ပြည်မပါတီကြီးတွေရဲ့ တိုင်းရင်းသားတွေအပေါ် ပေးခဲ့တဲ့ ကတိကဝတ် တကယ်ဖြည့်ဆည်း ပေးခဲ့လား

ပြည်မပါတီကြီးတွေရဲ့ တိုင်းရင်းသားတွေအပေါ် ပေးခဲ့တဲ့ ကတိကဝတ် တကယ်ဖြည့်ဆည်း ပေးခဲ့လား

၂ဝ၁၅ ခုနှစ် မဲဆွယ်ကာလဖြစ်တဲ့ အောက်တိုဘာလ ၄ ရက်နေ့က လက်ရှိ အာဏာရပါတီခေါင်းဆောင် နိုင်ငံတော်အတိုင်ပင်ခံခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်က မိုးညှင်းမြို့ကို မဲဆွယ် စည်းရုံးရေးလာရောက်ခဲ့ပါတယ်။

“ ဒီဒေသဟာ ရှမ်းနီတိုင်းရင်းသားတွေအများဆုံးဆိုတာ ကျွန်မနားလည်ပါတယ်။ ကျွန်မတို့ကိုအမြဲတမ်း မိတ်ဆွေလို မဟာမိတ်ကောင်းလို့ဆက်ဆံခဲ့တဲ့အတွက် ကျေးဇူးတင်တယ်။ ဒီကျေးဇူးတွေလည်းမမေ့ပါဘူး” ဆိုတဲ့ စကား ရှမ်းနီတိုင်းရင်းသားတွေ ၅ နှစ်ပြည့်တော့မယ့်တိုင် သတိရနေကြဆဲဖြစ်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်လာရောက်မဲဆွယ်ပြီးနောက်ပိုင်း မိုးညှင်းဒေသရှိ ရှမ်းနီတိုင်းရင်းသားတို့ရဲ့ ယုံကြည်မှုရရှိပြီး တစ်မြို့လုံးနီးပါး NLD ကိုမဲထည့်ခဲ့ကြပါတယ်။ ရွေးကောက်ပွဲအနိုင်ရပြီးနောက် ရှမ်းနီတိုင်းရင်းသားတွေရဲ့ အခွင့်အရေးတချို့ကို တောင်းဆိုပေးဖို့ အာဏာရပါတီရဲ့  လွှတ်တော်အမတ်တချို့ကို ကမ်းလှမ်းပေမယ့်လည်း မရခဲ့ကြပါဘူး။ “ ပြည်ထောင်စုလွတ်တော်ထဲမှာ ရှမ်းနီပါတီတွေက ကိုယ်စားလှယ်ရှိလို့ အဆိုတင်ရင် ထောက်ခံပေးမယ်ဆိုတဲ့ သဘောလောက်ပြန်ပြောဆိုခဲ့ကြပါတယ်။

စီမံခန့်ခွဲမှုမမျှတမှုတွေကြောင့်လည်း ရှမ်းနီတိုင်းရင်းသားတွေ နေထိုင်တဲ့ ကချင်ပြည်နယ်နဲ့ စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်းက အခွင့်အရေးရမှုခြင်း ကွာခြားပါ တယ်။ အာဏာရပါတီရဲ့ ပေါ့ပါးတဲ့ကတိကဝတ်ဖြစ်တဲ့ လမ်းခင်းပေးမှုများ ၊ ကျေးရွာမီးလင်းရေးစသည့်အချက်တွေက ရှမ်းနီတိုင်းရင်းသားတွေအတွက် တစ်ခုမျှပင်မရတဲ့ အချက်ဖြစ်ပါတယ်။ ကိုယ်ထူကိုယ်ထ ကျေးလက် ဆေးရုံတည်ဆောက်ထားသည့်တိုင် တရားမဝင်ဟုဆိုကာ ရပ်နားထားစေမှုများနှင့်လည်းကြုံတွေ့နေခဲ့ကြရပါ တယ်။ ဒီရက်ပိုင်း အာဏာရပါတီခေါင်းဆောင်က Infographic တွေနဲ့ ကဏ္ဍအလိုက်အောင်မြင်မှုတွေကို သူမရဲ့ လူမှုကွန်ရက် facebook စာမျက်နှာကနေဖော်ပြနေပါတယ်။ ထိုထဲကမှ လျှပ်စစ်နဲ့ လမ်းပန်းဆက်သွယ်ရေး ကဏ္ဍတွေမှာ ဗန်းမောက်၊ ဟုမ္မလင်း ၊ ခန္တီး ၊ ပင်လည်ဘူး က ဒေသခံအတွက်တော့ အကြုံးမဝင်ခဲ့ပါဘူး ။ မီးမ ရရှိလာတဲ့အပြင် ဒေသခံတွေအတွက် သဘာဝပတ်ဝန်းကျင် ထိခိုက်ပျက်စီးနေမှုများ ၊ စီးပွားရေးကြပ်တည်းမှုများက ခံစားနေကြရတာလည်းဖြစ်ပါတယ်။ ဒေသခံတွေကို အကြောင်းမကြားပဲ လွှတ်တော်ကိုယ်စားလှယ်တွေက အကြီးစားသတ္တုတူးဖော်မှုလုပ်ငန်းများကို လုပ်ဆောင်ဖို့ သဘောတူညီကြောင်းလည်း သတင်းမီဒီယာတွေမှာ ဖော်ပြနေကြပါတယ်။ တချို့သောဒေသတွေမှာ သဘာဝပတ်ဝန်းကျင်၏ အရင်းအမြစ်ထုတ်ယူပြီး ကိုယ်ကျိုးအတွက် အသုံးပြုနေမှုတွေရှိနေတဲ့ လွှတ်တော်အမတ်တွေကိုလည်း အရေးယူနိုင်ခဲ့ခြင်းမရှိပါဘူး။ အာဏာရပါတီ ရဲ့ အတိတ်က ရွေးကောက်ပွဲကတိကဝတ်တချို့ပဲဖြစ်ပါတယ်။

“ပြောင်းလဲချိန်တန်ပြီ” ဆိုတဲ့ ဆိုလိုဂရမ်ကလည်း တိုင်းရင်းသားတို့ရဲ့က အမှန်တကယ်ပြောင်းလဲချင်ခဲ့ ကြပါတယ်။ ပြည်တွင်းငြိမ်းချမ်းရေးအတွက်လည်း များစွာ မျှော်လင့်ခဲ့ကြတယ်။ မျှော်လင့်အတိုင်းလည်း ဖြစ်စေချင်ခဲ့ပါတယ်။ ဒါပေမယ့် တိုးတက်မှုက မျှော်လင့်တလောက်ဖြစ်မလာခဲ့ပါဘူး။ တစ်ချို့သောကာလမှာ ငြိမ်းချမ်းရေးက လမ်းစပျောက်ဆုံးနေသလောက်ဖြစ်နေတာကို တွေ့မြင်ခဲ့ရပါတယ်။ တိုင်းရင်းသားတွေကိုပေးတဲ့ကတိ ကဝတ်အတွက် အားလုံးအကောင်အထည်ဖော်ဖို့ မဆိုသာနှင့် တချို့သော တိုင်းရင်းသားတွေရဲ့ ဆန္ဒအနည်းအကျည်းကိုပင် လိုက်လျှောနိုင်ခဲ့ခြင်းမရှိပါဘူး။ “ ပြောင်းလဲချိန်တန်ပြီ” ဆိုတဲ့စကားလုံးက တိုင်းရင်းသားတွေ အတွက် မဟုတ်ဘဲ ပြည်မမှာရှိတဲ့ ပြည်သူတွေအတွက်ပဲဖြစ်လာခဲ့ပါတယ်။ တိုင်းရင်းသားတွေမကြိုက်မနှစ်သက်တဲ့ ဖွဲ့စည်းပုံပြင်ဆင်ရေးလည်း အခရာကျခဲ့ပါတယ်။ ဒါပေမယ့် ပြင်ဆင်နိုင်ခဲ့ခြင်းမရှိပါဘူး။ တစ်စိတ်တစ် ပိုင်းပြင်ဆင်နိုင်ခြင်းလည်း မစွမ်းသာခဲ့ကြပါဘူး။ ဒီအချက်တွေက တိုင်းရင်းသားတွေကိုပေးခဲ့တဲ့ကတိအပြင်တစ် နိုင်ငံလုံးကို ပေးထားခဲ့တဲ့ကတိတွေဖြစ်ပါတယ်။ ဒါပေမယ့်လည်း လာမယ့်ရွေးကောက်ပွဲအတွက် မေးခွန်းထုတ်စရာဖြစ်လာခဲ့ပါတယ်။ တိုင်းရင်းသားတွေရဲ့ အကူအညီပါမှ ပြည်တွင်းငြိမ်းချမ်းရေး ၊ ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံ တော်ဆီကို ဦးတည်သွားနိုင်မှာဖြစ်ပါတယ်။

“ တိုင်းရင်းသားပါတီတွေကို မဲပေးရင်လည်း တိုင်းရင်းသားအခွင့်အရေးပိုတိုးရလာမှာမဟုတ်ဘူး။ NLD ကိုမဲပေးမှ တိုင်းရင်းသားအခွင့်အရေးရလာမယ်လို့ NLD ဒုဥက္ကဌ ဒေါက်တာဇော်မြင့်မောင်က မီဒီယာတွေ့ဆုံမှုတွေမှာပြောဆိုပါတယ်။

တိုင်းရင်းသားတွေ  NLD ကိုမဲပေးခဲ့ကြပါတယ်။ တိုင်းရင်းသားအခွင့်အရေးမည်မျှတိုး တက်သွားသလဲဆိုတာလည်း မေးခွန်းရှိနေပါတယ်။ မြန်မာနိုင်ငံ၏ သတင်းစာလွတ်လပ်ခွင့် ၊ လွတ်လပ်စွာထုတ် ဖော်ပြောဆိုခွင့်တွေဟာ လက်ရှိအစိုးရလက်ထက်မှာကျဆင်းလာခဲ့ပါတယ်။ တိုင်းရင်းသားတွေမကြိုက်မနှစ်သက်တဲ့ လုပ်ရပ်များစွာလည်းပြုလုပ်ခဲ့ကြပါတယ်။ သတိထားမိတဲ့ တစ်ချက်က တိုင်းရင်းသားအခွင့်အရေးတွေထက် ဗိုလ်ချုပ်အောင်ဆန်းကြေးရုပ်တု က တိုင်းရင်းသားဒေသမြို့အားလုံးမှာ စိုက်ထူထားခြင်းပဲဖြစ်ပါတယ်။ ငါးနှစ်တာကာလအတွင်းမှာ ဗိုလ်ချုပ်ရုပ်ထုမရှိသည့် မြို့ပင်အလွန်ရှားသွားခဲ့ပါတယ်။ ကြေးရုပ်ထုစိုက်ထူတဲ့ကိစ္စ ကို ကန့်ကွက်တဲ့တိုင်းရင်းသားတွေက တရားစွဲဆိုခံခဲ့ရတဲ့အဖြစ်လည်းရှိခဲ့ပါတယ်။

လာမည့် ၂ဝ၂ဝ ခုနှစ်အထွေထွေရွေးကောက်ပွဲအတွက် မဲဆွယ်စည်းရုံးမှုတွေလည်း စတင်နေကြပြီဖြစ် ပါတယ်။ ဒီနေရာမှာ ပါတီတွေက ကတိကဝတ်အသစ်တွေကို ပြန်ပေးကြပါတယ်။ ပြန်လည်ပြင်ဆင်ထားတဲ့ ဆိုလိုဂရမ်အသစ် မူဝါဒအသစ်တွေ နည်းလမ်းအသစ်တွေနဲ့ မဲဆွယ်မှုတွေကို ပြုလုပ်နေကြပါတယ်။  ကိုဗစ်ရောဂါပိုး ကူးစက်မှုနှုန်းက တရိပ်ရိပ်တက်လာလို့ ကန့်သတ်ချက် အမျိုးမျိုးနဲ့ ကြုံနေကြရပါတယ်။ ကယားပြည်နယ်ကလွဲလို့ ကျန်တဲ့ပြည်နယ်နဲ့ တိုင်းအားလုံး ကိုဗစ်ရောဂါပိုးကူးစက်သူအနည်းနှင့်အများရှိနေ ကြဆဲဖြစ်ပါတယ်။ ဒီလိုတွေကြောင့် ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက ရောဂါထိန်းချုပ်နိုင်ဖို့ ကန့်သတ် ချက်အမျိုးမျိုး ထားရှိခဲ့ပါတယ်။ အားနည်းတဲ့တိုင်းရင်းသားပါတီတွေအတွက် အလွန်ခက်ခဲနေကြပါတယ်။ ပြည်မ ပါတီတွေကတော့ ကန့်သတ်ချက်တွေကို လက်တစ်လုံးခြားလုပ်ပြီး ဝန်းရံသူများ၏လုပ်ရပ်ဟုသာဆိုပြီး လူသောင်းပိုင်းခန့် လူစုလူဝေးနဲ့ ပါတီစည်းရုံးရေးလုပ်ဆောင်နေကြပါတယ်။ တိုင်းရင်းသားပါတီများအတွက်က လူ သုံးလေးဆယ်ခန့်ဖြင့်သာ စည်းရုံးရေးလုပ်ဆောင်နေကြရပါတယ်။ ပြည်မပါတီတွေကလည်း ကတိကဝတ်အသစ်တွေနဲ့ တိုင်းရင်းသားတွေကို ပြန်လည်ပေးလာခဲ့ပါပြီ။  ပြည်မပါတီကြီးတိုင်းလို “ တိုင်းရင်းသားအရေးနှင့် ငြိမ်းချမ်းရေး  ၊ ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စုစနစ်ဖြစ်ပေါ်ရေး ၊ ဖွဲ့စည်းပုံအခြေခံပြင်ဆင်ရေး ၊အသစ်ရေးဆွဲရေး စသည့် မူဝါဒတွေပြန်ပါလာခဲ့ပါတယ်။ ကတိကဝတ်တွေ ၊ ကြေညာစာတမ်းတွေဟာ တိုင်းရင်းသား အရေးအပေါ်အခြေခံထားကြတာများပါတယ်။ သို့ပေမယ့် အာဏာရသွားလျှင် တိုင်းရင်းသားအရေးကမှေးမှိန်သွားပြီးပြည်မမှာရှိတဲ့ သူတွေရဲ့အရေးကိုသာ အလေးပေးကြပါတယ်။

၂ဝ၂ဝ ရွေးကောက်ပွဲလည်း နီးလာခဲ့ပြီဖြစ်ပါတယ်။ ပြည်မပါတီတွေကလည်း ယခင်ကထက်ပိုများလာပါတယ်။ ကတိကဝတ်များစွာပေးကြနေကြပြီဖြစ်ပါတယ်။ ကတိကဝတ်တွေကလည်း အားရစရာအားတက်စရာပါ။ သို့ပေမယ့်လည်း ကတိကဝတ်တွေကို အကောင်အထည်အမှန်တကယ်ဖော်နိုင်မလားဆိုတာ တိုင်းရင်းသား အသီးသီးကစဉ်းစားကြရမယ့် အချိန်ဖြစ်ပါတယ်။ (၁ဝ) နှစ်တာကလ အတွေ့အကြုံများစွာရှိခဲ့ကြပြီဖြစ်ပါတယ်။ အစိုးရနှစ်ဆက်၏ တိုင်းရင်းသားတွေအပေါ် ကောင်းချက် ဆိုးချက်များကို ကိုယ်တိုင်လေ့လာကြပြီး လာမယ့်အစိုးရအသစ်အတွက် ကိုယ်ပိုင်ဆုံးဖြတ်ချက်တွေနဲ့ မဲပေးရမှာဖြစ်ပါတယ်။ မဟုတ်ရင် တိုင်းရင်းသားအခွင့်အရေး တွေဆိုတာ နေပြည်တော်က ယဉ်ကျေးမှုပြခန်းထဲက အရုပ်လေးတွေအဖြစ်သာ ရှိနေမှာဖြစ်ပေ တော့မှာဖြစ်ပါတယ်။ လာမည့် ၂ဝ၂ဝ ရွေးကောက်ပွဲအတွက်ကတော့ တိုင်းရင်းသားတွေက မိမိတိုင်းရင်းသားပါတီတွေကိုမဲပေးမလား  ပြည်မပါတီတွေကို မဲပေးမလားဆိုတာ မိမိကိုယ်တိုင်သာ စဉ်းစားဆုံးဖြတ်ဖို့လိုပါတယ်။ သို့ပေမယ့်လည်း တိုင်းရင်းသားတွေက ကိုယ့်အားကိုသာကိုးပြီး မိမိဖာသာပြောင်းလဲချိန်တန်ပြီဖြစ်တယ် ဆိုတဲ့အကြောင်း သုံးသပ်ရမိပါတယ်။

ကွမ်းခေးလျှန်း ရေးသားသည်။

Most read this week

November 23, 2024
မန္တလေးတိုင်းဒေသကြီးနဲ့ စစ်ကိုင်းတိုင်းဒေသကြီးတို့ကနေတဆင့် အိန္ဒိယနိုင်ငံအထိ ...
November 22, 2024
ကချင်ပြည်နယ်အတွက် စက်သုံးဆီခွဲတမ်း( Purchase Order – PO)ကို  မြစ်ကြီးနားမြို့တစ်ခုတည်းကိုသာ...
November 20, 2024
တော်လှန်ရေးကာလ သုံးနှစ်ကျော်ကြာမြင့်လာချိန် ပင်လည်ဘူးမြို့နယ်က ကလေးငယ်တွေဟာ ကျောင်းပညာရေးကို...
November 20, 2024
ရှမ်းပြည်နယ်မြောက်ပိုင်းရှိ တအာင်းလက်နက်ကိုင်တပ်ဖွဲ့  PSLF/TNLA...