NLD လွှတ်တော်ကိုယ်စားလှယ်လောင်းသုံးဦး ဖမ်းဆီးခံရမှု အကြမ်းဖက်ပုဒ်မဖြင့် အမှုဖွင့်ဆောက်ရွက်နေဟု တောင်ကုတ်မြို့နယ်ရဲမှူးပြော

NLD လွှတ်တော်ကိုယ်စားလှယ်လောင်းသုံးဦး ဖမ်းဆီးခံရမှု အကြမ်းဖက်ပုဒ်မဖြင့် အမှုဖွင့်ဆောက်ရွက်နေဟု တောင်ကုတ်မြို့နယ်ရဲမှူးပြော
by -
ထွန်းခိုင် (နိရဥ္စရာ)

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီ၏ ကိုယ်စားလှယ်လောင်းသုံးဦး ဖမ်းဆီးခံရမှု အကြမ်းဖက်ပုဒ်မဖြင့် အမှုဖွင့်ပြီး ဆောင်ရွက်နေကြောင်း တောင်ကုတ်မြို့နယ် ရဲတပ်ဖွဲ့မှ ရဲမှူးသန်းနိုင်ကပြောသည်။

ဖမ်းဆီးခေါ်ဆောင်သွားခြင်းခံရသူများမှာ NLD မှ ရခိုင်ပြည်နယ် စည်ပင်ဝန်ကြီးဟောင်း ဦးမင်းအောင်၊  ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်း ဒေါ်နီနီမေမြင့်နှင့် လက်ရှိအမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဒေါ်ချစ်ချစ်ချောတို့ဖြစ်ကြောင်း သိရသည်။

လက်ရှိအချိန်တွင် ဖမ်းဆီးခံထားရသူ လွှတ်တော်ကိုယ်စားလှယ်လောင်းများကို မြို့နယ်ကျော်၍ ဖမ်းဆီးခေါ်ဆောင်သွားကြောင်း သတင်းရရှိထားသည်ဟု ရဲမှူးသန်းနိုင်ကပြောသည်။

“ဒီဖမ်းဆီးခေါ်ဆောင်မှုနဲ့ပတ်သက်ပြီး အကြမ်းဖက်မှုပုဒ်မနဲ့ အမှုဖွင့်အရေးယူဆောင်ရွက်နေပါတယ်။ ကျွန်တော်တို့ကတော့ သတင်းတွေကို ခြုံပြီးတော့လိုက်နေတာပေါ့နော်။ လောလောဆယ် ပေါင်းစပ်နေတယ်။ တောင်ကုတ်အပိုင်ထဲမှာ မရှိဘူး။ သူတို့ ခေါ်ထုတ်သွားတာက တစ်နေရာပေါ့။ ဘယ်အဖွဲ့က ခေါ်သွားတယ်ဆိုတာကို ကျွန်တော်တို့က ခန့်မှန်းတာမဟုတ်ပါဘူး။ အတိကျပြောမယ်ဆိုရင် AA ပေါ့။ နောက် ဘယ်သူရှိဦးမှာလဲ။ ရခိုင်ပြည်နယ်မှာ ဘုန်းကြီးကျောင်းကလည်းလာမခေါ်ဘူး။ ထမင်းစားဖို့ လာဖိတ်တာမှ မဟုတ်တာ” ဟု ရဲမှူး ဦးသန်းနိုင်က ပြောသည်။

၎င်းတို့သုံးဦးသည် တောင်ကုတ်မြို့နယ်၊ ဖောင်းခါးကျေးရွာသို့ အောက်တိုဘာ ၁၄ ရက် နံနက် ၁ဝ နာရီခန့်က မဲဆွယ်စည်းရုံးရေးသွားစဉ် လက်နက်ကိုင်လူတစ်စုမှ ဖမ်းဆီးခေါ်ဆောင်သွားခြင်းဖြစ်ကြောင်း တောင်ကုတ်မြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးတင်သိန်းအောင်က ပြောသည်။

“သူတို့က မနေ့မနက်မဲဆွယ်စည်းရုံးရေးလုပ်ဖို့ လုပ်သွားတဲ့အချိန်မှာ လက်နက်ကိုင်ဆောင်ထားတဲ့လူတစ်စုက လာရောက်ဖမ်းဆီးသွားတာပါ။ သူတို့ထမင်းစားဖို့ လုပ်နေတဲ့အချိန်မှာ ဝင်ဖမ်းသွားတာပါ” ဟု ၎င်းကပြောသည်။

ကိုယ်စားလှယ်လောင်း သုံးဦးကို မည်သည့်အဖွဲ့အစည်းက ဖမ်းဆီးသွားသည်ကို ယခုအချိန်အထိ တိတိကျကျ မသိရှိရသေးကြောင်းဦးတင်သိန်းအောင်က ဆက်လက်ပြောသည်။

“ဘယ်အဖွဲ့အစည်းကဆိုတာတော့ ကျွန်တော်တို့လည်း မသိသေးပါဘူး။ သက်ဆိုင်ရာ ရဲစခန်းတွေကို တိုင်ကြားထားပါတယ်။ စိုးရိမ်ရတာပေါ့ဗျာ” ဟု ၎င်းကပြောသည်။

စည်ပင်ဝန်ကြီးဟောင်း ဦးမင်းအောင်သည် တောင်ကုတ်မြို့နယ် အမှတ် (၂) ပြည်နယ်လွှတ်တော် နေရာတွင်ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်ပြီး ဒေါ်နီနီမေမြင့်မှာလည်း တောင်ကုတ်မြို့နယ် ပြည်သူ့လွှတ်တော်နေရာတွင် ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်ကာ ဒေါ်ချစ်ချစ်ချောသည် တောင်ကုတ်မြို့နယ် အမျိုးသားလွှတ်တော်နေရာတွင် ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်ကြောင်း သိရသည်။

လက်ကိုင်လူတစ်စုအနေဖြင့် လွှတ်တော်ကိုယ်စားလှယ် သုံးဦးအား ဖမ်းဆီးခေါ်ဆောင်သွားသော်လည်း မဲဆွယ်ခရီးစဉ်တွင် အတူရှိနေသည့် NLD ပါတီဝင်သုံးဦးဖြစ်သော မအေအေးနိုင်၊ ဦးသက်ထွန်း (ခ) ဖိုးထောင်နှင့် ကိုသန့်ဇင်ဖြိုး တို့ကို ဖမ်းဆီးခေါ်ဆောင်သွားခဲ့ခြင်းမရှိကြောင်း သိရသည်။

ကိုယ်စားလှယ်လောင်းသုံးဦးကို ဖမ်းဆီးခေါ်မှုနှင့်ပတ်သက်၍ AA လက်နက်ကိုင်အဖွဲ့အား ဆက်သွယ်မေးမြန်းအတည်ပြုရန်လိုအပ်သော်လည်း ဥပဒေအရတားမြစ်မှုများရှိသဖြင့် မိမိတို့သတင်းမီဒီယာအနေဖြင့် သီးသန့်မေးမြန်းအတည်ပြုနိုင်ခြင်းမရှိပါ။

July 3, 2021
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင် ဒေါက်တာဗညားအောင်မိုးနှင့် အဖွဲ့ဝင်အချို့၊...
July 3, 2021
ကရင်ပြည်နယ် မြဝတီမြို့ရှိ အာဇာနည်ပန်းခြံကို ဦးစပန်းခြံဟု နစကကောင်စီက...
July 3, 2021
ကျိုက်မရောအကျဉ်းထောင်မှ ဖမ်းဆီးခံထားရသူအချို့ကို ဇွန် ၃၀ ရက်က နစကကောင်စီက ပြန်လွှတ်ပေးခဲ့ရာတွင်...
July 3, 2021
မော်လမြိုင်ဆေးရုံကြီး Isolation ward 1 တွင် ဆေးကုသမှုခံယူနေသည့် ကိုဗစ်အတည်ပြုလူနာ...