မသန်စွမ်းများမဲပေးရန် ကျန်းမာရေးဆိုင်ရာ စည်းကမ်းချက်တချို့က အတားအဆီးဖြစ်နေ

မသန်စွမ်းများမဲပေးရန် ကျန်းမာရေးဆိုင်ရာ စည်းကမ်းချက်တချို့က အတားအဆီးဖြစ်နေ

၂၀၂၀ အထွေထွေရွေးကောက်ပွဲတွင် မသန်စွမ်းများမဲပေးရန် ကျန်းမာရေးဆိုင်ရာ သတ်မှတ်တစ်ချို့က အတားအဆီးဖြစ်နေကြောင်း ကချင်ပြည်နယ် မြစ်ကြီးနားမြို့ မျက်မမြင်ကျောင်းမှ ကျောင်းအုပ်ဦးဂမ်ဖန်က ပြောသည်။

မသန်စွမ်းများအနေဖြင့် ၂၀၁၅ ရွေးကောက်ပွဲတုန်းက မဲပေးရာတွင် အခက်အခဲများရှိခဲ့သော်လည်း ယခုအခါ ကိုဗစ်ကာလတွင် ကျန်းမာရေးဆိုင်ရာ စည်ကမ်းချက်တချို့ကြောင့် မဲပေးရန် ပိုမိုခက်ခဲသည့် အခြေအနေများ ဖြစ်လာကြောင်းနှင့် ယင်းအခက်အခဲများကြောင့် မဲပေးခွင့် မဆုံးရှုံးစေရေး ရွေးကောက်ကော်မရှင်အနေဖြင့် နားလည်မှုဖြင့် ကူညီပေးရန် တောင်းဆိုထားသည်ဟု ၎င်းကပြောသည်။

“ဥပမာပြောရရင် သူတို့ချမှတ်ထားတဲ့ Social Distancing ပေါ့။ ၆ ပေအကွာလို့ ထုတ်ပြန်ထားတာလေ။ အမြင်အာရုံ မသန်စွမ်းသူများက လက်တွဲပြီးလာရတဲ့သဘောရှိတော့ တံဆိပ်တွေ နှိပ်ရမယ့်အချိန်ဆို တွဲသွားရတယ်လေ။ အဲ့ဒါလေးကိုတော့ နားလည်ပေးဖို့ တောင်းဆိုထားပါတယ်” ဟု ဦး ဂမ်ဖန်ကပြောသည်။

ယခုအခါ မသန်စွမ်းများအတွက် နည်းဥပဒေများ ထွက်ရှိပြီဖြစ်သည့်အတွက် ရွေးကောက်ပွဲကော်မရှင်အနေဖြင့် မသန်စွမ်းအမျိုးအစားခွဲကာ တိတိကျကျ လိုက်လံစာရင်းကောက်ရန်လိုအပ်ပြီး မသန်စွမ်းအမျိုးအစားများကို သိရှိထားမှသာ မဲပေးသည့်အချိန် အဆင်ပြေစေရန် ကြိုတင်ဆောင်ရွက်စရာရှိသည်များကို ကြိုတင်လုပ်ဆောင်ထားနိုင်မည်ဖြစ်ကြောင်း ကချင်ပြည်နယ် ကိုယ်အင်္ဂါမသန်စွမ်းသူများဥက္ကဋ္ဌ ဦးဂျီဇုန်းဆောင်က ပြောသည်။

“စာရင်းကောက်တဲ့အချိန် မသန်စွမ်းအမျိုးအစား သေချာကောက်မှ ကျွန်တော်တို့ မသန်စွမ်းတွေအတွက် မဲရုံမှူးတွေက ဆောင်ရွက်ပေးနိုင်မှာ ဖြစ်ပါတယ်။ အဲဒီလို စာရင်းကောက်တဲ့အချိန်မှာ သေချာမကောက်ခဲ့ရင် ကျွန်တော်တို့အတွက် အများကြီး အခက်အခဲကြုံ ရတယ်” ဟု ဦးဂျီဇုန်းဆောင်က ပြောသည်။

ထို့ပြင် ၂၀၁၅ ရွေးကောက်ပွဲတုန်းက မသန်စွမ်းများကို တိတိကျကျ စာရင်းကောက်မထားသဖြင့် Wheel Chairများ၊ ချိုင်းထောက်များ၊ အကြို/အပို့များ မလုပ်ဆောင်ထားသည့်အတွက် မဲပေးရာတွင် များစွာခက်ခဲခဲ့ကြောင်း ၎င်းက ဆက်လက်ပြောသည်။

“ကျွန်တော်ကိုယ်တိုင် တစ်နေကုန် သာမန်လူတွေနဲ့ ညောင်းကိုက်ပြီး မဲရုံထဲမှာ တန်းစီတဲ့အထဲ ပါနေတယ်။ မတိုးနိုင်ဘူး။ မတ်တပ်ရပ်ရတာ ညောင်းလာတယ်။ ချိုင်းထောက်နဲ့ဖြစ်တယ်ဆိုတော့။ လေဖြတ်တဲ့လူတွေ၊ နှစ်ဖက်မသန်တဲ့သူတွေ မဲတော့သွားထည့်ရမှာ မဲရုံအနေနဲ့ Wheel Chair တို့၊ အကြိုအပို့တို့၊ ချိုင်းထောက်တို့ ဘာမှမရှိဘူးဆိုတော့ ကျွန်တော်တို့မသန်စွမ်းတွေအတွက်တော့ အခက်ခဲအများကြီးကြုံတွေ့တာကို သွားတွေ့ရတယ်” ဟု ဦးဂျီဇုန်းဆောင်က ပြောသည်။

မသန်စွမ်းမဲဆန္ဒရှင်များ အကြောင်းအမျိုးမျိုးကြောင့် မဲရုံသို့မသွားနိုင်ပါက ကြိုတင်မဲပေးရန် ရပ်/ကျေးကော်မရှင်သို့ ဆက်သွယ်နိုင်ပြီး အိမ်တိုင်ရာရောက် လာရောက်ကောက်ခံပေးမည်ဖြစ်ကာ ကြိုတင်မဲမပေးချင်သူများအနေဖြင့် ရွေးကောက်ပွဲနေ့တွင် ကိုယ်တိုင်လာရောက်မဲ ပေးခွင့်ရှိသည်ဟု ဆိုသည်။

“သူနဲ့ အဆင်ပြေမယ့်နည်းလမ်းကို ရွေးလို့ရတယ်။ ဥပဒေအရ အကုန်လုံးရွေးချယ်ခွင့် ရှိတယ်” ဟု ကချင်ပြည်နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ရုံးခွဲမှ ဒုတိယညွှန်ကြားရေးမှူး၊ ရွေးကောက်ပွဲအရာရှိ ဦးထွန်းအောင်ခိုင်က ပြောသည်။

အမြင်အာရုံမသန်စွမ်းသူများအတွက် ၎င်းတို့ ပေးလိုသည့်အချိန်တွင် မဲပေးနိုင်ရန် ယခင်ရွေးကောက်ပွဲတွင်လည်း စီစဉ်ဆောင်ရွက်ပေးခဲ့ပြီး သက်ကြီးရွယ်အိုများအတွက်လည်း တန်းစီနေရခြင်းမျိုးမဖြစ်စေရန် ဦးစားပေးဆောင်ရွက်ခဲ့ကြောင်း ဦးထွန်းအောင်ခိုင်က ပြောသည်။

၂၀၂၀ ခုနှစ် အထွေထွေရွေးကောက်ပွဲကို နိုဝင်ဘာလ ၈ ရက်တွင် ကျင်းပသွားမည်ဖြစ်ပြီး ကချင်ပြည်နယ်အတွင်း မသန်စွမ်းမဲဆန္ဒရှင် ၂၀၀၀ နီးပါးရှိကြောင်း ပြည်နယ်ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲရုံးမှ သိရသည်။

Most read this week

July 3, 2021
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင် ဒေါက်တာဗညားအောင်မိုးနှင့် အဖွဲ့ဝင်အချို့၊...
July 3, 2021
ကရင်ပြည်နယ် မြဝတီမြို့ရှိ အာဇာနည်ပန်းခြံကို ဦးစပန်းခြံဟု နစကကောင်စီက...
July 3, 2021
ကျိုက်မရောအကျဉ်းထောင်မှ ဖမ်းဆီးခံထားရသူအချို့ကို ဇွန် ၃၀ ရက်က နစကကောင်စီက ပြန်လွှတ်ပေးခဲ့ရာတွင်...
July 3, 2021
မော်လမြိုင်ဆေးရုံကြီး Isolation ward 1 တွင် ဆေးကုသမှုခံယူနေသည့် ကိုဗစ်အတည်ပြုလူနာ...