မွန်လက်နက်ကိုင်နယ်မြေအတွင်း မဲဆွယ်ရေး မွန်ပါတီမှလွဲ၍ မည်သည့်ပါတီမှ အဝင်မခံကြောင်း အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်၊ ကရင်ပြည်နယ် အောင်နိုင်ရေးကော်မတီ ဥက္ကဌ ဦးသန်းနိုင်က ပြောသည်။
“ကြာအင်းဆိပ်ကြီးလိုနေရာမျိုးမှာဆိုရင် ဘယ်လိုဖြစ်လဲ ဆိုတော့ မွန်ပြည်သစ်ဆိုရင် ကျနော်တို့ ပါတီ တွေကို အဝင်မခံပါဘူး။ ကျနော်တို့ ပါတီတင်မဟုတ်ပါဘူး။ ဘယ်ပါတီမဆိုပေါ့နော်၊ မွန်နဲ့ပတ်သက်တဲ့ ပါတီတွေ လောက်ပဲ ဝင်လို့ရပါတယ်။ ဒါမျိုးလေးတွေက နည်းနည်းလေး မျှတမှု မဖြစ်တဲ့ကိစ္စလေးတွေပါ” ဟု ဦးသန်းနိုင်က ပြောသည်။
NLD ပါတီ ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည် နှင့် ကချင်၊ ကယားနှင့် ကရင်ပြည်နယ် အောင်နိုင်ရေးကော်မတီ ဥက္ကဌ များ ဆွေးနွေးပွဲကို စက်တင်ဘာ ၂၉ ရက်နေ့၊ နံနက်ပိုင်းတွင် အွန်းလိုင်းမှတဆင့် ပြုလုပ်ခဲ့ပြီး ကရင်ပြည်နယ် အောင်နိုင် ရေးကော်မတီဥက္ကဌဦးသန်းနိုင်က အထင်ပါအတိုင်း ပြောခဲ့ခြင်း ဖြစ်သည်။
အဆိုပါ လက်နက်ကိုင်အဖွဲ့များအနေဖြင့် ကိုဗစ်ဗိုင်းရပ်စ် အကြောင်းပြ၍ မဲဆွယ်စည်းရုံအတွက်အဝင်မခံခြင်း ဖြစ်ပြီး ၎င်းကိစ္စသည် အကြောင်းပြချက်သက်သက်သာဖြစ်သည်ဟု ၎င်းက ဆက်လက်ပြောသည်။
ထို့ပြင် NLD အနေဖြင့် ကရင်ပြည်နယ်အတွင်း ပါတီမဲဆွယ် စည်းရုံးရေး ဆင်းရာတွင်အချို့ကျေးရွာများက ရွာထိပ် ၌ ကိုဗစ်ကာကွယ်ရေးဟုဆိုကာတားဆီးစစ်ဆေးမှု ထားရှိသည်များကိုလည်း ကြုံရပြီး အုပ်ချုပ်ရေးမှူးများနှင့် ညှိနှိုင်းကာ ကိုဗစ်ကာကွယ်ရေး နည်းလမ်းများအတိုင်း မဲဆွယ်ရခြင်းများလည်း ရှိသည်ဟု ၎င်းက ပြောသည်။
ကိုဗစ်ကာကွယ်ရေးအတွက် ယခုလို ကျေးရွာများ သတိရှိသည်မှာ ကောင်းမွန်းကြောင်း ကရင်ပြည်နယ်ကိုလည်း ထိုင်းပြန်အလုပ်သမားများကို စနစ်တကျလက်ခံပေးခဲ့ပြီး ကိုဗစ်ကာကွယ်ရေးလုပ်ငန်းများကို ပူးပေါင်းလုပ်ဆောင် ခဲ့သည့်အတွက် ကျေးဇူးတင်ကြောင်း NLD ပါတီ ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်က ပြောသည်။
“အခုရွာလေးတွေထဲမှာ ဆိုရင်တော့ ကိုဗစ်ဖြစ်မှုကို စိုးရိမ်ပြီးတော့ စည်းရုံးရေးတွေလာတဲ့အခါကျ သူတို့ သတိနဲ့ လက်ခံတဲ့ အနေအထားဆိုရင် လုံးဝဆိုးတာ မဟုတ်ပါဘူး။ ဒီလိုသတိရှိတာ ကောင်းပါတယ်” ဟု ၎င်းက ပြောသည်။
ထို့အပြင် ကရင်ပြည်နယ် NLD အောင်နိုင်ရေးကော်မတီ အနေဖြင့် ပြည်နယ်အတွင်းရှိ မဲရုံ ၈၅၅ ရုံအတွက် မဲရုံးကိုယ်စား လှယ် ၁၅၀၀ ဦးကို သင်တန်းများ အပြည့်အဝပေးထားပြီး ဖြစ်သလို ပါတီကိုယ်စားလှယ်လောင်း အသစ် ၁၃ ဦးကို လည်း ပါတီဗဟို၏ လမ်းညွှန်ချက်များအားတွေ့ဆုံရှင်းလင်း ပြောဆိုမှုများပြုလုပ်ထားသည်ဟု ကော်မတီ ဥက္ကဌ က ဆက်ပြောသည်။
၂၀၁၅ ရွေးကောက်ပွဲတွင် ပြည်နယ်အတွင်း NLD ပါတီ ရှုံးနိမ့်ခဲ့သည့် ဖာပွန်မြို့နယ်တွင်လည်း ယခင်ကထက် အားပေး တက်ကြွမှုရှိနေသည်ဟု ဦးသန်းနိုင်က ဆက်ပြောသည်။
ကရင်ပြည်နယ်တွင် NLD ပါတီအနေဖြင့် ၂၀၁၅ ရွေးကောက်ပွဲက ဖာပွန်မြို့နယ်၌ ငါးနေရာ၊ သံတောင်ကြီးနှင့် ကြာအင်းဆိပ်ကြီးမြို့နယ်တို့တွင် တစ်နေရာစီ ရှုံးနိမ့်ခဲ့ပြီး ကျန်နေရာအများစုကို အနိုင်ရရှိခဲ့သည်။
ယနေ့ ပြုလုပ်သည့် NLD ပါတီ ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်နှင့် ကချင်၊ ကယား၊ ကရင်ပြည်နယ် အောင်နိုင်ရေး ကော်မတီ ဥက္ကဌများ အွန်းလိုင်းဆွေးနွေးပွဲတွင် ကချင်ပြည်နယ်အတွင်း မြို့နယ်အလိုက် အောင်နိုင်ရေး လုပ်ဆောင်မှုအခြေအနေ၊ ကယားပြည်နယ်တွင် အောင်နိုင်ရေးလုပ်ဆောင်မှုအခြေအနေများကို ပါတီ ဥက္ကဌထံ သက်ဆိုင်ရာ ပြည်နယ်အောင်နိုင်ရေး ကော်မတီ ဥက္ကဌ အသီးသီးက တင်ပြခဲ့သည်။