ရခိုင်အမျိုးသားပါတီ၏ မူဝါဒနှင့် ပြည်သူကိုပေးသော ကတိကဝတ်များ

ရခိုင်အမျိုးသားပါတီ၏ မူဝါဒနှင့် ပြည်သူကိုပေးသော ကတိကဝတ်များ

ရခိုင်ပြည်နယ်အခြေစိုက်ပါတီဖြစ်သည့် ရခိုင်အမျိုးသားပါတီ (ANP) အနေဖြင့် ၂၀၂၀ ရွေးကောက်ပွဲအတွက် ဖွံ့ဖြိုးတိုးတက်ရေး၊ ဒီမိုကေရစီစနစ် ထွန်းကားရေး၊ တန်းတူအခွင့်အရေးရရှိရေး၊ စစ်မှန်သည့် ဖက်ဒရယ်ပြည်ထောင်စုပေါ်ပေါက်ရေးဟူ၍ မူဝါဒလေးရပ် ချမှတ်ထားပြီး အကောက်အထည်ဖော်သွားမည်ဖြစ်ကြောင်း သိရသည်။

“ပါတီမူဝါဒ လေးရပ် ချမှတ်ထားတယ်။ ဒီမူဝါဒတွေကို အကောင်အထည်ဖော်သွားမှာဖြစ်ပါတယ်” ဟု ANP အတွေးရေးမှူး ဦးအောင်မြကျော်ကပြောသည်။

၂၀၂၀ ရွေးကောက်ပွဲ ကတိကဝတ်အဖြစ် ထိုမူဝါဒလေးရပ်ကိုပင် ဆောင်ရွက်မည်ဖြစ်ပြီး ရွေးကောက်ပွဲဆောင်းပုဒ်အနေဖြင့် “စည်းလုံးချစ်ခင် ပြည်သစ်တည် ANP ကို မဲပေးမယ်” ဟု ပေးထားကာ မဲဆွယ်စည်းရုံးမည်ဖြစ်ကြောင်း သိရသည်။

ယင်းပါတီသည် ရခိုင်ပြည်နယ်ရှိ မြို့နယ် ၁၇ မြို့နယ်ရှိ မဲဆန္ဒနယ် ၆၄ နေရာ၊ ရန်ကုန်တွင် တစ်နေရာ၊ ဧရာဝတီတွင် လေးနေရာ စုစုပေါင်း ၆၉ နေရာတွင် ဝင်ရောက်ယှဉ်ပြိုင်ရန် ကိုယ်စားလှယ်လောင်း အမည်စာရင်းတင်သွင်းခဲ့ရာ ကျောက်ဖြူမြို့နယ်တွင် ဝင်ရောက်ယှယ်ပြိုင်မည့် ကိုယ်စားလှယ်လောင်းတစ်ဦး ပယ်ချခံရသဖြင့် ၆၈ နေရာတွင် ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်ကြောင်း သိရသည်။

ထိုကိုယ်စားလှယ်လောင်းများတွင် အမျိုးသမီးနှင့် လူငယ်ပါဝင်မှုအနေဖြင့် အမျိုးသမီး ‌ခြောက်ဦး၊ လူငယ် ၂၀ ဦး၊ အသက် ၅၀ အောက်က ၃၀ ဦး၊ ကျန်ကိုယ်စားလှယ်လောင်းများမှာ အသက် ၅၀ အထက်ဖြစ်ကာ လူငယ်နှင့်အမျိုးသမီးပါဝင်မှုသည် ၂၀၁၅ ရွေးကောက်ပွဲထက် များလာကြောင်းနှင့် ကိုယ်စားလှယ်လောင်းများ၏ အနိမ့်ဆုံး ပညာအရည်အချင်းသည် တက္ကသိုလ်ဝင်တန်းအောင်ဖြစ်ကြောင်း သိရသည်။

ရွေးကောက်ပွဲကော်မရှင်အနေဖြင့် ရခိုင်ပြည်နယ် မြို့နယ်အားလုံးတွင် ရွေးကောက်ပွဲကျင်းပရန် လျာထားသော်လည်း လက်ရှိတိုက်ပွဲများကြောင့် ၎င်းပြည်နယ် မြို့နယ်တချို့တွင် ရွေးကောက်ပွဲကျင်းပရန် မသေချာသည့် အနေအထားများအပေါ် ANP အနေဖြင့် စိုးရိမ်မှုများရှိနေပြီး ထိုအခြေအနေကပင် ပါတီအတွက် ကြီးမားသည့် အခက်အခဲဖြစ်သည်ဟု ဦးအောင်မြကျော်ကပြောသည်။

၂၀၁၀၊ ၂၀၁၅ ရွေးကောက်ပွဲများကို ဖြတ်သန်းခဲ့သည့် ANP အနေဖြင့် အားနည်းမှုများရှိခဲ့ပြီး အဓိကအားဖြင့် ပါတီမှ ရွေးချယ်ခံခဲ့ရသည့် လွှတ်တော်ကိုယ်စားလှယ်များ၏ လုပ်ဆောင်တစ်ချို့ အားနည်းခဲ့သည်များကို သင်ခန်းစာယူ၍ ၂၀၂၀ ရွေးကောက်ပွဲတွင် ထိုသို့ ထပ်မံမဖြစ်စေရန် လုပ်ဆောင်သွားမည်ဖြစ်ကြောင်း အတွေးရေးမှူး ဦးအောင်မြကျော်က ၎င်း၏ပါတီအပေါ် ပြန်လည်သုံးသပ်ခဲ့သည်။

ထို့ပြင် လွှတ်တော်ထဲတွင် တပ်မတော်ပါဝင်မှုအပေါ် ANP အနေဖြင့် သဘောတူခြင်းမရှိဘဲ တဖက်သက်ဆန်သည့် ဥပဒေရေးဆွဲထည့်သွင်းမှုဖြစ်သည်ဟု ဆိုသည်။

ANP သည် ၂၀၁၀၊ ၂၀၁၅ အထွေထွေရွေးကောက်ပွဲများနှင့် ၂၀၁၇၊ ၂၀၁၈ ကြားဖြတ်ရွေးကောက်ပွဲများတွင် ဝင်ရောက်ယဉ်ပြိုင်ခဲ့ပြီး ရွေးကောက်ပွဲအတွေ့အကြုံရင့်သည့် ပါတီဖြစ်သည်။

Most read this week

July 3, 2021
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင် ဒေါက်တာဗညားအောင်မိုးနှင့် အဖွဲ့ဝင်အချို့၊...
July 3, 2021
ကရင်ပြည်နယ် မြဝတီမြို့ရှိ အာဇာနည်ပန်းခြံကို ဦးစပန်းခြံဟု နစကကောင်စီက...
July 3, 2021
ကျိုက်မရောအကျဉ်းထောင်မှ ဖမ်းဆီးခံထားရသူအချို့ကို ဇွန် ၃၀ ရက်က နစကကောင်စီက ပြန်လွှတ်ပေးခဲ့ရာတွင်...
July 3, 2021
မော်လမြိုင်ဆေးရုံကြီး Isolation ward 1 တွင် ဆေးကုသမှုခံယူနေသည့် ကိုဗစ်အတည်ပြုလူနာ...