ကချင်ပြည်နယ် နေရာတစ်ချို့တွင် မိုးသည်းထန်စွာရွာသွန်းပြီး တောင်ပြိုကျမှုကြောင့် လမ်းများပျက်ကာ မဲဆွယ်ရေးအတွက် ခက်ခဲလျက်ရှိကြောင်း ပြည်နယ်အခြေစိုကနိုင်ငံရေးပါတီများက ပြောသည်။
စက်တင်ဘာလ ၈ ရက်နေ့မှစကာ မဲဆွယ်ကာလအဖြစ် သတ်မှတ်ကြေညာပြီးနောက် လွှတ်တော်ကိုယ်စားလှယ်များသည် မိမိတို့ဝင်ရောက်ယှဉ်ပြိုင်မည့် မဲဆန္ဒနယ်အသီးသီးတွင် မဲဆွယ်မူစည်းရုံးခြင်းများ ပြုလုပ်နေကြရာ ယခုလအတွင်း မိုးသည်းထန်စွာရွာသွန်းမှုကြောင့် တောင်ပြိုကာ လမ်းများသွားမရ၍ မဲဆွယ်မရသောနေရာများစွာရှိနေကြောင်း ကချင်ပြည်နယ်ပြည်သူ့ပါတီ (KSPP) မှ ချီဖွေမြို့နယ်မဲဆန္ဒနယ် (၁) မှ ကိုယ်စားလှယ်လောင်း ဦးယိန်းခေါကပြောသည်။
“ဒီမနက် (၂၈ ရက်) အထိ မိုးကဆက်တိုက်ရွာနေတာ ဘယ်လိုမှ သွားလို့မရဘူးဖြစ်နေတယ်။ ပြီးတော့ ကျွန်တော့်မဲဆန္ဒနယ်ဘက်ဆို လဆန်းကတည်းက မိုးရမ်းရွာလို့ လမ်းပျက်နေတာနဲ့ လမ်းပိတ်တဲ့နေရာတွေရှိတဲ့ချိန်ကျတော့ ဘယ်လိုသွားရမလဲတောင် မသိတော့ဘူး။ မဲဆွယ်ကာလက သူ့အလိုလိုနဲ့တစ်ပြည့်တော့မယ်။ သွားရမယ့်နေရာတွေက လမ်းတွေပျက်နေတော့ မဲဆွယ်သွားဖို့ အရမ်းကိုခက်ခဲနေပါတယ်” ဟု ၎င်းကပြောသည်။
ချီဖွေမြို့နယ်တွင် လာမည့် ၂၀၂ဝ ရွေးကောက်ပွဲတွက် မဲထည့်လို့ရမည့် မဲဆန္ဒရှင်လူဦးရေ စုစုပေါင်း နှစ်သောင်းကျော်ရှိပြီး ယခုလမ်းပျက်နေ၍ သွားမရသည့်ဘက်တွင် မဲဆန္ဒရှင်ဦးရေ တစ်သောင်းခွဲခန့်ရှိကြောင်း ၎င်းကဆက်ပြောသည်။
လာမည့် ၂၀၂ဝ အထွေထွေရွေးကောက်ပွဲသည် ယခင် ၂၀၁၅ ရွေးကောက်ပွဲနှင့်မတူသည့်အပြင် ကပ်ရောဂါကာလဖြစ်နေသည့်အတွက် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့်အတိုင်း မဲဆွယ်စည်းရုံးရာတွင် လူဦးရေ ၅၀ ထက်မပိုဘဲ စည်းရုံးဟောပြောရန်မှာလည်း ခက်ခဲများရှိနေသည့်အပြင် ရာသီဥတုကြောင့် လမ်းပန်းဆက်သွယ်ရေးများပါ ပြတ်တောက်နေသည့်တွက် ခက်ခဲများစွာ ကြုံတွေ့နေကြရကြောင်း ၎င်းကဆက်ပြောသည်။
ကချင်ပြည်နယ်အတွင်း ယခုလအတွင်း မိုးသည်းထန်စွာရွာသွန်းခြင်းကြောင့် မြစ်ရေတက်ကာ ရေကြီးရေလျှံနေသည့်အပြင် လမ်းများပိတ်ဆို့မှုများ နေရာတော်တော်များများတွင် ဖြစ်နေခြင်းဖြစ်သည်။
“ခုချိန်က မဲဆွယ်စည်းရုံးရေးအချိန်ဖြစ်တော့ သက်ဆိုင်ရာအစိုးရကနေတစ်ဆင့် လမ်းပန်းဆက်သွယ်ရေးကို အမြန်ဆုံး ဆောင်ရွက်ရင်ကောင်းမယ်ထင်တယ်။ ဘာဖြစ်လို့လဲဆိုရင် ဒီလိုသာဆက်ထားမယ်ဆိုရင် မလိုလားအပ်တဲ့ ပြသာနာတွေ ဖြစ်လာလိမ့်မယ်” ဟု နောင်မွန်းမြို့နယ် ဒေသခံတစ်ဦးဖြစ်သည့် ဦးကူရှင်မင်းကဆိုသည်။
ကချင်ပြည်နယ်တွင် လာမည့် ၂၀၂ဝ ရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်မည့် ပါတီပေါင်း ၁၉ ပါတီရှိပြီး မဲပေးခွင့်ရှိသူ ၁၁ သန်းခန့်ရှိကာ မဲရုံပေါင်း ၉၀၀ ကျော်ဖွင့်လှစ်ရန်လျာထားကြောင်း သိရသည်။
“ကျနော်တို့ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတွေမှာ အများအားဖြင့် နယ်ဘက်မှာ လမ်းဆိုလို့ နာမည်ဘဲရှိတယ်။ အရင်ကတည်းက လမ်းမကောင်းတဲ့ကြားက ခုမိုးကလည်း ပြန်ရွာဆိုတော့ သွားရေးလာရေး တော်တော်ခက်တယ်။ မဲဆွယ်ကာလနှစ်လမှာ ကိုယ့်ရဲ့မဲဆန္ဒနယ်စုံအောင် ရောက်နိုင်မလားတောင်မသိတော့ဘူး” ဟု နာဂပါတီမှ ဥက္ကဌ ဦးရူမောင်က ညည်းတွားသည်။
Published
Monday, September 28, 2020
ကချင်တွင် မိုးသည်းပြီး တောင်ပြိုကာ လမ်းများပျက်နေသဖြင့် ပါတီများမဲဆွယ်ရေး ခက်ခဲကြုံ