ဦးကျော်မြင့် အမှုဖွင့်ဖမ်းဆီးခံရမှု ချောက်တွန်းခံရခြင်းဖြစ်နိုင်ကြောင်း UDP ပါတီဝင်တချို့ ကာကွယ်ပြောဆို

ဦးကျော်မြင့် အမှုဖွင့်ဖမ်းဆီးခံရမှု ချောက်တွန်းခံရခြင်းဖြစ်နိုင်ကြောင်း UDP ပါတီဝင်တချို့ ကာကွယ်ပြောဆို

ညီညွတ်သောဒီမိုကရစ်တစ်ပါတီ (UDP) ဥက္ကဌ ဦးကျော်မြင့် ထောင်ပြေးမှု ရာဇသတ်ကြီး ပုဒ်မ ၂၂၄ ဖြင့် အမှုဖွင့်ဖမ်းဆီးခံရမှု ချောက်တွန်းခံရခြင်းဖြစ်နိုင်ကြောင်း ပါတီဝင်တချို့က ကာကွယ်ပြောဆိုခဲ့သည်။

ဦးကျော်မြင့် အမှုဖွင့်ဖမ်းဆီးခံရသည်ဟုဆိုသော်လည်း အပုပ်ချပြောဆိုချောက်တွန်းခြင်းဖြစ်နိုင်ပြီး ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်အနေဖြင့် ဥက္ကဌ၏ နောက်ခံသမိုင်းနှင့် ပါတီ၏ နောက်ခံသမိုင်းအား မစုံစမ်း၊ မစစ်ဆေးပဲ ပါတီထောင်ခွင့်ပေးခဲ့မည်မဟုတ်ကြောင်း  UDP ပါတီ ဖားကန့်မြို့နယ် စည်းရုံးရေးမှူး ဦးဇေလွမ်းက ပြောသည်။

“သတင်းတွေက တိကျခိုင်လုံမှုမရှိသလိုပေါ့နော်။ ကျွန်တော်တို့ယုံကြည်တာကျတော့ နိုင်ငံတော်ကနေ၊ ကော်မရှင်ကနေ ကျွန်တော်တို့ ဒီပါတီထောင်ခွင့်ပေးတယ်ဆိုတာတော့ သူ့ရဲ့ နောက်ခံသမိုင်းကို နိုင်ငံတော်ဘက်ကနေ မထောက်လှမ်းပဲနဲ့ပေါ့ ပါတီထောင်ခွင့်ပေးမှာမဟုတ်ဘူးလို့ထင်တယ်” ဟု ဦးဇေလွမ်းကပြောသည်။

UDP ပါတီဥက္ကဌရဲ့ ရာဇဝင်အား တိကျခိုင်မာစွာရှင်းပြပေးရန် တောင်းဆိုထားပြီး ရှင်းလင်းမှုမရှိခဲ့ရင် ပါတီမှ နုတ်ထွက်မည်ဟု ပြောဆိုထားသည့် ကချင်ပြည်နယ် ပြန်ကြားရေးတာဝန်ခံတစ်ဦးဖြစ်ပြီး ဝိုင်းမော်မြို့နယ် ပြည်နယ်မဲန္ဒနယ် အမှတ် ၁ မှ ဝင်ရောက်ယှဉ်ပြိုင်မည့် ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်လောင်း ဦးဂဲနက်(စ်)က ၎င်းအနေဖြင့် ပါတီမှနုတ်ထွက်ထားပြီးဖြစ်၍ ယခုဖြစ်စဉ်အား ပြောစရာမရှိကြောင်း မှတ်ချက်ပြုသည်။

“သူက အခုလက်ရှိမှာပေါ့နော် မီဒီယာတွေဖတ်ရတယ် ဒီပုဒ်မ ၂၂၄ ဆိုတာ ထွက်ပြေးပေါ့။ အရပ်ဘက်ပြေးပုဒ်မဖြစ်တယ်။ ဒီအရပ်ဘက်ပြေးပုဒ်မဆိုတာ အမှန်တကယ် ထောင်ကနေ ထွက်ပြေးခဲ့တာ မှန်တယ်ဆိုရင်တော့ ထိုက်သင့်တဲ့ ပြစ်ဒဏ်ကျခံရမှာ မလွဲမသွေပဲလေ။ အခုရက်ပိုင်းအတွင်းမှာ ဗီဒီယို Clip တစ်ခုမှာပေါ့ ဒီပါတီဥက္ကဌကနေ တိကျတဲ့ အချက်အလက်တွေရှိတယ်ဆိုရင် လာရောက်ဖမ်းဆီးပါ။ မြန်မာနိုင်ငံရဲတပ်ဖွဲ့ကို စော်ကားတာပဲ လာရောက်ဖမ်းဆီးပါ ဆိုပြီးတော့ ပြောထားတာအထိ အဲတော့ အဲကိစ္စနဲ့ပတ်သက်ပြီးတော့ ဖြေရှင်းရမှာဖြစ်တဲ့အတွက် အထွေအထူး ဘာမှ မှတ်ချက်ပြုမပြောလိုပါဘူး” ဟု ဦးဂဲနက်(စ်)က ပြောသည်။

၂၀၁၅ ရွေးကောက်ပွဲတွင် NLD ပါတီမှ ဝင်ရောက်ယှဉ်ပြိုင်ခဲ့သည့် ကချင်ပြည်နယ်အစိုးရအဖွဲ့မှ သံယံဇာတနှင့် သဘောဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဟောင်း ဦးHလအောင်သည် ယခု ၂၀၂၀ ရွေးကောက်ပွဲတွင် နှင်းဆီပါတီကိုယ်စားပြု ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်သည်။

၎င်းအနေဖြင့် လက်ရှိအချိန်တွင် နှင်းဆီပါတီ အမျိုးသားလွှတ်တော်မဲဆန္ဒနယ်အမှတ် ၁၁ တွင် မဲဆွယ်စည်းရုံးရေးများ ပြုလုပ်နေလျက်ရှိသည်။

“ကျွန်တော်တို့က ပြောရေးဆိုခွင့်မရှိဘူး။ ကျွန်တော်တို့က ပြောပိုင်ခွင့်မရှိဘူး။ သူကပြောပြီးပြီလေ အဲတိုင်းပဲပေါ့ ကျွန်တော်တို့က အဲတိုင်းပဲလက်ခံရမှာလေ။ ကျွန်တော်တို့က နှင်းဆီပါတီဝင်ဖြစ်နေပြီလေ။ ဥက္ကဌကြီးပြောတဲ့အတိုင်းပဲပေါ့။ ကျွန်တော်တို့ ဘာမှမြင်စရာလည်းမရှိဘူး။ သူကဘာလဲဆိုတာလည်း ပြောပြီးသွားပြီ ကျွန်တော်တို့ကတော့ အခု ပြည်သူလူထုကို သူ့ရဲ့ ၁၂ ချက်ကို ရှင်းပြတယ်။ ဒီထက်ပိုပြီးမှလည်း ပြောလို့မရဘူး ဒါပဲရှင်းပြပြီးမှ စည်းရုံးရေးလည်း အဲလိုပဲသွားနေပါတယ်။ လမ်းညွှန်ချက်တိုင်းပဲ သွားနေကြတာပေါ့” ဟုပြောသည်။

ညီညွတ်သောဒီမိုကရက်တစ်ပါတီ UDP ဥက္ကဌကြီးမှ တာဝန်ယူဆောင်ရွက်ပေးမည့် အချက် ၁၂ ချက်နှင့် မဲဆွယ်စည်းရုံးရေးပြုလုပ်နေခြင်းဖြစ်ပြီး ငါးနှစ်အတွင်းတွင် မြန်မာနိုင်ငံအား စင်္ကာပူနိုင်ငံထက်သာအောင် ဆောင်ရွက်ပေးနိုင်သည်ဆိုသော အချက်များပါဝင်သည်။

နှင်းဆီပါတီအနေဖြင့် လာမည့် အထွေထွေရွေးကောက်ပွဲတွင် ကချင်ပြည်နယ်မှ မဲဆန္ဒနယ် ၇၀ လုံးတွင် ဝင်ရောက်ယှဉ်ပြိုင်သွားမည်ဖြစ်၍ တစ်နိုင်ငံလုံးအတိုင်းအတာအနေဖြင့် မဲဆန္ဒနယ်ပေါင်း ၁၁၃၁ နေရာတွင် ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်ပြီး တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် မဲဆန္ဒနယ်များ ဝင်ရောက်ယှဉ်ပြိုင်ရာတွင် NLD ပြီးနောက် ဒုတိယအများဆုံးဝင်ပြိုင်သည့် ပါတီတစ်ခုဖြစ်ကြောင်း သိရသည်။

နှင်းဆီပါတီဥက္ကဌ ဦးကျော်မြင့် (ခ) ဇခုန်းဇုန်းဆောင်အား စက်တင်ဘာ ၂၉ ရက်နေ့က ၎င်းနေထိုင်ရာ ပန်းလှိုင်အိမ်ရာတွင် ဖမ်းဆီးခဲ့ပြီး ထောင်ပြေးမှု ရာဇသတ်ကြီး ပုဒ်မ ၂၂၄ ဖြင့် အမှုဖွင့်ကာ ၂၄ နာရီအတွင်း မန္တလေးအိုးဘိုထောင်သို့ ပို့ဆောင်ခဲ့ကြောင်းသိရသည်။ 

July 3, 2021
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင် ဒေါက်တာဗညားအောင်မိုးနှင့် အဖွဲ့ဝင်အချို့၊...
July 3, 2021
ကရင်ပြည်နယ် မြဝတီမြို့ရှိ အာဇာနည်ပန်းခြံကို ဦးစပန်းခြံဟု နစကကောင်စီက...
July 3, 2021
ကျိုက်မရောအကျဉ်းထောင်မှ ဖမ်းဆီးခံထားရသူအချို့ကို ဇွန် ၃၀ ရက်က နစကကောင်စီက ပြန်လွှတ်ပေးခဲ့ရာတွင်...
July 3, 2021
မော်လမြိုင်ဆေးရုံကြီး Isolation ward 1 တွင် ဆေးကုသမှုခံယူနေသည့် ကိုဗစ်အတည်ပြုလူနာ...