ဝန်ကြီးဟောင်းဦးစိုးသိန်းအား အနိုင်ရရေးပြင်ဆင်ထားဟု NLD ကိုယ်စားလှယ်လောင်းပြော

ဝန်ကြီးဟောင်းဦးစိုးသိန်းအား အနိုင်ရရေးပြင်ဆင်ထားဟု NLD ကိုယ်စားလှယ်လောင်းပြော
by -
နော်ဒွေးအယ်ခူ (KT)

ရွေးကောက်ပွဲတွင် ပြိုင်ဘက်ပြည်ခိုင်ဖြိုးပါတီမှ ကိုယ်စားလှယ်လောင်းဖြစ်သူ ဝန်ကြီးဟောင်း ဦးစိုးသိန်းအား အနိုင်ရရေး ပြင်ဆင်ထားကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီ၏ ကိုယ်စားလှယ်လောင်း ဦးစိုင်းလင်းလင်းဦးက ပြောသည်။

၎င်းတို့နှစ်ဦးသည် ကယားပြည်နယ် ဘောလခဲမြို့နယ် ပြည်သူ့လွှတ်တော်မဲဆန္ဒနယ်တွင် ဝင်ရောက်ယှဉ်ပြိုင်ကြမည်ဖြစ်ကြောင်း သိရသည်။

“နိုင်အောင်တော့ပြိုင်မှာပဲ။ ကျွန်တော့်အနေနဲ့ သူ့ကို ပုံရိပ်ကြီးတဲ့ ပြိုင်ဖက်လို့သတ်မှတ်ထားတယ်။ ဒါပေမယ့် တစ်ဖက်ကလည်း ကျနော်တို့က အနိုင်ရလဒ်အတွက် ပြိုင်နေကြတဲ့သူတွေပဲလေ။ ဒါကြောင့် ကြုံတွေ့နိုင်တဲ့ စိန်ခေါ်မှုတွေကိုလည်း တော်တော်များများပြင်ဆင်ထားပြီးပါပြီ” ဟု ဦးစိုင်းလင်းလင်းဦးကပြောသည်။

ဦးစိုးသိန်းသည် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ၏ ကိုယ်စားလှယ်လောင်းအဖြစ် ၂၀၁၀ ရွေးကောက်ပွဲတွင် ကျွန်းစုမြို့နယ် ပြည်သူ့လွှတ်တော်မဲဆန္ဒနယ်မှ ဝင်ရောက်ယှဉ်ပြိုင် အနိုင်ရခဲ့ပြီး ၂၀၁၅ ရွေးကောက်ပွဲတွင် တစ်သီးပုဂ္ဂလ ကိုယ်စားလှယ်လောင်းအဖြစ် ဘောလခဲမြို့နယ် အမျိုးသားလွှတ်တော် မဲဆန္ဒနယ်တွင် ဝင်ရောက်ယှဉ်ပြိုင်၍ အနိုင်ရခဲ့သူဖြစ်ကာ အထွေထွေရွေးကောက်ပွဲ နှစ်ကြိမ်စလုံးတွင် အနိုင်ရရှိထားသူဖြစ်ကြောင်းနှင့် ယခု တတိအကြိမ်ပြုလုပ်မည် ၂၀၂၀ အထွေထွေရွေးကောက်ပွဲတွင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၏ ကိုယ်စားလှယ်လောင်းအဖြစ် ကယားပြည်နယ်၊ ဘောလခဲမြို့နယ် ပြည်သူလွှတ်တော်မဲဆန္ဒနယ်တွင် ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်သည်။

ထို့ပြင် ဦးစိုးသိန်းသည် ဒုတိယဗိုလ်ချုပ်ကြီးအဆင့်အထိ တပ်မတော်တွင် တာဝန်ထမ်းဆောင်ခဲ့သူဖြစ်ပြီး ဦးသိန်းစိန်အစိုးရလက်ထက်တွင် နိုင်ငံတော်သမ္မတရုံးဝန်ကြီးဌာန ဝန်ကြီးအဖြစ် တာဝန်ထမ်းဆောင်ခဲ့သူဖြစ်သည်။

“ဦးစိုးသိန်းက ကျနော်လက်ရှိပြိုင်မယ့် ကိုယ်စားလှယ်လောင်းတွေထဲမှာ အခက်အခဲဆုံးပြိုင်ဖက် ဖြစ်လာနိုင်တယ်ပေါ့။ သူကအရင်ကလည်း ပြည်ထောင်စုဝန်ကြီးဖြစ်ခဲ့တယ်။ နောက်ပြီးတော့ သူ့က အတွေ့အကြုံလည်းများတယ်။ ပြီးတော့သူ့ရဲ့ background အင်အားလည်း တောင့်တင်းခိုင်မာတယ်ဆိုတော့ ကျွန်တော့အနေနဲ့သူ့နဲ့ ယှဉ်ပြိုင်ရမှာ ခက်တော့ခက်တယ်” ဟု စိုင်းလင်းလင်းဦးက ဆက်လက်ပြောသည်။

NLD ကိုယ်စားလှယ်လောင်း ဦးစိုင်းလင်းလင်းဦးသည် နည်းပညာနှင့် အော်ဂဲနစ်စိုက်ပျိုးထုတ်လုပ်သည့် မော် (မြန်မာ) ကုမ္ပဏီ၏ ဥက္ကဌတစ်ဦးဖြစ်ပြီး ကယားပြည်နယ်အခြေစိုက် ကန္တာရဝတီတိုင်း (မ်) သတင်းဂျာနယ်၏ သတင်းထောက်ဟောင်းလည်းဖြစ်သည်။

ရွေးကောက်ပွဲကတိနှင့်ပတ်သက်၍ စိုင်းလင်းလင်းဦးက “အကယ်၍ ကျနော်နိုင်ခဲ့ရင် ကျနော်လုပ်ပေးမယ့် အဓိကအချက် သုံးချက်ရှိတယ်ပေါ့။ ပထမတစ်ချက်ကတော့ ကျနော်တို့ ကယားပြည်နယ် ဘောလခဲမြို့မှာဆိုရင် စီးပွားရေးလုပ်ငန်းမှာ တောင်သူတွေအများဆုံးပဲ။ သူတို့ရဲ့ ထွက်ကုန်သီးနှံတွေက စျေးကွက်ခိုင်မာမှုရှိအောင်လုပ်ရမယ်ဆိုတော့ အဲ့ဒီကိစ္စကို ကျွန်တော့် နိုင်ငံတော်ရဲ့ အခြေခံမူတွေအထိ သတ်မှတ်ပေးနိုင်အောင်ပေါ့နော်။ အဓိက ကတော့ နှမ်းနှင့် ပြောင်းပေါ့နော် ဒီကိစ္စတွေကို ကြိုးစားသွားမယ်။ ဒုတိယတစ်ချက်ကတော့ လူငယ်တွေရဲ့ အသက်မွေးဝမ်းကျောင်းဆိုင်ရာ အခွင့်အလမ်းပေါ့ အဲ့ကိစ္စကိုလည်း ဆောင်ရွက်ပြီးတော့ လုပ်သွားဖို့ရှိတယ်။ အဲ့ကိစ္စ အားထည့်ပြီးလုပ်ရမယ်။ နောက်တစ်ချက်ကတော့ တောင်သူတွေမြေယာပိုင်ဆိုင်မှု သူတို့လက်ဝယ်ပိုင်ဆိုင်ဖို့အတွက် တရားဝင်ဖြစ်အောင်ပေါ့။  ပြီးတော့ လယ်ယာမြေမှာတောင်သူအတွက် အကာအကွယ်ဖြစ်တဲ့ ဥပဒေတွေပေါ့။ ဒီဟာလည်းလုပ်ဆောင်ဖို့ ရည်မှန်းထားတယ်” ဟု ပြောသည်။

ရွေးကောက်ပွဲ ဝင်ရောက်ယှဉ်ပြိုင်ခြင်းနှင့်ပတ်သက်၍ ဦးစိုးသိန်းက ပြည်သူများတောင်းဆိုမှုအရ ဝင်ရောက်ယှဉ်ပြိုင်ခြင်းဖြစ်သည်ဟု ဆိုသည်။

“ကျနော်က လုပ်ပေးခဲ့တာတွေရှိလို့ ပြည်သူတွေကဆက်လုပ်ပေးပါ ဝင်ပေးပါဆိုတာကြောင့် ကျနော်က အရင်ကအတွေ့အကြုံတွေရှိတဲ့အတွက်ကြောင့် အခုလိုဝင်ပြိုင်ဖြစ်တာပါ။ လွှတ်တော်မှာ ကယားပြည်နယ်အတွက် ကျနော်အများကြီးပြောနိုင်တယ်” ဟု ဦးစိုးသိန်းကပြောသည်။

လာမည့်ရွေးကောက်ပွဲတွင် ၎င်းအနေဖြင့် အနိုင်ရရှိမည်ဆိုပါက ပြည်သူပြည်သားများကို စီမံအုပ်ချုပ်နိုင်သည့် ပြည်နယ်အစိုးရဖြစ်ပေါ်ရေး၊ ဖက်ဒရယ်ပြည်ထောင်စုစနစ် ပေါ်ထွန်းရေး၊ လူမှုစီးပွားမြှင့်တင်ပေးခြင်း၊ တိုင်းရင်းသားမျိုးနွယ်စုများ၏ ရိုးရာဓလေ့ယဉ်ကျေးမှုကို ထိန်းသိမ်းစောင့်ရှောက်ခြင်း၊ ဒို့တာဝန်အရေးသုံးပါး ကာကွယ်ထိန်းသိမ်းရေးနှင့် ပဋိပက္ခဖြစ်နေသည့် ဗိုလ်ချုပ်မြင်းစီးကြေးရုပ်ကိစ္စကို ဖြေရှင်းပေးမည်ဟု ဆိုသည်။

“ဒါတွေက ပြည်သူတွေကိုပေးတဲ့ ကျွန်တော့်ရဲ့ ကတိခြောက်ခုပဲ” ဟု ဦးစိုးသိန်းက ပြောသည်။

၂၀၂၀ ရွေးကောက်ပွဲကို နှိုဝင်ဘာလ ၈ ရက်နေ့တွင် ကျင်းပမည်ဖြစ်ပြီး ဘောလခဲမြို့နယ်အတွင်း ဝင်ရောက်ယှဉ်ပြိုင်မည့် ပြည်သူ့လွတ်တော် ကိုယ်စားလှယ်လောင်းများမှာ အမျိုးသားဒီမိုကရေစီအင်အားစုပါတီမှ ဦးစောဝင်းလှိုင်၊ ပြည်ထောင်စုကြံခိုင်ရေးနှင့် ဖွံဖြိုးရေးပါတီမှ ဦးစိုးသိန်း၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ ဦးစိုင်းလင်းလင်းဦး၊ ကယားပြည်နယ်ဒီမိုကရက်တစ်ပါတီမှ ဦးစိန်ဝင်း၊ ပြည်ထောင်စုကောင်းကျိုးဆောင်ပါတီမှ ဒေါ်သန်းနွဲ့၊ အမျိုးသားနိုင်ငံရေးဒီမိုကရက်တစ်ပါတီမှ ဦးသန်းအောင်၊ ညီညွတ်သောဒီမိုကရက်တစ်ပါတီမှ ဦးအောင်သူထွန်းနှင့်တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီမှ ဦးမြင့်တို့ဖြစ်သည်။

ဘောလခဲမြို့နယ်တွင် လူဦးရေ ရှစ်ထောင်ကျော်ရှိပြီး မဲပေးခွင့်ရှိသူ လေးထောင်နှစ်ရာရှိကြောင်း ကယားပြည်နယ် ရွေးကောက်ပွဲကော်မရှင်မှ သိရသည်။

Most read this week

July 3, 2021
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင် ဒေါက်တာဗညားအောင်မိုးနှင့် အဖွဲ့ဝင်အချို့၊...
July 3, 2021
ကရင်ပြည်နယ် မြဝတီမြို့ရှိ အာဇာနည်ပန်းခြံကို ဦးစပန်းခြံဟု နစကကောင်စီက...
July 3, 2021
ကျိုက်မရောအကျဉ်းထောင်မှ ဖမ်းဆီးခံထားရသူအချို့ကို ဇွန် ၃၀ ရက်က နစကကောင်စီက ပြန်လွှတ်ပေးခဲ့ရာတွင်...
July 3, 2021
မော်လမြိုင်ဆေးရုံကြီး Isolation ward 1 တွင် ဆေးကုသမှုခံယူနေသည့် ကိုဗစ်အတည်ပြုလူနာ...