နိုင်ငံရေးတွင် ကချင်အမျိုးသမီးများပါဝင်မှု အားနည်းနေသေး

နိုင်ငံရေးတွင် ကချင်အမျိုးသမီးများပါဝင်မှု အားနည်းနေသေး

နိုင်ငံရေးနယ်ပယ်တွင် ကချင်အမျိုးသမီးများပါဝင်မှု အားနည်းနေသေးကြောင်း ကချင်ပြည်နယ် ပြည်သူ့ပါတီ ဒု-ဥက္ကဌ ဒေါ်ဒွဲဘူပြောသည်။

အဆိုပါနယ်ပယ်တွင် အမျိုးသမီးပါဝင်မှု ရာခိုင်နှုန်းများပြားလာစေရန် အဓိကအချက်အနေဖြင့် အမျိုးသမီးများကိုယ်တိုင် တက်ကြွလှုပ်ရှားစွာပါဝင်ခြင်းပင်ဖြစ်ပြီး နိုင်ငံရေးပါတီများအနေဖြင့် အမျိုးသမီးများကို နိုင်ငံရေးပါတီများအနေဖြင့် စည်းရုံးနိုင်ရန်လိုအပ် ၎င်းကပြောသည်။

ကိုယ်စားလှယ်လောင်းဝင်ပြိုင်သည့် အချိန်တွင် အမျိုးသမီးများကိုကျော်၍ အမျိုးသားများက အနိုင်ရသွားခြင်းကလည်း အမျိုးသမီးပါဝင်မှုနည်းပါးရသည့် နောက်ထပ်အကြောင်းအရင်းတစ်ရပ်ဖြစ်ကြောင်း ဒေါ်ဒွဲဘူကသုံးသပ်သည်။

“နိုင်ငံရေးဆိုတာကို အမျိုးသားတွေပဲ လုပ်တဲ့အလုပ်ဆိုပြီးပဲ အမျိုးသမီးတွေကထင်တယ်။ ပြီးတော့ အမျိုးသမီးတွေလည်း ကိုယ့်မိသားစုအလုပ် အကုန်လုံးသူတို့ ခေါင်းပေါ်မှာရှိတာကိုး။ အခုကျွန်မတို့ နိုင်ငံရေးလုပ်တဲ့ အမျိုးသမီးတွေတောင်မှ အိမ်ကအလုပ်လည်း လုပ်ရသေးတာကိုး။ အဲ့လိုမျိုးတွေကြောင့် နည်းတာ။ နောက်ငွေကုန်ကြေးကျခံနိုင်မှုလည်း သိပ်မရှိဘူး” ဟု ၄င်းကပြောသည်။

လတ်တလောတွင် အမျိုးသမီးများ နိုင်ငံရေးတွင် ပါဝင်ခြင်းရှိခြင်း/မရှိခြင်းထက် အတွေးအခေါ်ပိုင်းထက်မြက်လာရန်နှင့် ဗဟုသုတအသိအမြင်ရှိလာရန် အဓိက လုပ်ဆောင်လျက်ရှိကြောင်း ကချင်ပြည်နယ်ပြည်သူ့ပါတီ ဒု-ဥက္ကဌ ဒေါ်ဒွဲဘူက ဆက်လက်ပြောသည်။

အမျိုးသမီးများကို ရှေးယခင်ကတည်းက အခွင့်အရေးများမပေးခဲ့ခြင်း၊ မျက်စိပိတ် နားပိတ်နေခဲ့ရခြင်း၊ မိန်းကလေးများအနေဖြင့် မိမိကိုယ်ကိုယ်အားနည်းသူဟု ခံယူထားခြင်း၊ လုပ်ကိုင်ဆောင်ရွက်နိုင်သည့် သတ္တိမရှိခြင်း အပြင် အိမ်မှုကိစ္စလုပ်ကိုင်ခြင်းသာ အမျိုးသမီးတို့၏ တာဝန်တစ်ရပ်ဟု ခံယူထားခြင်းတို့ကြောင့် အမျိုးသမီးများအနေဖြင့် နိုင်ငံရေးတွင် ပါဝင်မှုအားနည်းခြင်းဖြစ်ကြောင်း ပြည်ထောင်စုကောင်းကျိုးဆောင်ပါတီမှ အမျိုးသားလွှတ်တော်တွင် ဝင်ရောက်ယှဉ်ပြိုင်မည့် ကိုယ်စားလှယ်လောင်း ဒေါ်ငွားမလေးက ပြောသည်။

“အရင်ကတည်းက ကျွန်မတို့အမျိုးသမီးတွေက  အိမ်မှုကိစ္စပဲလုပ်တယ်။ အမျိုးသားတွေပဲ စစ်သားလုပ်၊ စီးပွားရေးလုပ်တယ်။ ဒီလိုအလေ့အထတွေကြောင့်လို့လည်းထင်တယ်။ အရင်တုန်းက အဲ့ဒီလိုပဲနေခဲ့တယ်။ ပြီးတော့ အခုခေတ်က မျက်စိတော့ပွင့်လာပြီ။ ဒါပေမယ့် နိုင်ငံရေးက မိန်းကလေးနဲ့မဆိုင်ဘူးလို့ ခံယူထားတာကြောင့်လည်း ဆိုင်တယ်လို့မြင်ပါတယ်” ဟု ဒေါ်ငွားမလေးက သုံးသပ်ပြောဆိုသည်။

မြန်မာနိုင်ငံတွင် အမျိုးသမီးအခန်းကဏ္ဍ မြင့်တင့်သည့်နေရာတွင် အမျိုးသမီးရေးရာမူဝါဒ များမရှိခြင်းသည် အမျိုးသမီးများ နိုင်ငံရေးမှာလှုပ်ရှားမှုတွင် ဆုံးဖြတ်ချက်ချသည့်နေရာတွင် ရောက်ရန် ခက်ခဲခြင်း၊ အမျိုးသမီးများကို ကူညီထောက်ပံ့ မှုနည်းပါးခြင်းအပြင် မီးဖိုဆောင်ဝင်သည့်ဘက်ပိုမြင်တွေ့ရသဖြင့် နိုင်ငံရေးဘက်ကို အမျိုးသမီးများနှင့် မဆိုင်နေသလို ဖြစ်နေသည်ဟု လာမည့်ရွေးကောက်ပွဲတွင် ကချင်ပြည်နယ်ပြည်သူ့ပါတီကနေ ဝင်ရောက်ယှဉ်ပြိုင်သွားမည့် လူငယ်အမျိုးသမီးဖြစ်သည့် မြစ်ကြီးနားမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်း မဆိုင်းနူးပန်ကပြောသည်။

“အဓိကက ကျွန်မတို့ အမျိုးသမီးတွေနဲ့ ပတ်သက်ပြီး ပေါ်လစီ တိတိကျကျ မရှိတာကြောင့်လို့ မြင်ပါတယ်။ ကျွန်မတို့ပါတီမှာလည်း ရှစ်ယောက်ပဲ။ အရမ်းတော့အားနည်းတယ်။ ဒါပေမယ့်ကျွန်မတို့လည်း ရှာတယ်။ မရဘူး။ ဒါကို စီမံကိန်းချပြီးတိတိကျကျ လုပ်ဆောင်သွားရမယ်။ အဲ့ဒါတွေကြောင့် အမျိုးသမီးတွေ နိုင်ငံရေးမှာ ပါဝင်လှုပ်ရှားမှု ခက်ခဲတယ်လို့မြင်ပါတယ” ဟု ၄င်းက ပြောသည်။

သက်ဆိုင်ရာအစိုးရ၏ မူဝါဒရေးဆွဲမှုနှင့် အမျိုးသမီးများ၏ အခွင့်အရေးနှင့်ပတ်သတ်၍ ကိုင်တွယ်လုပ်ဆောင်မှုအပြင် ရိုးရာအစွဲအလမ်းများက ဆုံးဖြတ်ချက်ချသည့်အခန်း ကဏ္ဍများတွင် အားနည်းသွားပြီး နိုင်ငံရေးမှာ မပါဝင်လာနိုင်ခြင်းဖြစ်ကြောင်း ထွယ်ဂျဲန်ဒါမှ ဒါရိုက်တာဒေါ်နန်ပူက သုံးသပ်ပြောဆိုသည်။

“အရည်အချင်းရှိတဲ့ အမျိုးသမီးတွေရှိပေမယ့် အရည်အချင်းရှိနေမှန်းမမြင်ရဘူး။ မြင်ရပေမယ့် တချို့နေရာမှာ နေရာမပေးတာလည်းရှိမှာပေါ့။ တချို့အမျိုးသမီးတွေတော့ မိသားစုအရေးပစ်ထားလို့မရဘူးဆိုတဲ့ ကိစ္စတွေကြောင့်လို့ တွေ့ရပါတယ်” ဟု ၄င်းကပြောသည်။

နိုင်ငံရေးတွင် အမျိုးသမီးများပါဝင်လာနိုင်ရန် ရွေးကောက်ပွဲကော်မရှင်ကနေ ဥပဒေများချမှတ်ရာတွင် ပါတီများကို မှတ်ပုံတင်ပေးသည့် အခါတွင်လည်းကောင်း မူဝါဒရေးဆွဲသည့် အခါတွင်လည်းကောင်း ကျား/မရေးရာပေါလစီများ ထည့်သွင်းရေးဆွဲရန် လိုအပ်ကြောင်း၊ အမျိုးသမီးများ ခေါင်းဆောင်နေရာတွင်ပါဝင်လာအောင် စွမ်းဆောင်ရည်မြှင့်တင့်သည့်လုပ်ငန်းများ လုပ်ဆောင်ရန်လိုအပ်ကြောင်းနှင့် နိုင်ငံတော်မှ အမျိုးသမီးများ ဖွံဖြိုးတိုးတက်ရန်အတွက် ဘတ်ဂျတ်များချမှတ်ပြီး လုပ်ဆောင်ရန်လိုအပ်ကြောင်း ဒေါ်နန်ပူကပြောသည်။

လာမည့် ၂၀၂ဝ အထွေထွေရွေးကောက်ပွဲတွင် ကချင်ပြည်နယ်အတွင်း ဝင်ရောက်ယှဉ်ပြိုင်မည့် လွတ်တော်ကိုယ်စားလှယ်လောင်း ၄ဝဝ ကျော်ရှိသည့်အထဲမှ အမျိုးသမီးလွှတ်တော်ကိုယ်စားလှယ်လောင်း ၅၅ ဦးပါဝင်ပြီး ၁၁ ရာခိုင်နှုန်းရှိကြောင်း သိရသည်။

လက်ရှိအစိုးရလက်ထက် ကချင်ပြည်နယ်လွှတ်တော်တွင် ကိုယ်စားလှယ် ၅၃ ဦးရှိသည့်အနက် အမျိုးသမီး ငါးဦးသာပါဝင်သည်။

July 3, 2021
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင် ဒေါက်တာဗညားအောင်မိုးနှင့် အဖွဲ့ဝင်အချို့၊...
July 3, 2021
ကရင်ပြည်နယ် မြဝတီမြို့ရှိ အာဇာနည်ပန်းခြံကို ဦးစပန်းခြံဟု နစကကောင်စီက...
July 3, 2021
ကျိုက်မရောအကျဉ်းထောင်မှ ဖမ်းဆီးခံထားရသူအချို့ကို ဇွန် ၃၀ ရက်က နစကကောင်စီက ပြန်လွှတ်ပေးခဲ့ရာတွင်...
July 3, 2021
မော်လမြိုင်ဆေးရုံကြီး Isolation ward 1 တွင် ဆေးကုသမှုခံယူနေသည့် ကိုဗစ်အတည်ပြုလူနာ...