နှင်းဆီပါတီ၏ ဥက္ကဋ္ဌဖြစ်သူ ဦးကျော်မြင့်သည် တရားမဝင်သော စီးပွားရေးလုပ်ငန်းများနှင့် ကိုယ်စားလှယ်လောင်းများကို ထောက်ပံ့ပေးထားသည်ဟူသော အချက်များအား ပြည်ထဲရေးမှ ရွေးကောက်ပွဲကော်မရှင်သို့ ပေးပို့ထားပြီးဖြစ်ကြောင်း နိုင်ငံတော်သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးကပြောသည်။
“ကျွန်တော်တို့ တွေ့ရှိရတာတော့ ဥပဒေနဲ့ကိုက်ညီမှုမရှိဘူး။ ဒါကို ရွေးကောက်ပွဲကော်မရှင်ကိုလည်း ပေးပို့ထားပြီးဖြစ်တယ်။ ပါတီဆက်လက်ရပ်တည်ဖို့ကတော့ ကျွန်တော်တို့နဲ့မဆိုင်ပါဘူး” ဟု ဦးဇော်ဌေးက ပြောသည်။
နေပြည်တော်တွင်အောက်တိုဘာလ ၁၅ ရက်က ပြုလုပ်သည့် နိုင်ငံတော်သမ္မတရုံး၏ အထူးသတင်းစာရှင်းလင်းပွဲတွင် ၎င်းက အထက်ပါအတိုင်းပြောကြားခဲ့ခြင်းဖြစ်သည်။
ဦးကျော်မြင့်လုပ်ငန်းများနှင့်ပတ်သက်၍ လတ်တလောစစ်ဆေးတွေ့ရှိချက်များအရ နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဆိုင်ရာ ဥပဒေနှင့် ကိုက်ညီမှုမရှိကြောင်း၊ နိုင်ငံတွင်း တရားဝင်နေထိုင်ခြင်း စသည့်အချက်များ တွေ့ရှိရသော်လည်း ပါတီဆက်လက်ရပ်တည်နိုင်ခြင်း ရှိ/မရှိကို ရွေးကောက်ပွဲကော်မရှင်ကသာ ဆုံးဖြတ်ရမည်ဖြစ်သည်ဟုဆိုသော်လည်း နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဆိုင်ရာ ဥပဒေနှင့် ကိုက်ညီမှုမရှိသဖြင့် ပါတီဖျက်သိမ်းခံရနိုင်သည်အထိ ရှိနေခြင်းဖြစ်သည်။
လက်ရှိတွင် နှင်းဆီပါတီ၏ ရငွေ၊ သုံးငွေများ လာရောက်အစစ်ဆေးခံရန် သက်ဆိုင်ရာရွေးကောက်ပွဲကော်မရှင်က အောက်တိုဘာ ၁၄ ရက်က ဆင့်ခေါ်ခဲ့သော်လည်း ပါတီဘက်က လာရောက်ဖြေရှင်းခြင်းမရှိသေးသလို မည်သို့ အရေးယူဆောင်ရွက်ရန်ရှိသည်ကိုလည်း အသေးစိတ် မသိရသေးချေ။
နှင်းဆီပါတီ၏ လွှတ်တော်ကိုယ်စားလှယ်လောင်းများကို ပါတီဥက္ကဋ္ဌပိုင် မြန်မာကျော်ကုမ္ပဏီက ၂၀၁၈ ခုနှစ်ကတည်းက စတင်ထောက်ပံ့ခဲ့ခြင်းဖြစ်ပြီး ထောက်ပံ့ငွေပေါင်း ၁၂ ဘီလီယံကျော်ရှိကြောင်း၊ လက်ရှိတွင် နှင်းဆီပါတီဥက္ကဌ ဦးကျော်မြင့်ကို ဖမ်းဆီးထားပြီး ၎င်းပိုင်ဆိုင်သော ပိုင်ဆိုင်မှုများကို ဆက်လက်စိစစ်နေကြောင်း၊ ဦးကျော်မြင့်က အမျိုးသားမှတ်ပုံတင်အတု ကိုင်ဆောင်ထားပြီး ယင်းမှတ်ပုံတင်ထဲတွင် လူမျိုးအမည်ကို ကိုးကန့်/ကချင်ဟုဖော်ပြထားကြောင်း သိရသည်။
ဦးဇော်ဋ္ဌေးက “တိုင်းဒေသကြီး၊ ပြည်နယ်၊ ခရိုင်ပါတီဝင်တွေကို တစ်ဦးလျှင် အနည်းဆုံး နှစ်သိန်းကိုးသောင်းက နေ သုံးသိန်းကိုးသောင်းအထိ ထောက်ပံ့ပါတယ်။ လွှတ်တော် ကိုယ်စားလောင်း ၇၁၆ ဦးကို တစ်ဦးကို သုံးသိန်းနှုန်းထောက်ပံ့ပေးထားပါတယ်” ဟု ပြောသည်။
ဦးကျော်မြင့်နှင့် ပတ်သက်၍ စစ်ဆေးမှုများ ဆက်လက်ပြုလုပ်ပြီး ထွက်ပေါ်လာသော ရလဒ်များအရ ပုဒ်မများတပ်ကာ တရားစွဲဆိုသွားမည်ဖြစ်ကြောင်း၊ လက်ရှိတွင် ရဲဘက်ပြေးမှု၊ တရားမဝင်ငွေကြေးလွှဲပြောင်းမှု၊ ကုန်သွယ်မှုများ အပါအဝင် ရွေးကောက်ပွဲကော်မရှင်ဥပဒေတို့နှင့် တရားစွဲဆိုသွားမည်ဖြစ်ကြောင်း သိရသည်။
လက်ရှိစွဲဆိုထားသည့် ထောင်ပြေးမှု ပုဒ်မ ၂၂၄ အပြင် ရာဇသတ်ကြီးပုဒ်မများ၊ နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေပါပုဒ်မများ၊ လူဝင်မှုကြီးကြပ်ရေးဥပဒေဆိုင်ရာ ပုဒ်မများဖြင့်လည်း ဆောင်ရွက်သွားရန်ရှိသည်ဟု ဦးဇော်ဌေးကပြောသည်။
“လုပ်ငန်းတွေကို တရားဝင်လျှောက်ထားဆောင်ရွက်ခဲ့ခြင်းမရှိတဲ့အပြင် အကောက်အခွန်ပေးဆောင်ခဲ့တဲ့ မှတ် တမ်းတစ်စုံတစ်ရာ မရှိပါဘူး။ တရုတ်နိုင်ငံဘက်မှာရှိတဲ့ ငွေလွှဲလုပ်ငန်းလုပ်ကိုင်သူတွေက တစ်ဆင့် ငွေကျပ် ၁၆ ဒသမ ၃၁၅ ဘီလီယံကျော် လွှဲပြောင်းရယူထားပါတယ်” ဟု စုံစမ်းစစ်ဆေးမှုရလဒ်များကို ၎င်းကရှင်းပြခဲ့သည်။
ယင်းငွေကြေးများ ရယူလက်ဝယ်ထားသုံးစွဲခြင်းသည် ၂၀၁၄ ခုနှစ်၊ ငွေကြေးခဝါချမှုတိုက်ဖျက်ရေး ဥပဒေ ပုဒ်မ ၄၃ အရ ၁၀ နှစ်အထိထောင်ဒဏ်ဖြစ်စေ၊ ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်နိုင်သည်။
မြန်မာကျော်ကုမ္ပဏီမှာ ဦးကျော်မြင့်နှင့် ဒေါ်မျိုးဟေမာန်၊ ဒေါ်ခင်မေစုလှိုင်တို့က ဒါရိုက်တာအဖြစ် တာဝန်ယူထားပြီး ရုံးလုပ်ငန်းအုပ်ချုပ်ရေးနှင့် အခြားစီးပွားရေးလုပ်ငန်းများကို ထောက်ပံ့ပေးသောလုပ်ငန်းဖြစ်ကြောင်း၊ ယခုအခါ သက်တမ်းကုန်နေပြီး ပို့ကုန်/သွင်းကုန် ခွင့်ပြုပေးထားခြင်းမရှိကြောင်း၊ ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ ခွင့်ပြုချက်ရယူထားခြင်းမရှိကြောင်း သိရသည်။
Published
Saturday, October 17, 2020
နှင်းဆီပါတီဥက္ကဋ္ဌအား ကနဦးစစ်ဆေးချက် ပုဒ်မများစွာနှင့်ငြိစွန်း