ကွာရမ်တင်းဝင်နေသူများ ကြိုတင်မဲပေးနိုင်ရေး စာရင်းကောက်ယူထားပြီးဖြစ်ဟု ကချင်ပြည်နယ်ရွေးကောက်ပွဲကော်မရှင်ပြော

ကွာရမ်တင်းဝင်နေသူများ ကြိုတင်မဲပေးနိုင်ရေး စာရင်းကောက်ယူထားပြီးဖြစ်ဟု ကချင်ပြည်နယ်ရွေးကောက်ပွဲကော်မရှင်ပြော
by -
ခေါင်ညွယ် (KNG)

ကချင်ပြည်နယ်တွင် ကွာရမ်တင်းစခန်းများ၌ အသွားအလာကန့်သတ်ခံထားရသူများ ကြိုတင်မဲပေးနိုင်ရေး စာရင်းကောက်ယူမှုများပြုလုပ်ထားပြီးဖြစ်ကြောင်း သိရသည်။

 

ထိုသို့ အသွားအလာကန့်သတ်ခံထားရသူများအနေဖြင့် ကြိုတင်မဲပေးရမည်ဖြစ်ပြီး သက်ဆိုင်ရာ ရပ်/ကျေးကော်မရှင်များအနေဖြင့် ကွာရမ်တင်းစခန်းများသို့ အောက်တိုဘာ ၈ရက်မှ ၁၄ ရက် အထိ သွားရောက်စာရင်းပြုစုခဲ့ကြောင်း ကချင်ပြည်နယ် ရွေးကောက်ပွဲ ကော်မရှင်ရုံး (ခွဲ) မှ အရာရှိ ဦးထွန်းအောင်ခိုင်ကပြောသည်။

 

“ကျနော်တို့ စာရင်းလိုက်လံပြုစုတဲ့ချိန်မှာ နှစ်မျိုးတွေ့ပါတယ်။ တစ်မျိုးက မဲဆန္ဒနယ်တွင်းမဲဆန္ဒရှင်များနဲ့ မဲဆန္ဒနယ်ပြင်ပက မဲဆန္ဒရှင်များ ဆိုပြီးတွေ့နိုင်တယ်။ မဲဆန္ဒနယ်တွင်းက ကွာရမ်တင်းဝင်နေသူများကတော့ မိမိ ကွာရမ်တင်းဝင်နေတဲ့မဲဆန္ဒနယ်မှ သက်ဆိုင်ရာ ရပ်ကျေး၊ကျေးရွာကော်မရှင်အဖွဲ့ကနေပြီး ရွေးကောက်ပွဲမတိုင်မီ နှစ်ရက်အလိုမှာ လူနှစ်ဦးစေလွှတ်ပြီးမှ ကြိုတင်မဲယူပေးမှာဖြစ်ပါတယ်။ နောက်တစ်ခုကတော့ မဲဆန္ဒနယ်ပြင် ပကဆိုရင်တော့ ပုံစံ (၁၅) ထုတ်ပေးပြီးတော့ သူတို့ရဲ့ ကိုယ်ရေးအချက်လက်တွေဖြည့်ခိုင်းပါမယ်။ပြီးတော့ သူတို့နေထိုင်တဲ့ မြို့နယ်သက်ဆိုင်ရာ ရပ်ကျေးကော်မရှင်အဖွဲ့နဲ့ ချိတ်ဆက်ပြီးတော့ အသွားအလာကန့်သတ်ထား တဲ့နေရာ (သို့မဟုတ်) မြို့နယ်အတွင်း ကြိုတင်မဲပေးနိုင်ဖို့ ကွာရမ်တင်းစခန်းတာဝန်ခံများက စီစဉ်ဆောင်ရွက်ပေးမှာဖြစ်ပါတယ်” ဟု အရာရှိ ဦးထွန်းအောင်ခိုင်က ပြောသည်။

 

ကချင်ပြည်နယ်တွင် ရွေးကောက်ပွဲဆိုင်ရာ Talk show အစီစဉ်ကို အောက်တိုဘာ ၁၀ ရက်က ပြုလုပ်ခဲ့ရာ အသွားအလာကန့်သတ်ခံထားရသူများအနေဖြင့် ကြိုတင်မဲပေးနိုင်ရေးနှင့်ပတ်သက်၍ စီစဉ်ဆောင်ရွက် ထားရှိများအား ပြောကြားစဉ် ဦးထွန်းအောင်ခိုင်က အထက်ပါအတိုင်း ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။

 

မဲဆန္ဒနယ်ပြင်ပမှ မဲဆန္ဒရှင်များ၏ ကိုယ်ရေးအချက်လက်များအား ၎င်းတို့နေထိုင်ရာဒေသတွင် မဲစာရင်းပါ ရှိ၊ မရှိ သိနိုင်ရန် ကိုယ်ရေးအချက်လက်များအား ၎င်းတို့ဖြည့်စွပ်ထားသည့် လိပ်စာအတိုင်း ပေးပို့မည်ဖြစ်ကာ အပြန်လှန်ချိတ်ဆက်ဆောင်ရွက်ပြီးနောက် အချက်လက်မှန်ကန်တိကျပါက အောက်တိုဘာ ၂၈ ရက်နေ့မှ ၃၁ ရက်တွင်း ကြိုတင်မဲပေးရမည်ဖြစ်ကြောင်း ၎င်းကဆက်ပြောသည်။

 

ကချင်ပြည်နယ်တွင် လက်ရှိချိန်ထိ ကွာရမ်တင်းစခန်းပေါင်း ၆၅၈ ခုရှိပြီး အောက်တိုဘာလ ၁၅ ရက်နေ့ထိ အသွားလာကန့်သတ်ထားသူ  ၃၂၈၂ ဦးရှိကြောင်း ကချင်ပြည်နယ်ကျန်းမာရေးဦးစီးဌာန၏ စာရင်းအရသိရသည်။

 

ကချင်ပြည်နယ် တစ်ပြည်နယ်လုံးတွင် အောက်တိုဘာလ ၁၅ ရက်နေ့ထိ ပိုးတွေ့လူနာပေါင်း ၈၁ ဦးရှိခဲ့ပြီး ၎င်းတို့ထဲမှ ပိုးတွေ့လူနာအများဆုံးသည် ဖားကန့်မှဖြစ်ကာ ၅၃ ဦးရှိပြီဖြစ်ကြောင်းသိရသည်။

 

ယခုအခါ ကချင်ပြည်နယ်အစိုးရက ဖားကန့်မြို့နယ်တွင်းရှိ ရပ်ကွက်၊ ကျေးရွာတချို့အား Stay at home သတ်မှတ်ထားကာ ပြည်သူများအနေဖြင့်လည်း အတတ်နိုင်ဆုံး မိမိနေအိမ်တွင်သာနေထိုင်ရန် ညွှန်ကြားထားပြီးဖြစ်သည်။

 

ထို့ကြောင့် ပိုးတွေ့လူနာအများဆုံးဖြစ်သည့် ဖားကန့်မြို့နယ်တွင် ကြိုတင်မဲပေးခြင်းအတွက် ပုံစံ ၁၅ ဖြင့်လုပ်ဆောင်ရာတွင် ပိုမိုအခက်ခဲကြုံနေရကြောင်း ဖားကန့်မြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ အရာရှိဦးအောင်ကျော်သူကပြောသည်။

 

“ပုံစံ (၁၅) နဲ့တောင်းဆိုတာမျိုးဆိုရင် မဲစာရင်းပါမပါစီစစ်ရတယ်။ တစ်ကယ်လို့ မပါဘူးဆိုရင် သူပေးခဲ့တဲ့လိပ်စာမှာ နေထိုင်ခြင်းရှိ၊ မရှိ ရပ်ကျေးတွေလိုက်ပြီးတော့မှ ရှာဖွေခိုင်းရတာမျိုးရှိတယ်။ အဲလိုရှာဖွေတဲ့ချိန်မှာ ကိုဗစ်ကြောင့် တစ်ရပ်ကွက်နဲ့တစ်ရပ်ကွက်မသွားရ၊ မလာရ၊ စည်းမကျော်ရ အခြေနေတွေရှိတဲ့တွက် သွားရှာတဲ့အပိုင်းမှာ ခက်ခဲတွေရှိတယ်။ ကြန့်ကြာတယ်။ တစ်ချို့ဆိုရင် လိပ်စာအတိအကျမဟုတ်တဲ့တွက် လိုက်ရှာရတာ ရမ်းခက်ခဲတယ်” ဟု ဦးအောင်ကျော်သူက ဆက်လက်ပြောသည်။

 

လာမည့် ၂၀၂၀ ရွေးကောက်ပွဲတွင် ကချင်ပြည်နယ်တစ်ပြည်နယ်လုံး မဲပေးခွင့်ရှိသည့် မဲဆန္ဒရှင်ပေါင်း ၁၁ သိန်းနီးပါးရှိကာ မဲရုံပေါင်း ၉၁၀ ရှိပြီး ဝင်ရောက်ယှဉ်ပြိုင်မည့်ပါတီပေါင်း ၁၉ ပါတီရှိသည်။

Most read this week

July 3, 2021
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင် ဒေါက်တာဗညားအောင်မိုးနှင့် အဖွဲ့ဝင်အချို့၊...
July 3, 2021
ကရင်ပြည်နယ် မြဝတီမြို့ရှိ အာဇာနည်ပန်းခြံကို ဦးစပန်းခြံဟု နစကကောင်စီက...
July 3, 2021
ကျိုက်မရောအကျဉ်းထောင်မှ ဖမ်းဆီးခံထားရသူအချို့ကို ဇွန် ၃၀ ရက်က နစကကောင်စီက ပြန်လွှတ်ပေးခဲ့ရာတွင်...
July 3, 2021
မော်လမြိုင်ဆေးရုံကြီး Isolation ward 1 တွင် ဆေးကုသမှုခံယူနေသည့် ကိုဗစ်အတည်ပြုလူနာ...