ပလက်ဝမြို့နယ် ကျေးရွာအုပ်စု ကိုးအုပ်စုတွင် ရွေးကောက်ပွဲကျင်းပနိုင်ဖွယ်မရှိ

ပလက်ဝမြို့နယ် ကျေးရွာအုပ်စု ကိုးအုပ်စုတွင် ရွေးကောက်ပွဲကျင်းပနိုင်ဖွယ်မရှိ

ချင်းပြည်နယ်တွင် ပလက်ဝမြို့နယ် ကျေးရွာအုပ်စု ကိုးအုပ်စုတွင် ၂၀၂၀ ရွေးကောက်ပွဲ ကျင်းပနိုင်ဖွယ်မရှိကြောင်း NLD မှ ပြည်နယ်လွှတ်တော်မဲဆန္ဒနယ်တွင် ဝင်ရောက်ယှဉ်ပြိုင်မည့် ချင်းပြည်နယ်အစိုးရအဖွဲ့ စည်ပင်ဝန်ကြီးဦးစိုးထက်က သုံးသပ်ပြောကြားခဲ့သည်။

“ရန်သူစိုးမိုးမှုရှိတဲ့ ရွာတွေကိုတော့ သွားလို့မရနိုင်ဘူး လောလောဆယ် ပလက်ဝမြို့နယ်မှာရှိတဲ့ ကျေးရွာအုပ်စု ကိုးအုပ်စုလောက်က ရွေးကောက်ပွဲမှာ မပါဝင်နိုင်လောက်ဘူးလို့ မှန်းထားတယ်” ဟု ဝန်ကြီးဦးစိုးထက်က ပြောသည်။

အဆိုပါ ကျေးရွာအုပ်စုများအပြင် ပလက်ဝမြို့နယ်တစ်ခုလုံးအနေဖြင့် လမ်းပန်းဆက်သွယ်ရေးနှင့် နယ်မြေလုံခြုံမှုမရှိခြင်းတို့ကြောင့် ရွေးကောက်ပွဲကျင်းပရန် အခက်ခဲရှိကြောင်း ၎င်းကဆက်လက်ပြောသည်။

“ပြည်သူတွေကလည်း ငါးနှစ်မှတစ်ကြိမ် မဲပေးရတာဖြစ်တဲ့အတွက် ပလက်ဝပြည်သူတွေ အခွင့်အရေးမဆုံးရှုံးအောင် တာဝန်ရှိသူတွေက ဝိုင်းဝန်းပြီး ကြိုးစားနေပါတယ်” ဟု ၎င်းကပြောသည်။

ယင်းကျေးရွာအုပ်စု ကိုးအုပ်စုတွင် လက်နက်ကိုင်အဖွဲ့အစည်းများ အဝင်/အထွက်ရှိသည်ဟု သတင်းရရှိထားသော်လည်း ရွေးကောက်ပွဲ ကျင်းပနိုင်ခြင်း ရှိ/မရှိကို အတိအကျပြော၍မရသေးကြောင်း ချင်းပြည်နယ်ရွေးကောက်ပွဲကော်မရှင်အရာရှိ ဦးလင်းကျော်က ပြောသည်။

ပလက်ဝမြို့နယ်တွင် ကျေးရွာ အုပ်စုပေါင်း ၁၀၂ အုပ်စုရှိပြီး ၎င်းကျေးရွာအုပ်စုထဲမှ ကျေးရွာကိုးအုပ်စုမှာ လက်နက်ကိုင်များအဝင်/အထွက်ရှိသဖြင့် ထိုကျေးရွာများတွင် ရွေးကောက်ပွဲကျင်းပနိုင်ဖွယ်မရှိဟု လွှတ်တော်ကိုယ်စားလှယ်လောင်းတချို့က သုံးသပ်လျက်ရှိသည်။

ထို့ပြင် စက်တင်ဘာ ၉ ရက်က ဝန်ကြီးဦးစိုးထက်နှင့် အစိုးရဌာနဆိုင်ရာအဖွဲ့ဝင် စုစုပေါင်း ၁၁ ဦးသည် ပလက်ဝမြို့နယ် စစ်ဘေးရှောင် ဒုက္ခသည် မိသားစု ၁၀၀၀ ကျော်ကို စားနပ်ရိက္ခာနှင့် ငွေကြေးထောက်ပံ့ပြီး အစိုးရရုံးစိုက်ရာ ဟားခါးမြို့အပြန် ကုလားတန်မြစ်တွင် ရခိုင်လက်နက်ကိုင်တပ်ဖွဲ့ (AA) ၏လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ပစ်ခတ်တိုက်ခတ်မှု ကြုံခဲ့ရသေးသည်။

Most read this week

July 3, 2021
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင် ဒေါက်တာဗညားအောင်မိုးနှင့် အဖွဲ့ဝင်အချို့၊...
July 3, 2021
ကရင်ပြည်နယ် မြဝတီမြို့ရှိ အာဇာနည်ပန်းခြံကို ဦးစပန်းခြံဟု နစကကောင်စီက...
July 3, 2021
ကျိုက်မရောအကျဉ်းထောင်မှ ဖမ်းဆီးခံထားရသူအချို့ကို ဇွန် ၃၀ ရက်က နစကကောင်စီက ပြန်လွှတ်ပေးခဲ့ရာတွင်...
July 3, 2021
မော်လမြိုင်ဆေးရုံကြီး Isolation ward 1 တွင် ဆေးကုသမှုခံယူနေသည့် ကိုဗစ်အတည်ပြုလူနာ...