ကရင်ပြည်နယ်၊ ကော့ကရိတ်ခရိုင်၊ ကော့ကရိတ်မြို့နယ်နှင့် ကြာအင်းဆိပ်ကြီးမြို့နယ်အတွင်းရှိ တိုင်ရင်းသားလက်နက်ကိုင်များ ထိန်းချုပ်သည့် နယ်မြေများတွင် ရွေးကောက်ပွဲမကျင်းပနိုင်သေးကြောင်း ခရိုင်ရွေးကောက်ပွဲကော်မရှင်ဥက္ကဌ ဦးဌေးအောင်က စက်တင်ဘာ ၁၄ ရက်၌ ပြောသည်။
“၂၀၁၅ အတိုင်းပဲ၊ ကော့ရိတ်ကတော့ မထူးခြားဘူး။ ကော့ကရိတ်မှာ မလုပ်နိုင်တဲ့ ရွာကြီးခုနစ်ရွာရှိတယ်။ အံကောင်းတို့၊ အံဖကြီးတို့ မလုပ်နိုင်ဘူး” ဟု ခရိုင်ကော်မရှင်ဥက္ကဌ ဦးဌေးအောင်က ပြောသည်။
လာမည့်ရွေးကောက်ပွဲတွင် ကော့ကရိတ်မြို့နယ်အတွင်း မဲရုံ ၁၂၃ ရုံ ထားရှိသွားမည်ဖြစ်ပြီး ကြာအင်းဆိပ်ကြီးမြို့နယ်တွင် မဲရုံ ၁၂၀ ထားရှိသွားရန် စီစဉ်ထားသည်ဟု ခရိုင်ကော်မရှင်ထံမှ သိရသည်။
“ရွာမှာတော့ ဒီတခါမလုပ်ဖြစ်ဘူး။ ကော်မရှင်က သူတို့အုပ်ချုပ်ရေးမှူး မထားနိုင်တော့ လုပ်ခွင့်မပေးဘူးလေ” ဟု ကော့ကရိတ်မြို့နယ်၊ ရွာတန်းရှည်ကျေးရွာအုပ်စု၊ အုပ်ချုပ်ရေးမှူး (ကေအန်ယူက ခန့်အပ်ထားသူ) မန်းမြအေးက ပြောသည်။
ယခုလို ကော့ကရိတ်မြို့နယ်အတွင်းရှိ တိုင်းရင်းသားလက်နက်ကိုင်နယ်မြေများတွင် ရွေးကောက်ပွဲ မလုပ်နိုင်သော်လည်း ကြာအင်းဆိပ်ကြီး မြို့နယ်အတွင်းရှိ ကျေးရွာအချို့တွင်မူ မဲပေးနိုင်ရေး စီစဉ်ထားသည်ဟု ခရိုင်ရွေးကောက်ပွဲကော်မရှင်ထံမှ သိရသည်။
“ကြားအင်းဆိပ်ကြီးကတော့ ပြောင်မထိမ်တို့ဘာတို့တော့ လုပ်လို့မရဘူး၊ လုပ်လို့ရတဲ့နေရာမှာ လာထည့်ဖို့ စီစဉ်ထားတယ်။ အဲ့ဒါတော့ သူတို့ဘက်က ထည့်ခွင့်ပြုတယ်။ မဲဆန္ဒရှင်တွေတော့ တိုးလာတယ်” ဟု ဦးဌေးအောင်က ဆက်လက်ပြောသည်။
ကရင်ပြည်နယ်၊ ကော့ကရိတ်ခရိုင်အတွင်းရှိ ကော့ကရိတ်မြို့နယ်နှင့် ကြာအင်းဆိပ်ကြီးမြို့နယ်များသည် ကေအဲန်ယူ-ကရင်အမျိုးသား အစည်းအရုံး၊ တပ်မဟာ (၆)၊ ဒူးပလာယာခရိုင်အတွင်းပါဝင်ကာ ယခုလို ရွေးကောက်ပွဲမလုပ်နိုင်သေးသော်လည်း ခရိုင်အတွင်း မဲဆွယ်မည့်ပါတီများကိုမူ ကိုဗစ်ကာကွယ်ရေး ထုတ်ပြန်ချက်များနှင့်အညီ မဲဆွယ်ရမည်ဟု ဒူးပလာယာခရိုင်က စက်တင်ဘာ ၇ ရက်တွင် ထုတ်ပြန်ထားသည်။
ကော့ကရိတ်ခရိုင်အတွင်း လာမည့် ၂၀၂၀ ရွေးကောက်ပွဲတွင် ကရင်အမျိုးသားဒီမိုကရက်တစ်ပါတီ၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၊ ပြည်ထောင်စုကြံခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ၊ ပြည်ထောင်စုကောင်းကျိုးဆောင်ပါတီ၊ ညီညွတ်သောဒီမိုကရက်တစ်ပါတီနှင့် မွန်ညီညွတ်ရေးပါတီတို့ နေရာပြည့်ဝင်ပြိုင်မည်ဖြစ်ပြီး တသီးပုဂ္ဂလကိုယ်စားလှယ်လောင်းများလည်း ဝင်ပြိုင်သွားမည်ဖြစ်သည်။