မူဆယ်ခရိုင် ရွေးကောက်ပွဲကော်မရှင်၏ ရွေးကောက်ပွဲ မဲဆွယ်စည်းရုံးခွင့်နှင့် ပတ်သက်သည့် ထုတ်ပြန်ချက် ပြန်လည်ရုပ်သိမ်းရန် တောင်းဆိုထားကြောင်း ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် SNLD အထွေထွေအတွင်းရေးမှူးချုပ် စိုင်းလိတ်ကပြောသည်။
အဆိုပါကော်မရှင်အနေဖြင့် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် UEC ၏ ထုတ်ပြန်ချက်ကို ဆန့်ကျင်၍ စက်တင်ဘာလ ၁၄ ရက် နောက်ပိုင်းတွင် လျှောက်ထားမည့် မဲဆွယ်စည်းရုံးခွင့်အား ခွင့်ပြုမည်မဟုတ် ထုတ်ပြန်ခဲ့သဖြင့် ပြန်လည်ရုတ်သိမ်းပေးရန် တောင်းဆိုထားခြင်းဖြစ်သည်ဟု ဆိုသည်။
“မနေ့ကနေပဲ ကျနော်တို့ ပါတီတာဝန်ရှိပုဂ္ဂိုလ်ကနေပြီးတော့မှ သက်ဆိုင်ရာ ခရိုင်ရွေးကောက်ပွဲကော်မရှင်အဖွဲ့နဲ့ သွားတွေ့ပြီး ရှင်းထားပါတယ်။ အဲဒီဥစ္စာဟာ ညွှန်ကြားချက်ဟာ UEC က ထုတ်ပြန်ထားတဲ့ ကြေညာချက်နဲ့ ကွဲလွဲနေတယ်။ ဆန့်ကျင်နေတယ်။ အဲဒီအတိုင်း လိုက်ပြီး လုပ်မယ်ဆိုလို့ရှိရင် ကျနော်တို့ ရက်ပေါင်း ၆၀ ဆိုတဲ့ အကန့်အသတ်ကို ဘယ်လိုမှ ဘောင်မဝင်တော့ပါဘူး။ သွားပြောတော့လည်း သူတို့က ပြန်လည်ပြီးတော့မှ ညှိနှိုင်းပေးပါမယ်ဆိုတဲ့ သဘောမျိုးတော့ ပြန်ပြောခဲ့တာပေါ့ဗျာ” ဟု စိုင်းလိတ်ကပြောသည်။
မူဆယ်ခရိုင် ရွေးကောက်ပွဲကော်မရှင်သည် ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် SNLD ပါတီ မူဆယ်ရုံးသို့ စက်တင်ဘာ ၉ ရက် နေ့စွဲဖြင့် မဲဆွယ်စည်းရုံးခွင့် လျှောက်ထားခြင်းနှင့်ပတ်သက်သည့် အကြောင်းကြားစာကို ပေးပို့လာခြင်းဖြစ်ပြီး အဆိုပါ အကြောင်းစာသည် မူဆယ်ခရိုင် ရွေးကောက်ပွဲကော်မရှင်တစ်ခုတည်းကသာ ထုတ်ပြန်ထားသည့် အကြောင်းကြားစာဖြစ်သည်ဟု ဆိုသည်။
“ရှမ်းပြည်နယ်တစ်နယ်လုံး ကျနော်မေးကြည့်ပါတယ်။ ကချင်ပြည်နယ် ကယားပြည်နယ် အကုန်မေးကြည့်ပါတယ်။ ဘယ်မှာမှ အဲလိုမျိုး မရှိပါဘူးခင်ဗျား။ မူဆယ်ခရိုင်တစ်ခုထဲပဲ ထူးပြီးတော့မှ ထွက်လာတာပါ။”
ထို့အကြောင်းကြားစာထဲတွင် လွှတ်တော်ကိုယ်စားလှယ်လောင်းများအနေဖြင့် စုဝေးဟောပြောခြင်းနှင့် မဲဆွယ်စည်းရုံးခွင့် ညွှန်ကြားချက်အမှတ် (၁/၂၀၁၄) အားလည်း ထုတ်ပြန်ထားပြီးဖြစ်ပါ၍ ရက်ပေါင်း ၆၀ အတွင်း စုဝေးဟောပြောခြင်းနှင့် မဲဆွယ်စည်းရုံးခြင်းအား လွှတ်တော်ကိုယ်စားလှယ်လောင်းကြေညာပြီး ၁၅ ရက်အတွင်း တင်ရမည်ဖြစ်ပါ၍ (၁၄-၉-၂၀၂၀) နောက်ဆုံးထားပြီး သက်ဆိုင်ရာ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးများတွင် တင်ပြသွားရန်နှင့် အချိန်ကျော်လွန်တင်ပြသော မဲဆွယ်စည်းရုံးခွင့် လျှောက်လွှာများအား ခွင်ပြုပေးမည်မဟုတ်ကြောင်း ဖော်ပြထားသည်။
သို့သော် ၂၀၁၅ ခုနှစ် စက်တင်ဘာလ ၄ ရက်နေ့က ထုတ်ပြန်ထားသည့် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်၏ မဲဆွယ်စည်းရုံးရေး နှင့် ပတ်သက်သည့် ညွှန်ကြားချက်များထဲတွင် သက်ဆိုင်ရာ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲသို့ လျှောက်ထားသည်နှင့် တစ်ပြိုင်နက်တည်း မဲဆွယ်စည်းရုံးခြင်းကို ဆောင်ရွက်နိုင်သည်ဟု ဆိုသည်။
“မြို့နယ်နှင် ခရိုင်ရွေးကောက်ပွဲကော်မရှင်တွေက ဥပဒေကို သူတို့ UEC က ထုတ်ပြန်ထားတဲ့ ဥပဒေစည်းကမ်း လမ်းညွှန်ချက်တွေကို အတိအကျ မလိုက်နာပဲနဲ့ အသေအချာ ကြေညက်အောင် မလေ့လာပဲနဲ့ သူတစ်လူငါတစ်မင်းဆိုသလိုမျိုးပေါ့နော အမိန့်ကို ထပ်ထပ်ပြီးတော့ ထုတ်ပြန်နေတာကလည်း အခက်အခဲဖြစ်စေတယ်။ ဆိုလိုတာက ဒီလ ၁၄ ရက်နေ့ မတိုင်ခင်တင်တဲ့ စာတွေအရပဲ မဲဆွယ်စည်းရုံးရေး လုပ်လို့ရမယ်။ အဲဒီကာလ ကျော်လွန်သွားရင် မဲဆွယ်စည်းရုံးဖို့အတွက် သူတို့ ခွင့်ပြုမပေးနိုင်တော့ဘူးဆိုတဲ့သဘောမျိုး သက်ရောက်သွားပါတယ်။ အဲဒါဟာ ၂၀၁၄ ခုနှစ်က ထုတ်ပြန်တဲ့ ကြေညာချက် နောက်ပြီးတော့မှ ၂၀၁၅ ခုနှစ်မှာ ထုတ်ပြန်တဲ့ ကြေညာချက် ဒါတွေကို သူတို့ ကြေညက်အောင် မလေ့လာထားတဲ့သဘောလို့ ကျနော် တွေ့ရပါတယ်” ဟု စိုင်းလိတ်က ပြောသည်။
၂၀၂၀ ရွေးကောက်ပွဲသည် ကိုဗစ်ကာလတွင် ပြုလုပ်ကျင်းပသည့် ရွေးကောက်ပွဲဖြစ်သည့်အတွက် ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် ကျန်းမာရေးဆိုင်ရာ ကန့်သတ်ချက်များကြောင့် မဲဆွယ်စည်းရုံးရေးလုပ်ငန်းများကို လုပ်ဆောင်ရာတွင် ခက်ခဲမှုကို ဖြစ်စေသည့်အပြင် ယခုကဲ့သို့ မူဆယ်ခရိုင် ရွေးကောက်ပွဲကော်မရှင်၏ ထုတ်ပြန်ချက်သည် မဲဆွယ်စည်းရုံးရေးကို အဟန့်အတားဖြစ်စေသည်ဟု ဆိုသည်။
၂၀၂၀ ပြည့်နှစ် နိုဝင်ဘာ ၈ ရက်နေ့တွင် ကျင်းပမည့် အထွေထွေ ရွေးကောက်ပွဲအတွက် မဲဆွယ် စည်းရုံး ခွင့်ကာလကို ရက်ပေါင်း ၆၀ (၈-၉-၂၀၂၀ ရက်နေ့ နံနက် ၀၆း၀၀ နာရီမှ ၆-၁၁-၂၀၂၀ ရက်နေ့ ည ၁၂း၀၀ နာရီအထိ) ခွင့်ပြုကြောင်း ပြည်ထောင်စုရွေေးကာက်ပွဲကော်မရှင်က စက်တင်ဘာလ ၆ ရက်နေ့က ထုတ်ပြန်ထားသည်။