများက အသုံးပြုမဲဆွယ်ခြင်းဖြစ်သည်။

ကယားပြည်နယ်ဒီမိုကရက်တစ်ပါတီသည် ပြည်နယ်အခြေစိုက်တိုင်းရင်းသားပါတီဖြစ်ပြီး ကယားပြည်နယ် မြို့နယ် (၇) မြို့နယ်ရှိ မဲဆန္ဒနယ် ၃၄ နေရာအနက် ၃၀ နေရာတွင် ဝင်ရောက်ယှဉ်ပြိုင်သွားမည်ဖြစ်သည်။

Most read this week

July 3, 2021
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင် ဒေါက်တာဗညားအောင်မိုးနှင့် အဖွဲ့ဝင်အချို့၊...
July 3, 2021
ကရင်ပြည်နယ် မြဝတီမြို့ရှိ အာဇာနည်ပန်းခြံကို ဦးစပန်းခြံဟု နစကကောင်စီက...
July 3, 2021
ကျိုက်မရောအကျဉ်းထောင်မှ ဖမ်းဆီးခံထားရသူအချို့ကို ဇွန် ၃၀ ရက်က နစကကောင်စီက ပြန်လွှတ်ပေးခဲ့ရာတွင်...
July 3, 2021
မော်လမြိုင်ဆေးရုံကြီး Isolation ward 1 တွင် ဆေးကုသမှုခံယူနေသည့် ကိုဗစ်အတည်ပြုလူနာ...