ကိုဗစ်ကာလအတွင်း မဲဆွယ်စည်ရုံးရေးကို ပြည်သူများစိုးရိမ်လာဟု ကချင်မှ လွှတ်တော်ကိုယ်စားလှယ်များပြော

ကိုဗစ်ကာလအတွင်း မဲဆွယ်စည်ရုံးရေးကို ပြည်သူများစိုးရိမ်လာဟု ကချင်မှ လွှတ်တော်ကိုယ်စားလှယ်များပြော

ကိုဗစ်ကာလအတွင်း မဲဆွယ်စည်းရုံးရေးလုပ်ငန်းများ လုပ်ဆောင်ရာတွင် အခက်အခဲများ ကြုံတွေ့နေရသည့်အပြင် ပြည်သူလူထုကပါ ကျန်းမာရေးအတွက် စိုးရိမ်မှုများရှိလာကြောင်း ကချင်ပြည်နယ်အတွင်း ဝင်ရောက်ယှဉ်ပြိုင်မည့် ပါတီကိုယ်စားလှယ်လောင်းများကပြောသည်။

မဲဆွယ်စည်းရုံးရေးလုပ်ငန်း ဆောင်ရွက်ရာတွင် လူတစ်ဦးနှင့်တစ်ဦး ရှေ့၊ နောက်၊ ဝဲယာ အနည်းဆုံး (၆) ပေအကွာမှ ဆောင်ရွက်ရန်၊ ဟောပြောစည်းရုံးရေးများ ပြုလုပ်ရာတွင် လူ (၅၀) ဦးထက်မပိုရ၊ လက်ဆွဲမနှုတ်ဆက်ရ စသည့် စည်းကမ်းသတ်မှတ်ချက်များကို ပြည်ထောင်စုရွေးကော်ပွဲကော်မရှင် (UEC) က ထုတ်ပြန်ကြေညာထားသည်။

"ငွေရေးကြေးရေးအခက်အခဲတွေ ရှိလာတယ်။ တစ်ဖက်မှာလည်း သတ်မှတ်ထားတဲ့စည်းကမ်းအရ လူစုလူဝေးမလုပ်ရဆိုတာတွေ။ အခက်အခဲအများကြီးရှိတယ်။ မြစ်ကြီးနားမြို့မှာ ရပ်ကွက်၊ ကျေးရွာ တစ်ရာကျော်ရှိတယ်။ ကန့်သတ်ချိန်ကာလအတွင်း ရပ်ကွက်တိုင်း သွားရောက်ဖို့အတွက်လည်း အခက်အခဲဖြစ်တာတွေသာမက စည်းရုံးရေးဝင်တဲ့အခါ ပြည်သူလူထုတွေလည်း စိုးရိမ်လာကြတယ်" ဟု ကချင်ပြည်နယ်ပြည့်သူ့ပါတီ (KSPP) က မြစ်ကြီးနားမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်း မဆိုင်းနူးပန်က ပြောသည်။

မဲဆွယ်စည်းရုံးရေး ပြုလုပ်ရာတွင် လူ ၅၀ ဦးထက်မပိုရ စည်းကမ်းသတ်မှတ်ချက်များရှိနေခြင်းသာမက တစ်ဦးနှင့် တစ်ဦးခြောက်ပေအကွာနေရမည်ဟု သတ်မှတ်ထားခြင်းကြောင့် ဟောပြောမှုများပြုလုပ်ရာတွင် နေရာထိုင်ခင်း အခက်အခဲများရှိကြောင်း လီဆူအမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီ (ဒူးလေးပါတီ) ဥက္ကဌ ဦးရွှေမင်းက ပြောသည်။

"ခြောက်ပေကွာရမယ်ဆိုတော့ နေရာထိုင်ခင်းရဖို့ မလွယ်ဘူး။ အထူးသဖြင့် ကျွန်တော်တို့ တိုင်းရင်းသားနယ်မြေမှာ ရှိတာက ဘုန်းကြီးကျောင်း၊ ခရစ်ယာန်ကျောင်းသုံးလို့ရရင်တော့ အဆင်ပြေတယ်။ ဒါတွေကလည်း သုံးလို့မရဘူးဆိုတော့ အခက်အခဲတော်တော်လေးဖြစ်တယ်" ဟု ၎င်းက ဆိုသည်။

မဲဆွယ်စည်းရုံးရာတွင် လူအင်အားအများဖြင့် စည်းရုံးခွင့်မရှိခြင်းကြောင့် အချိန်နှောင့်နှေးကြန့်ကြာမှုများရှိနေပြီး ပါတီကြီးများထက် အသစ်ဖွဲ့စည်းလာသော တိုင်းရင်းသားပါတီများအနေဖြင့် ပိုမိုခက်ခဲနိုင်ကြောင်း အမျိုးသားဒီမိုကရေအဖွဲ့ချုပ် NLD ပါတီက ဖားကန့်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်း ကိုအောင်ဟိန်းမင်းက ၎င်း၏အမြင်ကိုပြောသည်။

"NLDပါတီအနေနဲ့ကျတော့ ပါတီကြီးတစ်ခုဖြစ်တယ်။ သူ့ပုံရိပ်နဲ့သူလည်း လူလည်းသိတာများတဲ့ ပါတီတစ်ခုဖြစ်တော့ ဒီလိုမျိုး မဲဆွယ်စည်းရုံးဖို့အတွက် အခက်အခဲဖြစ်ပေမဲ့ တစ်ပန်းသာနေသေးတယ်လို့ မြင်လို့ရတာပေါ့။ အခုမှ အသစ်ဖွဲ့တဲ့တိုင်းရင်းသားပါတီတွေကိုတော့ ကိုယ်ချင်းစာပါတယ်။ အခုအချိန်မှာ ပါတီမိတ်ဆက်၊ ကိုယ်စားလှယ်လောင်း မိတ်ဆက်ပြီး မဲဆွယ်စည်းရုံးရမှာဖြစ်တယ်" ဟု ကိုအောင်ဟိန်းမင်းက ဆိုသည်။

မဲဆွယ်စည်းရုံးခွင့်ကာလကို စက်တင်ဘာလ (၈) ရက်နေ့မှစတင်ပြီး နိုဝင်ဘာလ (၆) ရက်နေ့အထိ ရက်ပေါင်း (၆၀) ခွင့်ပြုထားသည်။

ကိုဗစ်ကာလတွင် မဲဆွယ်စည်းရုံးရေးလုပ်ငန်းများ ဆောင်ရွက်ရာ၌ အခက်အခဲများ ကြုံတွေ့နေရခြင်းကြောင့် နိုင်ငံရေးပါတီအချို့က ရွေးကောက်ပွဲကျင်းပမည့်ရက်ကို ရွှေ့ဆိုင်းပေးရန် တောင်းဆိုမှုများရှိနေသည်။

Most read this week

July 3, 2021
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင် ဒေါက်တာဗညားအောင်မိုးနှင့် အဖွဲ့ဝင်အချို့၊...
July 3, 2021
ကရင်ပြည်နယ် မြဝတီမြို့ရှိ အာဇာနည်ပန်းခြံကို ဦးစပန်းခြံဟု နစကကောင်စီက...
July 3, 2021
ကျိုက်မရောအကျဉ်းထောင်မှ ဖမ်းဆီးခံထားရသူအချို့ကို ဇွန် ၃၀ ရက်က နစကကောင်စီက ပြန်လွှတ်ပေးခဲ့ရာတွင်...
July 3, 2021
မော်လမြိုင်ဆေးရုံကြီး Isolation ward 1 တွင် ဆေးကုသမှုခံယူနေသည့် ကိုဗစ်အတည်ပြုလူနာ...