ကမန်အမျိုးသားတိုးတက်ရေးပါတီ၏ မူဝါဒနှင့် ရွေးကောက်ပွဲ ကတိကဝတ်များ

ကမန်အမျိုးသားတိုးတက်ရေးပါတီ၏ မူဝါဒနှင့် ရွေးကောက်ပွဲ ကတိကဝတ်များ
by -
ထွန်းခိုင် (နိရဥ္စရာ)

ကမန်အမျိုးသားတိုးတက်ရေးပါတီသည် မူဝါဒ ငါးရပ်ကို ချမှတ်ထားပြီး မူဝါဒတချို့သည် ပြည်ခိုင်ဖြိုးပါတီနှင့် ဆင်တူလျက်ရှိသည်။

အဆိုပါတီ၏ မူဝါဒငါးရပ်မှာ ၁။ ပြည်ထောင်စုမပြိုကွဲရေး၊ တိုင်းရင်းသားစည်းလုံးညီညွတ်မှုမပြိုကွဲရေး၊ အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲရေးနှင့် လောကပါလတရားများကိုအခြေခံကာ အခြေခံလူ့အခွင့်အရေးများကို လေးစားလိုက်နာသော ပြည်ထောင်စုဖွား ပြည်သူပြည်သားများ၊ ပါတီများနှင့် လက်တွဲ၍ အနာဂတ်တွင် ခေတ်မီဖွံ့ဖြိုးတိုးတက်သော ဒီမိုကရေစီနိုင်ငံတော်သစ်ဖြစ်ပေါ်လာစေရန် အစွမ်းကုန်ကြိုးပမ်းသွားရေး၊ ၂။ အကြမ်းဖက်ဝါဒနှင့် အခြားအစွန်းရောက်သည့် မည်သည့်ဝါဒမျိုးကိုမဆို ဆန့်ကျင်သွားရေး၊ ၃။ ကမ္ဘာ့နိုင်ငံများ အပါအဝင် အိမ်နီးချင်းနိုင်ငံများနှင့် ဖြောင့်မတ်သော ဘက်မလိုက်မူဝါဒကို အခြေခံသည့် ချစ်ကြည်ရင်းနှီးမှုတည်ဆောက်ရေးတွင် ပါဝင်ကူညီရေး၊ နိုင်ငံတစ်ဝန်းလုံးတွင် ဘက်စုံဖွံ့ဖြိုးတိုးတက်လာအောင် ဆောင်ရွက်ရေး၊ ၄။ မြန်မာ့လူ့အဖွဲ့အစည်းတွင် အကျိုးမပြုသည့် အတွေးအခေါ်အယူအဆများ ပပျောက်ချုပ်ငြိမ်းသွားအောင် ပညာပေးစည်းရုံးရေးတို့ဖြစ်သည်။

၎င်းပါတီ၏မူဝါဒထဲတွင် ၁၉၈၈ နောက်ပိုင်း တပ်မတော်အစိုးရလက်ထက်နှင့် ပြည်ခိုင်ဖြိုးပါတီ၏ ကြွေးကြော်သံများဖြစ်သော ပြည်ထောင်စုမပြိုကွဲရေး၊ တိုင်းရင်းသားစည်းလုံးညီညွတ်မှု မပြိုကွဲရေးနှင့် အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲရေးဆိုသည့် မူများပါဝင်နေသည်မှာ ထူးခြားလျက်ရှိသည်။

ရခိုင်တိုင်းရင်းသား မျိုးနွယ်စုဖြစ်သော ကမန်လူမျိုးများဖြင့် ဖွဲ့စည်းထားသည့် အမျိုးသားတိုးတက်ရေးပါတီကို ၂၀၁၀ ခုနှစ် ဇူလိုင် ၅ ရက်တွင် ပါတီမှတ်ပုံတင်ခွင့်ပြုခဲ့ပြီး ပါတီရုံးချုပ်အား ရန်ကုန်မြို့တွင် အခြေစိုက်ခဲ့ကာ ကမန်လူမျိုးများကိုကိုယ်စားပြုသည့် တစ်ခုထဲသောပါတီအနေဖြင့် ရပ်တည်နေခြင်းဖြစ်သည်။

ကမန်အမျိုးသားများတိုးတက်ရေးပါတီအနေဖြင့် ၂၀၂၀ ရွေးကောက်ပွဲတွင် ရန်ကုန်တိုင်းဒေသကြီးတွင် သုံးနေရာ၊ ရခိုင်ပြည်နယ်တွင် နှစ်နေရာ စုစုပေါင်းငါးနေရာသာ ဝင်ပြိုင်သွားမည်ဖြစ်ပြီး လွှတ်တော်ကိုယ်စားလှယ်လောင်း ငါးဦးတွင်  အမျိုးသမီးတစ်ဦးပါဝင်ကြောင်းနှင့် လွှတ်တော်ကိုယ်စားလှယ်လောင်းများ၏ အနိမ့်ဆုံး ပညာအရည်အချင်းမှာ ဘွဲ့ရများဖြစ်ကြောင်း သိရသည်။

၎င်းတို့အနေဖြင့် ၂၀၂၀ ရွေးကောက်ပွဲ အနိုင်ရရှိခဲ့ပါက နိုင်ငံသားအားလုံးတန်းတူအခွင့်အရေးရရှိရေး၊ ချွတ်ခြုံကျနေသော ရခိုင်ပြည်သူများအတွက် လူနေမှုအဆင့်အတန်းမြင့်မားရေး၊ လူဂုဏ်သိက္ခာနှင့်အညီ ရပ်တည်နိုင်ရေးအတွက် ဥပဒေ၏ အကာအကွယ်ရရှိရေးနှင့် ဖက်ဒရယ်စနစ် ရရှိရေးအတွက်လုပ်ဆောင်ရာတွင် ပူးပေါင်းပါဝင်နိုင်ရေး စသည်တို့ကို လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ပါတီ၏ အထွေထွေအတွင်းရေးမှူး ဦးတင်လှိုင်ဝင်းက ကတိပြုပြောကြားခဲ့သည်။

“ကျနော်တို့ပါတီ ရွေးကောက်ပွဲမှာ အနိုင်ရရှိခဲ့ရင် အဓိကတော့ ရခိုင်ဒသမှာ မတူကွဲပြားတဲ့ လူမျိုးစုတွေကြားမှာ တန်းတူအခွင့်အရေး ရရှိရေးဟာ နံပါတ်တစ် တစ်ချက်ဖြစ်တယ်။ လူနေမှုဘဝမြင့်တင်ရေး၊ လူဂုဏ်သိက္ခာရှိရှိ ရပ်တည်နိုင်ရေးအတွက် ဥပဒေရဲ့ အကာအကွယ်ရရှိရေး၊ ဖက်ဒရယ်စနစ်ကို ပြောင်းဖို့အတွက် ဥပဒေပြင်ဆင်ရဖို့ ကိစ္စတွေမှာလည်း ပူပေါင်းပါဝင်သွားမယ်။ ဒေသတည်ငြိမ်းအေးချမ်းဖို့၊ ဖွံ့ဖြိုးဖို့မတူကွဲပြားတဲ့ လူနေစုတွေကြားမှာ သဟဇာတဖြစ်တဲ့ လူ့အဖွဲ့အစည်းတစ်ခုကို ပြန်လည်ထူးထောင်သွားမယ်” ဟု ၎င်းကပြောသည်။

ကမန်အမျိုးသားတိုးတက်ရေးပါတီ၏ ရွေးကောက်ပွဲဆောင်ပုဒ်မှာ “လူနည်းစုအခွင့်အရေးမြှင့်တင်ဖို့ လေးနှင့်မြား ကို မဲပေးစို့”  ဟူ၍ ဖြစ်ပြီး ၎င်းတို့ဝင်ပြိုင်မည့် ငါးနေရာလုံးတွင် ရာနှုန်းပြည့် အောင်နိုင်ရန် ရည်မှန်းထားသည်ဟု ဆိုသည်။

သို့သော် ယင်းပါတီအနေဖြင့် ၂၀၁၀ ရွေးကောက်ပွဲတွင် လေးနေရာ၊ ၂၀၁၅ ရွေးကောက်ပွဲတွင် ခြောက်နေရာ ဝင်ရောက်ယှဉ်ပြိုင်ခဲ့သော်လည်း တစ်နေရာမှ အနိုင်မရရှိပေ။ ယခု ၂၀၂၀ ရွေးကောက်ပွဲတွင် ၎င်းတို့ ဝင်ရောက်ယှဉ်ပြိုင်မည့် ရန်ကုန်နှင့် ရခိုင်သည် Stay at home ကြေညာထားကာ မဲဆွယ်စည်းရုံးရေးပြုနိုင်ခြင်း မရှိသဖြင့် ၎င်းတို့၏ ရွေးကောက်ပွဲအောင်နိုင်ရေးအတွက် အခက်အခဲများနှင့် ရင်ဆိုင်နေရပြီဖြစ်သည်။

ကမန်အမျိုးသားတိုးတက်ရေးပါတီတွင် ပါတီဝင်အင်အား ၄၀၀၀ ခန့်ရှိပြီး ကမန်သည် မြန်မာနိုင်ငံ၏ တရားဝင်သတ်မှတ်ထားသည့် တိုင်းရင်းသား ၁၃၅ မျိုးတွင်ပါဝင်ပြီး အစ္စလာမ်ကိုးကွယ်သည့် တစ်ခုတည်းသော လူမျိုးစုဖြစ်သည်။ 

Most read this week

July 3, 2021
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင် ဒေါက်တာဗညားအောင်မိုးနှင့် အဖွဲ့ဝင်အချို့၊...
July 3, 2021
ကရင်ပြည်နယ် မြဝတီမြို့ရှိ အာဇာနည်ပန်းခြံကို ဦးစပန်းခြံဟု နစကကောင်စီက...
July 3, 2021
ကျိုက်မရောအကျဉ်းထောင်မှ ဖမ်းဆီးခံထားရသူအချို့ကို ဇွန် ၃၀ ရက်က နစကကောင်စီက ပြန်လွှတ်ပေးခဲ့ရာတွင်...
July 3, 2021
မော်လမြိုင်ဆေးရုံကြီး Isolation ward 1 တွင် ဆေးကုသမှုခံယူနေသည့် ကိုဗစ်အတည်ပြုလူနာ...