ရွေးကောက်ပွဲ မကျင်းပသည့်နယ်မြေ သတ်မှတ်ခြင်းကိစ္စ ၎င်းဒေသမှ မဲဆန္ဒရှင်များကို လစ်လျူရှုခြင်းဖြစ်ကြောင်း မွန်ညီညွတ်ရေးပါတီ အထွေထွေအတွင်းရေးမှူး - ၂ နိုင်လယိတမက ပြောသည်။
"အခု ကန့်သတ်လိုက်တဲ့ ဒေသတွေက မူလကတည်းက ရွေးကောက်ပွဲလုပ်မယ်လို့ ထုတ်ပြန်ထားပြီးသား ဖြစ်တယ်။ နိုင်ငံတကာရောက် မဲဆန္ဒရှင်တွေကလည်း အဲဒီဒေသတွေက မဲဆန္ဒနယ်တွေအတွက် ဆန္ဒမဲတွေ ပေးထားပြီးဖြစ်တယ်။ အခုချိန်မှာမှ ရွေးကောက်ပွဲကျင်းပဖို့ ပိတ်ပင်လိုက်တာက တရားမျှတတဲ့ ရွေးကောက်ပွဲဆိုတာကို မေးခွန်းထုတ်စရာဖြစ်လာတယ်။ ပြည်ပရောက် မဲပေးထားတဲ့ မဲဆန္ဒရှင်တွေရဲ့ဆန္ဒကို လျစ်လျူရှုတာ၊ လှောင်ပြောင်သလိုဖြစ်နေတာပေါ့"ဟု ၎င်းကပြောသည်။
ပြည်ထောင်စုရွေးကော်ပွဲကော်မရှင်၏ ရွေးကောက်ပွဲမကျင်းပဖြစ်သည့်နယ်မြေများနှင့်ပတ်သက်၍ မွန်ညီညွတ် ရေးပါတီအပါအဝင် ပေါင်းစည်း တိုင်းရင်းသားပါတီ ငါးရပ်ဖြစ်သည့် ကချင်ပြည်နယ်ပြည်သူ့ပါ တီ၊ကယား ပြည်နယ်ဒီမိုကရက်တစ်ပါတီ၊ ကရင်အမျိုးသားဒီမိုကရက်တစ်ပါတီ၊ချင်းအမျိုး သားဒီမိုကရေစီအ ဖွဲ့ချုပ်တို့ သ ဘောထားကြေညာချက် တစ်စောင်ကို အောက်တိုဘာ ၁၈ ရက် ကပူးတွဲ ထုတ်ပြန်ထားပြီးဖြစ်သည်။
ထိုထုတ်ပြန်ချက်ထဲတွင် ၂၀၂၀ ပြည့်နှစ် ပါတီစုံ ဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ ကျင်းပရန် မဲဆွယ်စည်းရုံးရေးကာလ ထက်ဝက်ကျော်လွန်လာပြီး ရွေးကောက်ပွဲ ကျင်းပရန် ရက် ၂၀ ခန့်အလိုတွင် ရွေး/ကော်အနေဖြင့် အခုလို ထုတ်ပြန်ကြေညာခြင်းသည် သက်ဆိုင်ရာဒေသက တိုင်းရင်းသားမဲဆန္ဒရှင်များ အ တွက် တရားမျှတမှု မရှိကြောင်း ဖော်ပြခဲ့သည်။
ရွေးကော်၏ ကြေညာချက်အရ ကချင်ပြည်နယ်ရှိ မြို့နယ် ၁၁ မြို့နယ်မှ ကျေးရွာအုပ်စု ၁၉၂ အုပ်စု၊ ကရင်ပြည်နယ် မြို့နယ်ခြောက်မြို့နယ်မှ ကျေးရွာအုပ်စု ၅၃ အုပ်စု၊ မွန်ပြည်နယ်ရှိ မြို့နယ်တစ်မြို့နယ်မှ ကျေးရွာအုပ်စု တစ်စုတို့ရှိ မဲဆန္ဒရှင်များအနေဖြင့် မဲပေးပိုင်ခွင့် ဆုံးရှုံးနစ်နာတော့မည်ဖြစ်ကြောင်း မွန်အပါအဝင် ပေါင်းစည်း တိုင်းရင်းသားပါတီ များက သဘောထားရှိနေကြခြင်းဖြစ်သည်။
ထို့ပြင် ရခိုင်ပြည်နယ်မှ မြို့နယ် ကိုးမြို့နယ်နှင့် အခြားလေးမြို့နယ်က ရပ်ကွက် ၁၅ ခုနှင့် ကျေးရွာအုပ်စု ၁၃၇ အုပ်စု၊ ရှမ်းပြည်နယ်မှ မြို့နယ် ခြောက် မြို့နယနှင့် အခြား ၁၇ မြို့နယ်က ရပ်ကွက် ရှစ်နှင့် ကျေးရွာအုပ်စု ၁၃၃ အုပ်စု၊ ပဲခူးတိုင်းမှ မြို့နယ်နှစ်မြို့နယ်က ကျေးရွာအုပ်စု ၄၂ အုပ်စုတို့ရှိ မဲဆန္ဒရှင်များလည်း မဲပေးပိုင်ခွင့် ဆုံးရှုံးနစ်နာရတော့မည် ဖြစ်သည်ဟု ဆိုသည်။
"မဲပေးခွင့်မရတဲ့ ဒေသတွေမှာ ရှိနေတဲ့သူတွေကလည်း နိုင်ငံသားတစ်ယောက်ပဲဖြစ်တယ်။ သူတို့ရဲ့ ရပိုင်ခွင့်၊သူတို့ရဲ့ အခွင့်အရေးအတွက် ဒီလို မလုပ်သင့်ဘူး။ အဲဒီမဲဆန္ဒရှင်တွေအတွက်လည်း ကျွန်တော် အများကြီးစာနာတယ်"ဟု နိုင်လယိတမက ပြောပါတယ်။
အဆိုပါ ရွေးကောက်ပွဲ မကျင်းပသည့်နယ်မြေ သတ်မှတ်သည့်ထုတ်ပြန်ချက်ကြောင့် ပြည်ထောင်စုရွေးကောက် ပွဲကော်မရှင်၏ ပွင့်လင်းမြင်သာမှု၊ ဘက်မလိုက်မှု၊ သမာသမတ်ကျမှု၊ ဂုဏ်သိက္ခာရှိမှုတို့အပြင် ယခုနှစ်ရွေး ကောက်ပွဲ၏ လွတ်လပ်မှု၊ တရားမျှတမှုကိုပါ မေးခွန်းထုတ်စရာ ဖြစ်စေကြောင်း ပေါင်းစည်းတိုင်းရင်းသား ငါးပါ တီက ရှုမြင်ကြောင်းဖော်ပြထားသည်။ထို့ပြင် ရွေးကောက်ပွဲ မကျင်းပတဲ့ နယ်မြေတွေက တိုင်းရင်းသားတွေကို လွှတ် တော်ပြင်ပ နိုင်ငံရေးနည်းလမ်း ရွေးချယ်လာစေဖို့ တွန်းပို့ရာ ရောက်ကြောင်း ဝေဖန်သုံးသပထားတယ်။
ထို့ကြောင့် ရွေးကော်အနေဖြင့် ထုတ်ပြန်ကြေညာချက်ကို ပြန်လည်သုံးသပ် ပြင်ဆင်ပေးရန် လိုအပ်ကြောင်း ပါတီငါးခုက အောက်တိုဘာ ၁၈ ရက် ထုတ်ပြန်ချက်ကနေတဆင့် တညီတညွတ်တည်း တိုက်တွန်းခဲ့သည်။
ရွေးကောက်ပွဲ ကျင်းပခွင့်မရတဲ့ ရခိုင်ပြည်နယ် မင်းပြားမြို့နယ်က ရခိုင်အမျိုးသား ပါတီကိုယ်စားပြု အမျိုးသားလွှတ်တော် ကိုယ်စားလှယ်လောင်း ဦးထွန်းဝင်းကျော် ခေါ် ဦးဝင်းအောင်က "အဓိကကတော့ ဒီမိုက ရေစီကို ကြွေးကြော်ပြီးတော့ တက်လာတဲ့ NLD အစိုးရလက်ထက်မှာပေါ့နော်၊ ကျွန်တော်တို့ တိုင်းရင်းသားတွေရဲ့ အခွင့်အရေး၊ စစ်မှန်သော ဖက်ဒရယ်တည်ဆောက်ရေးဆိုပြီး တောက်လျှောက်ကြွေးကြော်ပြီးလာခဲ့တာပေါ့နော်။ ဒါပေမဲ့ အခုလိုအနေအထားမျိုးမှာ အာဏာရ အစိုးရအနေနဲ့ တော်တော်များများ တိုင်းရင်းသားဒေသတွေ၊ အများစုကတော့ ရခိုင်ပြည်နယ်ပေါ့၊ ရာခိုင်နှုန်းနဲ့ပြောရင် ၆၀ ရာခိုင်နှုန်းကျော်လောက်ထိ မဲဆန္ဒနယ်တွေကို ကျွန်တော်တို့ ရွေးကောက်ပွဲ ကျင်းပဖို့ထဲကနေ ဖယ်ရှားလိုက်တာကတော့ အင်မတန်ကို ရုပ်ဆိုး အကျည်းတန်လွန်းလှပါတယ်" ဟု ပြောသည်။
Published
Tuesday, October 20, 2020
ရွေးကောက်ပွဲ မကျင်းပသည့်နယ်မြေသတ်မှတ်ခြင်းကိစ္စ ထိုဒေသမှမဲဆန္ဒရှင်များကို လစ်လျူရှုခြင်းဖြစ်ဟု မွန်ညီညွတ်ရေးပါတီပြော