မဲဆွယ်စည်းရုံးရေးကာလ၌ ရခိုင်တွင်အင်တာနက်အပြည့်အဝပြန်ဖွင့်ပေးရန် လိုအပ်နေ

မဲဆွယ်စည်းရုံးရေးကာလ၌ ရခိုင်တွင်အင်တာနက်အပြည့်အဝပြန်ဖွင့်ပေးရန် လိုအပ်နေ
by -
မင်းထွန်း (DMG)

ယခု မဲဆွယ်စည်းရုံးရေးကာလတွင် အင်တာနက် အပြည့်အဝဖွင့်ပေးရန် ရခိုင်ပြည်နယ်အခြေစိုက် နိုင်ငံရေးပါတီများ တောင်းဆိုလိုက်သည်။

မဲဆွယ်စည်းရုံးခွင့်ကို စက်တင်ဘာ ၈ ရက်က စတင်လုပ်ဆောင်ခွင့်ပြုခဲ့သော်လည်း ကိုဗစ်ဒုတိယလှိုင်းကြောင့် ရခိုင်ပြည်နယ်မြို့နယ်များ အားလုံးကို Stay at Home သတ်မှတ်ထားခြင်းကြောင့် ရခိုင်နိုင်ငံရေးပါတီများ မဲဆွယ်စည်းရုံးရန် အခက်အခဲဖြစ်ပေါ်လျက်ရှိကြောင်း သိရသည်။

ယင်းသို့ အကန်အသတ်များရှိနေချိန် အွန်လိုင်းမှတဆင့် မဲဆွယ်စည်းရုံးရန်မှာလည်း ရခိုင်ရှိမြို့နယ်အများအပြားတွင် 2G အင်တာနက်လိုင်းသာရရှိသဖြင့် အခက်အခဲများရှိနေသည့်အတွက် ယခုလို  မဲဆွယ်စည်းရုံးရေးကာလတွင် တခြားတိုင်းနှင့်ပြည်နယ်များတန်းတူ အင်တာနက် အပြည့်အဝဖွင့်ပေးရန် တောင်းဆိုကြောင်း ရခိုင်အမျိုးသားပါတီ (ANP) အတွင်းရေးမှူး ဦးအောင်မြကျော်ကပြောသည်။

“မြို့နယ်တချို့ကို အင်တာနက်ဖြတ်တောက်ထားတော့ ဘယ်လိုမှ ဆိုရှယ်မီဒီယာနဲ့ မဲဆွယ်လို့ရနိုင်တဲ့ အတိုင်းအတာ လုံးဝမရှိဘူး။ အဲတာကြောင့်မလို့ ရွေးကောက်ပွဲကာလ မဲဆွယ်စည်းရုံးရေးကာလမှာ အင်တာနက်ဖြတ်တောက်ထားမှုတွေကို လုံးဝဖွင့်ပေးဖို့အတွက် တောင်းဆိုချင်တယ်” ဟု ၎င်းကပြောသည်။

ထို့နည်းတူ ရခိုင်ပြည်နယ် ပြည်ခိုင်ဖြိုးပါတီဥက္ကဌ ‌ဒေါက်တာစန်းရွှေကလည်း ပါတီမဲဆွယ်စည်းရုံးရေးအတွက် အင်တာနက်လိုင်း အပြည့်အဝရရန်လိုအပ်ကြောင်း ထပ်လောင်းပြောသည်။

“ကျနော်တို့ ပါတီမဲဆွယ်စည်းရုံးရေးအတွက်တော့ 4G လိုတယ်။ အွန်လိုင်းကနေ မဲဆွယ်ဖို့အတွက်တော့ 4G လိုပါတယ်” ဟု ၎င်းကပြောသည်။

ရခိုင်ပြည်နယ်ရှိ ကျောက်တော်၊ ပုဏ္ဏားကျွန်း၊ မြောက်ဦး၊ မင်းပြား၊ မြေပုံ၊ ရသေ့တောင်၊ ဘူးသီးတောင်နှင့် ချင်းပြည်နယ် ပလက်ဝမြို့နယ်တို့တွင် 2G အင်တာနက်လိုင်းသာ အသုံးပြု၍ရရှိသည့်အတွက် ရခိုင်တွင် ဝင်ပြိုင်မည့် နိုင်ငံရေးပါတီများအနေဖြင့် ဆိုရှယ်မီဒီယာများမှတဆင့် မဲဆွယ်စည်းရုံးရန် အခက်အခဲဖြစ်ပေါ်လျက်ရှိသည်။

အင်တာနက်အပြည့်အဝသုံးစွဲခွင့်ကို လူတိုင်းရရှိနေပါက ၎င်းတို့လည်း ရပိုင်ခွင့်ရှိကြောင်း ရခိုင့်ဦးဆောင်ပါတီ (AFP) မှ ပြောရေးဆိုခွင့်ရှိသူ ဦးကျော်ဇောဦးက ပြောသည်။

“အင်တာနက်လိုင်းရဖို့လိုတယ်ဆိုတာ ရွေးကောက်ပွဲတစ်ခုတည်းအတွက် မဟုတ်ပါဘူး။ လူတိုင်းရနေရင် ကျွန်တော်တို့လည်း ရခွင့်ရှိပါတယ်” ဟု ၎င်းကပြောသည်။

ရွေးကောက်ပွဲအတွက် မဲဆွယ်စည်းရုံးခွင့်ကာလကို စက်တင်ဘာလ ၈ ရက်နေ့ နံနက် ၆ နာရီမှ စတင်၍ နိုဝင်ဘာ ၆ ရက် ည ၁၂ နာရီအချိန်အထိ ရက်ပေါင်း (၆၀) ခွင့်ပြုကြောင်း ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က ထုတ်ပြန်ကြေညာထားပြီး ၂၀၂၀ ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကို လာမည့် နိုဝင်ဘာ ၈ ရက်တွင် ကျင်းပမည်ဖြစ်ကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ထုတ်ပြန်ထားသည်။

July 3, 2021
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင် ဒေါက်တာဗညားအောင်မိုးနှင့် အဖွဲ့ဝင်အချို့၊...
July 3, 2021
ကရင်ပြည်နယ် မြဝတီမြို့ရှိ အာဇာနည်ပန်းခြံကို ဦးစပန်းခြံဟု နစကကောင်စီက...
July 3, 2021
ကျိုက်မရောအကျဉ်းထောင်မှ ဖမ်းဆီးခံထားရသူအချို့ကို ဇွန် ၃၀ ရက်က နစကကောင်စီက ပြန်လွှတ်ပေးခဲ့ရာတွင်...
July 3, 2021
မော်လမြိုင်ဆေးရုံကြီး Isolation ward 1 တွင် ဆေးကုသမှုခံယူနေသည့် ကိုဗစ်အတည်ပြုလူနာ...