လွတ်လပ်မျှတသည့်ရွေးကောက်ပွဲဖြစ်ရေး ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် (UEC) ကို ပါတီအသီးသီးကလက်ခံသည့် ပုဂ္ဂိုလ်များဖြင့် ဖွဲ့စည်းသင့်ကြောင်း တိုင်းရင်းသားနိုင်ငံရေးပါတီများက ပြောသည်။
ထိုသို့ UEC အားလွတ်လပ်၍ ဘက်မလိုက်ပဲ သမာသမတ်ရှိသည့် ပုဂ္ဂိုလ်များဖြင့်ကို ဖွဲ့စည်းနိုင်မှသာလျှင် မည်သည့်ရွေးကောက်ပွဲမဆို လွတ်လပ်၍ တရားမျှတသည့်အနေအထားကို ရောက်ရှိလာနိုင်မည်ဟု တအာင်း (ပလောင်) အမျိုးသားပါတီ ဥက္ကဋ္ဌ ဦးညီစိန်က သုံးသပ်ပြောကြားခဲ့သည်။
၎င်းက “UEC ကို ဖွဲ့စည်းတဲ့နေရာမှာ ပါတီကြီးတစ်ခုအနေနဲ့ သူတို့ဆန္ဒအရပဲ ဖွဲ့စည်းထားတဲ့ အနေအထားမျိုးဖြစ်နေတယ်။ ဖြစ်စေချင်တာက UEC ကို ဒီပြည်ထောင်စုကော်မရှင်ကို ပါတီစုံကနေပြီးတော့မှ ရွေးကောက်တင်မြောက်တဲ့ ပုဂ္ဂိုလ်တွေဖြစ်စေချင်တယ်။ အဲလိုဖြစ်မှပဲ တရားမျှတမှုဆိုတာ ဖြစ်လာမယ်။ ရှိလာမယ်။ အဲလိုအနေအထားမျိုးပဲ ကျနော်တို့က ပြောချင်တယ်ဗျာ” ဟုပြောသည်။
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဌနှင့် အဖွဲ့ဝင်များကို ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၃၉၈၊ ပုဒ်မခွဲ (က)၊ ပြည်ထောင်စုအစိုးရအဖွဲ့ ဥပဒေ ပုဒ်မ ၉၊ ပုဒ်မခွဲ (င) နှင့် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ဥပဒေ ပုဒ်မ ၃ တို့ပါ ပြဋ္ဌာန်းချက်များအရ နိုင်ငံတော်သမ္မတမှ တိုက်ရိုက်ခန့်အပ်ခြင်းဖြစ်သည်။
ကချင်ပြည်နယ် ပြည်သူ့ပါတီ KSPP ဒု-ဥက္ကဋ္ဌ - ၂ ဦးကွမ်ဂေါင်အောင်ခမ်းက “UEC လူတွေက အားလုံးလက်ခံနိုင်တဲ့ ပုဂ္ဂိုလ်တွေလည်း ဖြစ်ဖို့လိုတယ်။ ၁၉၉၀ တုန်းကဆိုရင် ရွေးကောက်ပွဲမှာ ပါဝင်တဲ့သူတွေဟာ သမာသမတ်ရှိတဲ့ ရှင်ရိုသေလူရှိသေ ပုဂ္ဂိုလ်တွေ ပါတယ်။ အခုကလည်း ဒီလိုမျိုးဖြစ်စေချင်တယ်။ ဒါမှမဟုတ်ဘူးဆိုရင် ကျွန်တော်တို့နိုင်ခဲ့ရင် ကျွန်တော်တို့ ပါတီထဲကလူပဲဖြစ်တယ်ဆိုရင် ဘာမှ လွတ်လပ်ခွင့်ရှိမှာ မဟုတ်ဘူး။ ဒါကြောင့်မို့လို့လည်း လွတ်လွတ်လပ်လပ်ရှိပြီး ဘက်မလိုက်တဲ့ပုဂ္ဂိုလ်တွေ ပါဝင်ဖို့လိုတယ်။ အားလုံး လက်ခံနိုင်တဲ့ ပုဂ္ဂိုလ်တွေကို စနစ်တကျရွေးချယ်ပြီးမှ လုပ်သွားရင်တော့ ပိုကောင်းမယ်” ဟုပြောသည်။
နိုင်ငံတကာတွင် ရွေးကောက်ပွဲကော်မရှင်သည် အစိုးရကခန့်ထားသည့် အဖွဲ့အစည်းမျိုးမဟုတ်ပဲ သီးသန့်လွတ်လပ်သည့် ကော်မရှင် အနေဖြင့် တည်ရှိနေသကဲ့သို့ မြန်မာနိုင်ငံတွင်လည်း ထိုသို့ဖြစ်ရန်လိုသည်ဟု ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ် SNLD တွဲဖက် အထွေထွေအတွင်းရေးမှူး ၁ စိုင်းကျော်ညွှန့်က ပြောသည်။
သို့သော် လက်ရှိတွင် မြန်မာနိုင်ငံရှိ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သည် ထိုသို့ ဖြစ်မနေသည့်အတွက် ကော်မရှင်၏လုပ်ဆောင်မှုများသည် ဘက်လိုက်သည့် သဘောသက်ရောက်သည့်ပုံစံမျိုးကို မြင်တွေ့နေရသည်ဟု ဆိုသည်။
“ရွေးကောက်ပွဲကော်မရှင်ဆိုတာက နိုင်ငံတကာမှာဆိုရင် အင်မတန်လွတ်လပ်တဲ့ Independent Body တွေဖြစ်တယ်။ အစိုးရနဲ့ မသက်ဆိုင်ဘူး။ အခုကျနော်တို့ဟာက အဲလိုပုံစံဖြစ်မနေဘူး။ ဖြစ်နေတော့က သူတို့ကို အစိုးရဖက် ယိုင်တယ်ပေါ့ဗျား။ ပြောရမယ်ဆိုရင် အစိုးရကခန့်ထားတာကိုး ခန့်ထားတော့ သူက သူ့ကိုခန့်ထားတဲ့သူကို သူကြည့်ရတာကိုး သူ့ Boss သူ့သူဌေးကို သူကြည့်ရတဲ့သဘောပေါ့ဗျား။ အဲဒါဆိုတော့က ကျနော်တို့နိုင်ငံက ကြည့်လိုက်ရရင် ဘက်လိုက်မှုကင်းကင်းနဲ့ လုပ်တာတွေက သိပ်မရှိဘူး အားနည်းတယ် အဲလိုပုံစံဗျား။ ဘက်လိုက်မှုကင်းတဲ့ ပုံစံတွေ တအားနည်းတယ်။ ဆိုတော့ ကိုယ့်ရဲ့အစိုးရဖြစ်နေတဲ့ပါတီကို အလေးသာစေမယ့် ကိစ္စတွေ လုပ်လေ့လုပ်ထရှိတယ်။” ဟု စိုင်းကျော်ညွှန့်က ပြောကြားထားသည်။
KSPP ပါတီ ဒု-ဥက္ကဋ္ဌ - ၂ ဦးကွမ်ဂေါင်အောင်ခမ်းကလည်း “အခုလက်ရှိ UEC ကိုတော့ ကျနော်တို့ လုံးဝသ ဘောမကျဘူး။သူ့လုပ်ရပ်တွေဟာလည်း ကျနော်တို့ သဘောမတူနိုင်ပါဘူး။ ကျနော်တို့ ဒါကြောင့် အနာဂတ် အတွက်တော့ အကောင်းဆုံး UEC ကို ဖွဲ့စည်းပြီးမှ လုပ်သွားရင်တော့ အကောင်းဆုံးဖြစ်ပါလိမ့်မယ် ဆိုတဲ့ ဟာကိုတော့ ပြောလိုတယ်” ဟုပြောသည်။
ထို့ပြင် UEC ၏ အောက်တိုဘာ ၁၆ ရက် ရွေးကောက်ပွဲ မကျင်းပနိုင်သည့် နယ်မြေများထုတ်ပြန် ရာတွင်လည်းမကျင်းပနိုင်သည့်နယ်မြေများ ယခင်ရွေးကောက်၌ပွဲများကထက် ပိုမိုများပြားလာသည့်အပေါ် ၎င်းတို့၏ အခွင့်အရေးများဆုံရှုံးကြောင်း တိုင်းရင်းသားပါတီများက ယုံကြည်လျက်ရှိသည်။
၂၀၂၀ ရွေးကောက်ပွဲအား ကချင်ပြည်နယ် မြို့နယ် ၁၁ မြို့နယ်မှ ကျေးရွာအုပ်စု ၁၉၂ အုပ်စု၊ ကရင်ပြည်နယ် မြို့နယ်ခြောက်မြို့နယ်မှ ကျေးရွာအုပ်စု ၅၃ အုပ်စု၊ မွန်ပြည်နယ် မြို့နယ်တစ်မြို့နယ်မှ ကျေးရွာအုပ်စု တစ် အုပ်စု၊ ပဲခူး တိုင်းဒေသကြီး မြို့နယ်နှစ် မြို့နယ်မှ ကျေးရွာအုပ်စု ၄၂ အုပ်စု၊ ရခိုင်ပြည်နယ်တွင် လုံးဝကျင်းပနိုင်ခြင်းမရှိသည့် မြို့နယ် ကိုးနယ်မြို့နယ်၊ မြို့နယ် လေးမြို့နယ်မှ ရပ်ကွက် ၁၅ ရပ်ကွက်၊ ကျေးရွာအုပ်စု ၁၃၇ အုပ်စု၊ ရှမ်းပြည်နယ်တွင် လုံးဝကျင်းပနိုင်ခြင်းမရှိသည့် မြို့နယ် ခြောက်မြို့နယ်၊မြို့နယ် ၁၇ မြို့နယ်မှ ရပ်ကွက် ရှစ်ရပ်ကွက်၊ ကျေးရွာအုပ်စု ၁၃၃ အုပ်စု စုစုပေါင်း ရွေးကောက်ပွဲ လုံးဝကျင်းပနိုင်ခြင်းမရှိတဲ့မဲဆန္ဒနယ် ၁၅ ခု၊ ရပ်ကွက် ၂၃ရပ် ကွက်နှင့် ကျေးရွာအုပ်စုပေါင်း ၅၅၈ အုပ်စုတို့တွင် လွတ်လပ်ပြီး တရားမျှတသည့် ရွေးကောက်ပွဲကျင်းပနိုင်ခြင်းမရှိသဖြင့် ရွေးကောက်ပွဲကျင်းပပြုလုပ်မည်မဟုတ်ကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ထုတ်ပြန်ထားသည်။