“ခပ်ရိုင်းရိုင်းပြောရရင် ရခိုင်ဟာ ကော်မတီဖောင်းပွနေတဲ့ ပြည်နယ်လို့တောင် ထင်မိပါတယ်။ ဘယ်ကော်မတီမှ အလုပ်ဖြစ်တာ မတွေ့ရပါဘူး။ ထိရောက်တဲ့ ကုသကာကွယ်မှုတွေပြုလုပ်ဖို့ ဗဟိုချုပ်ကိုင်မှုကို လျှော့ချလိုက်ဖို့ လိုအပ်လာပါပြီ။”

“ခပ်ရိုင်းရိုင်းပြောရရင် ရခိုင်ဟာ ကော်မတီဖောင်းပွနေတဲ့ ပြည်နယ်လို့တောင် ထင်မိပါတယ်။ ဘယ်ကော်မတီမှ အလုပ်ဖြစ်တာ မတွေ့ရပါဘူး။ ထိရောက်တဲ့ ကုသကာကွယ်မှုတွေပြုလုပ်ဖို့ ဗဟိုချုပ်ကိုင်မှုကို လျှော့ချလိုက်ဖို့ လိုအပ်လာပါပြီ။”

ဗဟိုချုပ်ကိုင်မှုစီမံချက်ဖြင့် ကိုဗစ်ကို ကာကွယ်ထိန်းချုပ်နိုင်မလား

မင်းထီး — ၂၀၁၉ မှာ တရုတ်နိုင်ငံ ဝူဟန်မြို့ကနေ စတင်လာတဲ့ COVID-19 ခေါ် ကိုရိုနာရောဂါဟာ မြန်မာနိုင်ငံ၊ ရခိုင်ပြည်နယ်ကို ဒုတိယလှိုင်းအဖြစ် ၁၆/၈/၂၀၂၀ မှာ စတင်ဝင်ရောက်လာခဲ့ပါတယ်။ နှစ်ပတ်ကျော် ရခိုင်ပြည်နယ် စစ်တွေကိုဗဟိုပြုပြီး နောက်ထပ်မြို့နယ် တစ်ဆယ်ကျော်မှာ လူပေါင်း ၃၀၀ ကျော်ကို ကူးစက်နေတာပါ။ ကူးစက်မြန်ကိုရိုနာကြောင့် ရခိုင်ပြည်နယ်အတွင်း ခရီးလမ်းကြောင်းအားလုံးကို ပိတ်ထားလိုက်ရပါတယ်။

ကိုဗစ်ကာလ စားသောက်ကုန်အတွက် ကုန်စည်စီးဆင်းမှုအနည်းငယ်ကို ခွင့်ပြုထားပေမယ့် ကိုဗစ်ဟာ ဘယ်အချိန်ထိ ထပ်ပြီးကူးစက်နေမလဲဆိုတာ ဘယ်သူမှမသိနိုင်ပါဘူး။ ဆိုတော့ ဒီအတိုင်းဆက်ပြီး ကူးစက်နှုန်းမြန်နေပါက ဒေသတွင်း အခြေခံလူတန်းစားများအတွက် ဆိုးရွားတဲ့ အငတ်ဘေးဆိုက်လာနိုင်တဲ့ အခြေနေထိလည်း ရောက်ကောင်းရောက်သွားနိုင်ပါတယ်။ အစိုးရရဲ့ကူညီထောက်ပံ့မှုက လူထုအတွက် လုံလောက်ဖို့ဆိုတာ မဖြစ်နိုင်ပါဘူး။ ဒါကြောင့် ရခိုင်ပြည်နယ်အတွက် သီးခြားစဉ်းစားဖို့ လိုအပ်လာတဲ့အခြေအနေလို့ မြင်ပါတယ်။ ဗဟိုအစိုးရအနေနဲ့ စဉ်းစားထားပြီးသားလည်း ဖြစ်မှာပါ။

ရခိုင်ပြည်နယ်အတွင်း စစ်ဘေးသင့်ပြည်သူအများအပြား နေရပ်စွန့်ခွာနေကြရပြီး ဒုက္ခသည်စခန်းတွေမှာ ဖြစ်သလိုနေထိုင်ကြရသူပေါင်း နှစ်သိန်းကျော်နဲ့ ၂၀၁၂ ပဋိပက္ခမှာ လူပေါင်းနှစ်သိန်းဝန်းကျင်ဟာ ဒုက္ခသည်စခန်းများအတွင်း ဆိုရွားစွာဖြတ်သန်းနေကြရပါတယ်။ ပေါင်းလိုက်ရင် ရခိုင်ပြည်အတွင်း လူပေါင်း လေးသိန်းဝန်းကျင်လောက်က အလွန်ကျဉ်းမြောင်းတဲ့ စခန်းများအတွင်း နေထိုင်နေကြရတဲ့ အခြေအနေဖြစ်ပါတယ်။ ရခိုင်ပြည်တွင်းနေထိုင်သူဉီးရေ စုစုပေါင်းရဲ့ ၁၀% ကျော်က ပြည်တွင်းနေရပ်စွန့်ခွာပြီး ကျဉ်းမြောင်းတဲ့ ဒုက္ခသည်စခန်းများအတွင်း နေကြရပါတယ်။

ဒီနေရပ်စွန့်ခွာသူအားလုံးဟာလည်း အစိုးရ၊ NGO, INGO, CSO များရဲ့ ကူညီပံ့ပိုးမှုတွေကို အဓိကမှီခိုနေကြရတာပါ။ ဒါကြောင့် ရခိုင်ပြည်အတွင်း အဓိကပံ့ပိုးနေတဲ့ NGO, INGO, CSO အဖွဲ့အစည်းတွေရဲ့ ယန္တရားလည်ပတ်နိုင်ဖို့လည်း အလွန်အရေးကြီးတဲ့ အခြေအနေဖြစ်ပါတယ်။ နောက်တစ်ချက်က ကုန်စည်စီးဆင်းမှုနဲ့ ကိုဗစ်ကာလ ခရီးသွားလာရေး ပိတ်မိနေသူတွေအရေးပါ။ ဒါကလည်း အကြောင်းအမျိုးမျိုးကြောင့် ကိုယ့်ဒေသကနေ ခရီးတစ်ခုမှာ ပိတ်မိနေသူတွေအရေးကလည်း မဖြေရှင်းလို့မရနိုင်တဲ့ အနေအထားမှာ ရှိနေပါတယ်။ ဒါကြောင့် ဒီပြသနာကြီးတစ်ရပ်ကို ဖြေရှင်းဖို့ သီးသန့်ယန္တရားတစ်ခုကို အစိုးရအနေနဲ့ စဉ်းစားဖို့လိုအပ်ပါတယ်။

ရောဂါရှာဖွေခြင်း

သံသယရှိသူတွေကို ရောဂါရှာဖွေ၊ စစ်ဆေးဖို့အတွက် ရောဂါပိုးအများဆုံး ကူးစက်ခံထားရတဲ့ ရခိုင်ပြည်နယ်မှာ စစ်ဆေးဖို့ လုံလောက်တဲ့ ရောဂါရှာဖွေရေးစက်ကို တပ်ဆင်ပြီး လုပ်ဆောင်ဖို့ လိုအပ်ပါတယ်။ ရခိုင်ပြည်အတွင်း မြို့နယ်အများစုဟာ ရောဂါသံသယရှိသူတွေကို သွေးဖောက်ပြီး ရန်ကုန်ကို ပို့နေရတာကြောင့် အချိန်တွေ ကြာမြင့်နိုင်ပါတယ်။ အခုလို တချို့မြို့နယ်တွေက လေကြောင်းလိုင်းတွေကို ပိတ်လိုက်တဲ့အခါ ပိုပြီးကြန့်ကြာစေပြီး ငွေကုန်လူပန်းတဲ့ အလုပ်တစ်ခုလို ဖြစ်နေပါတယ်။ နောက်တစ်ခုက လူတွေကို အိမ်မှာလှောင်ပိတ်ပြီး ရေရှည်နေခိုင်းလို့ မရပါဘူး။ ဒါကို ဖွင့်ပေးနိုင်ဖို့အတွက် ရောဂါပိုး ရှိ/မရှိကို စစ်ဆေးဖို့လည်း ရောဂါဖြစ်နေတဲ့ မြို့နယ်တွေအတွက် မဖြစ်မနေ လိုအပ်ပါတယ်။

ရခိုင်ပြည်နယ်အတွင်း ပိတ်မိနေသူတွေရဲ့ အိမ်ပြန်ခရီးအတွက်လည်း အစီအစဉ်တွေ လိုအပ်ပါတယ်။ ဒါဟာလည်း အမှန်လိုအပ်တဲ့ လိုအပ်ချက်ဖြစ်ပါတယ်။ WHO ရဲ့ ခန့်မှန်းချက်အရ COVID-19 ဟာ အချိန်နောက်ထပ်နှစ်နှစ်ထိ ကြာမြင့်နိုင်တယ်လို့ ဆိုထားပါတယ်။ ဒါကြောင့် ရောဂါဖြစ်ပွားရာဒေသအတွင်း ခရီးလွန်နေသူတွေဟာ နှစ်နှစ်အထိ တစ်ခြားမြို့တွေမှာ ပိတ်မိနေလိုမရပါဘူး။ ဆိုတော့ ကိုဗစ်ကူးစက်မှုကိုကာကွယ်ဖို့ အရေးကြီးသလို ခြေဆေး၊ လက်ဆေး၊ နှာခေါင်းစည်းတပ်ခြင်းထက် ပိုမိုစဉ်းစားစရာတွေ အများကြီးရှိနေတယ်ဆိုတာပါပဲ။

ရေရှည်မှာ လူတွေ ကိုဗစ်နဲ့တည့်အောင်နေဖို့ အရေးကြီးပါတယ်။ အိမ်တွင်းအောင်းပြီး ရှောင်လွှဲဖို့ဆိုတာက ရေရှည်မှာ အဆင်မပြေနိုင်ပါဘူး။ ဒီလိုလုပ်နိုင်ဖို့က အစိုးရအနေနဲ့ ရှိထားပြီးသားယန္တရားကို ကော်မတီဖွဲ့ရုံနဲ့ မလုံလောက်ဘူးဆိုတာ သေချာပါတယ်။ ခပ်ရိုင်းရိုင်းပြောရရင် ရခိုင်ဟာ ကော်မတီဖောင်းပွနေတဲ့ ပြည်နယ်လို့တောင် ထင်မိပါတယ်။ ဘယ်ကော်မတီမှ အလုပ်ဖြစ်တာ မတွေ့ရပါဘူး။ ထိရောက်တဲ့ ကုသကာကွယ်မှုတွေပြုလုပ်ဖို့ ဗဟိုချုပ်ကိုင်မှုကို လျှော့ချလိုက်ဖို့ လိုအပ်လာပါပြီ။

ဘယ်လိုဖြေရှင်းမလဲ

ရခိုင်ပြည်နယ်က ရောဂါသံသယရှိသူတွေကို စစ်ဆေးဖို့ ရောဂါရှာဖွေရေးစက်ကို စစ်တွေမြို့မှာထားရှိပြီး ရခိုင်တစ်ပြည်လုံးက သံသယရှိသူတွေကို အချိန်နှင့်တစ်ပြေးညီ စစ်ဆေးနိုင်ဖို့ပါ။ ရခိုင်ပြည်အတွင်း ခရီးသွားလာရေးအတွက် မဖြစ်မနေ လိုအပ်သူတွေကို ရောဂါစစ်ဆေးခြင်း ၊ ကျန်းမာရေးထောက်ခံချက်ပေးခြင်း၊ သွားလိုသည့် နေရာအတိအကျ၊ နေထိုင်ခဲ့သည့် နေရာအတိအကျကို မှတ်သားခြင်း၊ ခရီးစဉ်အတွက် ဥပမာ- အစိုးရပြေးဆွဲသော အစီအစဉ်ဖြင့်သာ ရွေးချယ်ဖွင့်လှစ်ပေးခြင်း၊ ခရီးသွားလိုသူ နေထိုင်လိုသည့် ရက်၊ လကို အကန့်အသတ်ဖြင့် သတ်မှတ်ပေးထားခြင်း ခရီးသည်များသွားလိုသည့်နေအိမ် (သို့မဟုတ်) သွားလိုသည့် နေရာသည် သူအမြဲနေထိုင်ရာ (သို့မဟုတ်) ကာလရှည်နေထိုင်မည့်နေရာသို့ ရောက်ရှိပါက နှစ်ဆယ့်လေးနာရီအတွင်း ကျန်းမာရေးစစ်ဆေးနိုင်ရန် စီစဉ်ပြီး လေးဆယ့်ရှစ်နာရီအတွင်း အဖြေထုတ်နိုင်အောင် စီစဉ်ပေးနိုင်ဖို့ ကြိုးစားသင့်ပါတယ်။

ဈေးတွေကိုလည်း ယာယီပိတ်ထားခြင်း၊ အချိန်ပိုင်းဖွင့်ပေးခြင်းက ထိရောက်တဲ့ ကုစားကာကွယ်မှုဖြစ်ဖို့ မလွယ်ပါဘူး။ ကိုဗစ်ကာလ ဈေးနှုန်းများ သတ်မှတ်ကာ တိကျသော စည်းမျဉ်းစည်းကမ်းများဖြင့် ရောင်းဝယ်နိုင်ရန် စီစဉ်သင့်ပါတယ်။ သို့မဟုတ် အိမ်အရောက် ဈေးဝယ်နိုင်မည့် နည်းလမ်းကိုရှာဖွေကာ လူများကို အစုလိုက် ဖြစ်စေသည့် နည်းလမ်းကနေ ကာကွယ်ဖို့ Mobile Market ပုံစံဖြင့် လုပ်ဆောင်နိုင်ပါတယ်။ အင်တာနက်ကို ဖွင့်ပေးထားပြီး သတင်းအချက်အလက်ကို အခြေခံတဲ့ လူနေမှုပုံစံအဖြစ် ဖန်တီးပေးဖို့ လိုအပ်ပါတယ်။ ကိုဗစ်ကာလမှာ အင်တာနက်အသုံးပြုလို့ မရတာဟာ လူတွေကို ရောဂါပိုပြီးကူးစက်ဖို့ ဖိတ်ခေါ်တာနဲ့ တူနေပါတယ်။

အဲဒီအရေးပေါ်ကာလ ပြဌာန်းချက်တွေ၊ အသိပညာပေးလုပ်ငန်းတွေ လူထုလိုက်နာဆောင်ရွက်မှုတွေအတွက် ရခိုင်ပြည်နယ်လွှတ်တော်က ဥပဒေပြဌာန်းပြီး ပြည်နည်အစိုးရရဲ့ လုပ်ပိုင်ခွင့်သို့ ပြောင်းလဲပြီး နည်းပညာများ၊ တချို့သော ငွေကြေးများအတွက် ရခိုင်ပြည်နယ်အတွင်း လုပ်ဆောင်နေတဲ့ NGO, INGO, CSO တွေရဲ့ အကူအညီကိုရယူပြီး ကိုဗစ်ကာကွယ်ရေးအတွက် လိုအပ်သည့် ဌာန၊ နေရာ၊ ကျွမ်းကျင်မှုကို အခြေခံကာ စေတနာ့ဝန် ထမ်းများကို ခေါ်ယူသင့်ပါတယ်။

ဒီလို ထိရောက်နိုင်တဲ့ လုပ်ငန်းများကို လုပ်ဆောင်ဖို့ အစိုးရဌာနတစ်ခုတည်းလောက်နဲ့ လုံလောက်မည် မဟုတ်ပါ။ ဒါကြောင့် ပြည်သူတွေရဲ့ ပူးပေါင်းပါဝင်မှုအတွက် လမ်းဖွင့်ပေးသင့်ပါတယ်။ နိုင်ငံရေးပါတီများအနေဖြင့်လည်း လူထုအတွက် လိုအပ်သည့်နေရာများတွင် ကဏ္ဍအလိုက် သတ်မှတ်ကာ ပူးပေါင်းပါဝင် ဆောင်ရွက်သင့်ပါတယ်။ ဒုက္ခသည်စခန်းများအတွင်း အသိပညာပေးလုပ်ငန်းများ လုပ်ဆောင်ခြင်း၊ ကြိုတင်ကာကွယ်ရေးနဲ့ စည်းကမ်းလိုက်နာဆောင်ရွက်ရေးအတွက် အထူးစီမံချက်အနေဖြင့် လုပ်ဆောင်ဖို့ လိုအပ်တဲ့အချိန်လို့ မြင်ပါတယ်။

ဒါကြောင့် ရခိုင့်မြေပြင်မှာဖြစ်နေတဲ့ အခြေအနေကို ရခိုင်ပြည်နဲ့ဝေးကွာတဲ့ နေရာကနေ စဉ်းစားဆုံးဖြတ်နေတဲ့ ပုံစံကိုလျှော့ချပြီး ရခိုင်လူထု ယခုထက်ပိုမို ပူးပေါင်းပါဝင်သော ကိုဗစ်ကာကွယ်ရေးနှင့် လူထုအဆင်ပြေချောမွေ့စွာ နေထိုင်နိုင်ရေးအတွက် ယန္တရားသစ်တစ်ခုကို ဖန်တီးဖို့ လိုအပ်နေပြီး ရခိုင်ပြည်နယ်လွှတ်တော်ရဲ့ အခန်းကဏ္ဍကို ဗဟိုပြုကာ လိုအပ်သည့် ဥပဒေများ၊ အမိန့်ကြေညာစာများကို ထုတ်ပြန်ပြီး ပိုမိုကောင်းမွန်တဲ့ အခြေအနေကို စဉ်းစားလုပ်ဆောင်ဖို့ အရေးအကြီးဆုံးအချိန်လို့ စာရေးသူအနေဖြင့် ရှုမြင်ပါတယ်။

ကိုဗစ်နဲ့ ရေရှည်အဆင်ပြေရေးနဲ့ ကိုဗစ်နှင်ထုတ်ရေးအတွက် လမ်းဆုံမှာ မောင်းတံချထိုင်စောင့်နေရုံထက် ပိုမိုကောင်းမွန်ပြီး လူထုအတွက်လိုအပ်တဲ့ တခြားဝန်ဆောင်မှုများအတွက် လုပ်ဆောင်ဖို့ လိုအပ်ပါတယ်။ ဆန်၊ ဆီ၊ ဆားထက် ပိုမိုစဉ်းစားဖို့ လိုအပ်နေပြီး ဗဟိုကချမှတ်လာတဲ့ အခြေအနေထက် ပြည်နယ်အစိုးရရဲ့ လုပ်ဆောင်မှုဖြင့်သာ ပိုမိုတိကျသော အခြေအနေကို ထူထောင်နိုင်မှာ ဖြစ်ပါတယ်။ ဒီလိုအထူးအခြေအနေမှာ လိုအပ်တဲ့ ငွေကြေးအထောက်အပံ့ကိစ္စများ၊ နည်းပညာများအတွက်သာ ပြည်ထောင်စုအစိုးရအနေနဲ့ တိုက်ရိုက်တာဝန်ယူ ဖြေရှင်းပေးသင့်ပါတယ်။

လူထုစနစ်တစ်ကျ ပူးပေါင်းပါဝင်သော ကိုဗစ်တိုက်ဖျက်ရေး အစီအစဉ်ကို မြေပြင်လုပ်ငန်းကို ကျွမ်းကျင်စွာ လုပ်ကိုင်နိုင်မယ့် ပြည်နယ်အစိုးရက သက်ဆိုင်ရာမြို့နယ်များမှ လူထု၊ ပရဟိတအဖွဲ့များရဲ့ပူးပေါင်းဖြေရှင်းမှုဖြင့်သာ ကိုဗစ်ကို မြန်ဆန်စွာ ထိန်းချုပ်နိုင်မယ်လို့ သုံးသပ်မိပါတယ်။ လက်ရှိကာလမှာ အစိုးရတခြား၊ လူထုတခြား၊ ပရဟိတအဖွဲ့များတခြားစီ ကူညီနေတာကိုတွေ့ရပြီး ထိုစေတနာ့ဝန်ထမ်းများကြားက သတင်းအချက်အလက်စီးဆင်းမှု လိုအပ်သည့်အခြေအနေကို တိကျစွာအစီရင်ခံမှုများ၊ အပြန်အလှန် အတွေ့အကြုံ ထင်မြင်ယူဆချက်များကို တင်ပြဆွေးနွေးအသိပေးမှုအတွက် လိုအပ်တဲ့ယန္တရား ပျောက်ကွယ်နေတာကို တွေ့ရပါတယ်။

မည်သည့်ကြိုတင်တွက်ချက်မှု၊ ပြင်ဆင်မှုမှ မရှိဘဲ လိုအပ်သည့်အချိန်မှသာ ပြုလုပ်နေခြင်းထက် ကိုဗစ်ကူးစက်ခံ နေရသည့်မြို့များ၊ ကူးစက်မခံရသေးသည့် မြို့များအတွက် စနစ်တကျ စစ်တမ်းပြုလုပ်ခြင်း၊ လိုအပ်သည့် နေရာထိုင်ခင်း၊ အထောက်အကူကိရိယာများအတွက် ကြိုတင်တွက်ချက်ပြင်ဆင်နိုင်တဲ့ ယန္တရားကို ထူထောင်ပြီး ပြည်နယ်အဆင့် အထူးအစီအမံဖြင့် လုပ်ဆောင်နိုင်ပါမှ ကိုဗစ်ပြီးဆုံးသည့်နောက် စွမ်းစွမ်းတမံကူညီခဲ့တဲ့ စေတနာ့ ပရဟိတဝန်ထမ်းများ၊ စေတနာအလှူရှင်များ စတဲ့ လူတွေအတွက် အစိုးရက ဂုဏ်ပြုနိုင်မှာဖြစ်ပြီး လူထု၏ယုံကြည်မှု ပူးပေါင်းပါဝင်ဆောင်ရွက်မှုကလည်း ပိုမိုအားရှိတဲ့ အထောက်အကူဖြစ်လာမှာ ဖြစ်ကြောင်း သုံးသပ်တင်ပြအပ်ပါတယ်။

စစ်တွေမြို့ပေါ် ဘုန်းတော်ကြီးကျောင်းတွင် ခိုလှုံနေကြသော ဗျိုင်းဖြူရွာသားများကို ၂၀၂၄ ခုနှစ် ဇွန်လအတွင်းက တွေ့ရစဉ်။
November 23, 2024
ရခိုင်ပြည်၊ စစ်တွေမြို့၊ စက်ရုံစုရပ်ကွက်ရှိ ရဲကင်းစခန်းအနီးမှ နေအိမ်ဖယ်ရှားခံရသည့် ဒေသခံများမှာ...
ပုံစာ - အမ်းမြို့နယ်ရှိ ကုတင် (၃၀၀) ဆံ့ စစ်ဆေးရုံကို သိမ်းပိုက်ပြီးနောက် တွေ့ရသော AA တပ်ဖွဲ့ဝင်များ။
November 22, 2024
ရခိုင်ပြည်၊ အမ်းမြို့အကျဉ်းထောင်ရှိ အကျဉ်းသားများနှင့် တိုက်ပွဲကာလ ဖမ်းဆီးထားသော အရပ်သားများကို...
မောင်တောမြို့နယ်ရှိ ဟိန္ဒူစစ်ဘေးရှောင်စခန်းမှ ကလေးငယ်တစ်ဦး။ (၂၀၂၄ ခုနှစ်၊ နိုဝင်ဘာ ၂ ရက်)
November 21, 2024
မြန်မာ့ပြည်တွင်းစစ်တွင် အခက်အခဲ၊ အကျပ်အတည်းများစွာနှင့် ရင်ဆိုင်နေရသည့် ကလေးသူငယ်များကို...
ရခိုင်ဒေသမှ စစ်ဘေးရှောင် ကလေးငယ်များ။
November 20, 2024
ရခိုင်ပြည်၊ ကျောက်တော်မြို့နယ်ရှိ စစ်ဘေးရှောင်စခန်းအချို့တွင် ကလေးသူငယ်များ ဝမ်းပျက်ဝမ်းလျှော...