ကရင်အမျိုးသားပါတီ (KNP) အနေဖြင့် ရွေးကောက်ပွဲအောင်နိုင်ပါက ဖက်ဒရယ်ဆိုင်ရာဥပဒေများ ပေါ်ပေါက်လာရေးအတွက် အခြား တိုင်းရင်းသားမဟာမိတ်များနှင့်အတူ လုပ်ဆောင်သွားရန် မူဝါဒချမှတ်ထားကြောင်း သိရသည်။
KNP ၏ ၂၀၂၀ ရွေးကောက်ပွဲဆောင်ပုဒ်အဖြစ် “စစ်မှန်သော ဖက်ဒရယ်ပြည်ထောင်စုဆီသို့” ဟု သတ်မှတ်ထားပြီး မဲဆွယ်သွားမည်ဟု ဆိုသည်။
“ရွေးကောက်ပွဲအနိုင်ရခဲ့ရင် ၂၀၀၈ ဖွဲ့စည်းပုံက ဖက်ဒရယ်အခြေခံမူတွေပါတာ မဟုတ်တော့ ဖက်ဒရယ်အခြေခံမူတွေဖြစ်လာအောင် လုပ်ဆောင်သွားမယ်။ ကျန်တဲ့ တိုင်းရင်းသားတွေနဲ့ပူးပေါင်းပြီးတော့ ဖက်ဒရယ်ဆိုင်ရာဥပဒေတွေပေါ်လာအောင် ဝိုင်းလုပ်သွားမယ်” ဟု ကရင်အမျိုးသားပါတီ (KNP) အထွေထွေအတွင်းရေးမှူး၊ မန်းကျော်ငြိမ်းက စက်တင်ဘာ ၉ ရက်တွင်ပြောသည်။
ကရင်အမျိုးသားပါတီသည် လက်ရှိ ညီညွတ်သောတိုင်းရင်းသားလူမျိုးများ မဟာမိတ်အဖွဲ့ (UNA) အဖွဲ့ဝင်ပါတီဖြစ်ကာ ၂၀၂၀ ရွေးကောက်ပွဲတွင် ဧရာဝတီတိုင်းဒေသကြီး၊ ပဲခူးတိုင်းနှင့် ကယား (ကရင်နီ) ပြည်နယ်၊ ဖားဆောင်မြို့နယ်တို့တွင် စုစုပေါင်း ကိုယ်စားလှယ်လောင်း ၁၃ ဦးဝင်ပြိုင်သွားမည်ဖြစ်သည်။
KNP ကိုယ်စားလှယ်လောင်း ၁၃ ဦးတွင် အမျိုးသမီးကိုယ်စားလှယ်လောင်းများ မပါဝင်သော်လည်း ၃၅ ရာခိုင်နှုန်းမှာ လူငယ်များ ဖြစ်ပြီး ကိုယ်စားလှယ်လောင်းများထဲတွင် အနိမ့်ဆုံးပညာအရည်အချင်းသည် အခြေခံပညာအထက်တန်းအဆင့်ဖြစ်ပြီး ကိုယ်စားလှယ်လောင်းအများစုသည် ဆယ်တန်းအောင်နှင့် ဘွဲ့ရများဖြစ်ကြောင်း ပါတီဗဟိုအလုပ်မှုဆောင်ကော်မတီထံမှ သိရသည်။
KNP ကို ၂၀၁၄ ခုနှစ်တွင် ဧရာဝတီတိုင်းဒေသကြီးရှိ ကရင်လူထုကိုအားပြု၍ တည်ထောင်ခဲ့ခြင်းဖြစ်ပြီး ၂၀၁၅ ရွေးကောက်ပွဲတွင် ၂၁ ဦးဝင်ပြိုင်ခဲ့ကာ တစ်ဦးမှ အနိုင်ရခြင်းမရှိသော်လည်း လာမည့်ရွေးကောက်ပွဲ၌ ကိုယ်စားလှယ်လောင်း ၁၃ ဦးတွင် ထက်ဝက်နီးပါး အနိုင်ရရန် မျှော်မှန်းထားသည်ဟု ဆိုသည်။
ယခုအခါ ကိုရိုနာဗိုင်းရက်စ်ပြန့်ပွားမှုကြောင့် အစိုးရက ရောဂါထိန်းချုပ်ရေး လုပ်ဆောင်နေသဖြင့် ပါတီအနေဖြင့် နယ်သို့ စည်းရုံးရေးဆင်းရန် အခက်တွေ့နေပြီး ပါတီတွင်း ရံပုံငွေအခက်အခဲများနှင့်လည်း ရင်ဆိုင်နေရသည်ဟု ပါတီတာဝန်ရှိသူများက ပြောသည်။
KNP စတင်တည်ထောင်သည့် ခြောက်နှစ်တာကာလအတွင်း ပါတီဝင်အင်အား တစ်သောင်းကျော်ရှိပြီးဖြစ်ကာ ပါတီဝင်အများစုမှာ ဧရာဝတီတိုင်းဒေသကြီးတွင်ဖြစ်ကြောင်း သိရသည်။