ခွန်းလွီးဇီငြိမ်း (ခ) ခွန်းဘီထူးဟာ ရှမ်းပြည်နယ်တောင်ပိုင်း ဖယ်ခုံမြို့မှာအဖဦးဇော်ငြိမ်း၊ အမိ ဒေါ်အားသိုင်ကနေ မွေးဖွားခဲ့သူဖြစ်ပြီး ကယန်းတိုင်းရင်းသားတစ်ဦးဖြစ်ပါတယ်။ ငယ်စဉ်ကတည်းက မိဘမဲ့ကျောင်းမှာနေပြီး ကြီးပြင်းလာခဲ့သူတစ်ဦးလည်းဖြစ်ပါတယ်။
အထက်တန်းရောက်တော့ ကက်သလစ်ရဟန်းဖြစ်သင်ကျောင်းကိုသွားပြီး ပညာသင်ကြားခဲ့ပါတယ်။ သို့ပေမယ့် အထက်တန်းကျောင်းပြီးတော့ နိုင်ငံရေးဘက်ကိုပဲ အလေးသာတော့ နိုင်ငံရေးဘက်ကို ဝင်ရောက်လေ့လာခဲ့သူပါ။
ပထမဦးဆုံး ၂၀၀၄ ခုနှစ်မှာ ထိုင်းနိုင်ငံမှာဖွင့်လှစ်တဲ့ သင်တန်းတစ်ခုကို တက်နေရင်း နိုင်ငံခြားဆက်ဆံရေးနဲ့ ပတ်သက်တဲ့ကျောင်းတစ်ကျောင်းကို ဆက်လက်တက်ရောက်ခဲ့ပါတယ်။ နိုင်ငံခြားဆက်ဆံရေးနဲ့ ပတ်သက်တဲ့ကျောင်းကိုတက်ပြီး ဥရောပကို အလုပ်သင်စေလွှတ်ခြင်း ခံခဲ့ရပါတယ်။
ပထမဦးဆုံး ထိုင်းနိုင်ငံနယ်စပ်မှာနေထိုင်စဉ်က တိုင်းရင်းသားပေါင်းစုံနဲ့ နေထိုင်ခွင့်ရပြီး ဒေါ်အောင်ဆန်းစုကြည်လွှတ်မြောက်ဖို့အတွက် ငြိမ်းချမ်းရေးလှုပ်ရှားမှုတွေကို အားသွန်ခွန်စိုက် ကြိုးပမ်းမှုမှာ ပါဝင်လုပ်ဆောင်ခဲ့သူတစ်ဦးလည်း ဖြစ်ပါတယ်။
အဲ့ဒီနောက် ဥရောပကိုရောက်ခဲ့ပြီး ကိုယ့်မြန်မာနိုင်ငံရဲ့ နိုင်ငံရေးအကြောင်းတွေကို မိတ်ဆက်ရင်း အာဏာရှင်တွေကနေ လွှတ်မြောက်နိုင်ဖို့၊ နိုင်ငံတကာကနေ ဖိအားတွေပေးဖို့ တောင်းဆိုမှုတွေ ကို ၂၀၀၆-၀၇ အထိ လုပ်ဆောင်ခဲ့ပါတယ်။
နောက်ထပ် နိုင်ငံရေးလှုပ်ရှားမှုတွေအနေနဲ့ ၂၀၀၄ ခုနှစ်မှာ ကယန်းမျိုးဆက်သစ်လူငယ်မှာ အဖွဲ့ဝင်လုပ်ကိုင်ခဲ့ပြီး ၂၀၀၅ ခုနှစ်မှာ မြန်မာနိုင်ငံကျောင်းသားလူငယ်များကွန်ယက်မှာ ဝန်ထမ်းအနေနဲ့ ပါဝင်လုပ်ကိုင်ခဲ့ပါတယ်။ ၂၀၀၈ ခုနှစ်မှာ ပြည်တွင်းကို ပြန်လည်ဝင်ရောက်လာပြီး လူ့အခွင့်အရေးနဲ့ပတ်သက်တဲ့ ပညာပေးလှုပ်ရှားမှုတွေ၊ ဖွဲ့စည်းပုံနဲ့ ပတ်သက်တဲ့ပညာပေးတွေကို ကိုယ့်မိဘအိမ်မှာတောင် မနေရဲဘဲ ရုံးတွေမှာ၊ ချောင်ကြိုချောင်ကြားတွေမှာ လိုက်နေရင်း သင်တန်းပေးနေတာက သူ့အတွက် စိတ်လှုပ်ရှားစရာဖြစ်တဲ့အတွက်ကြောင့် နိုင်ငံရေးလှုပ်ရှားမှုတွေကို ဆက်လက်လုပ်ဆောင်ခဲ့တယ်လို့ ဆိုပါတယ်။
၂၀၀၈ ခုနှစ်မှာ ဖွဲ့စည်းပုံကို ပြည်သူတွေအနေနဲ့ ကန့်ကွက်မဲပေးရန် လှုပ်ရှားမှုလုပ်ရင်း ထောင်ကျခဲ့ပါတယ်။
″ဒါပေမယ့် ထောင်ချတဲ့အချိန်မှာ ဖွဲ့စည်းပုံကို ကန့်ကွက်တဲ့အမှုနဲ့မချဘူး၊ အဲ့အမှုနဲ့ဆိုရင် ထောင်ဒဏ် ၁ နှစ်နဲ့ ငွေဒဏ် ၁ သိန်းပဲလားမသိဘူး အဲ့လောက်ချရမယ့် ပုဒ်မမျိုးပေါ့နော။ အဲ့ပုဒ်မကို သက်သက်မဲ့ချန်ထားပြီးတော့မှ ဆိုင်ကယ်လိုင်စင်မဲ့ စီးတဲ့အမှု တစ်မှုရယ်၊ နယ်စပ်ဖြတ်ကျော်တယ်ဆိုပြီးပေါ့ေနာ နယ်စပ်ဖြတ်ကျော်တာ တစ်မှုရယ်၊ နိုင်ငံခြားအသင်းနဲ့ ဆက်သွယ်မှု၊ မတရားအသင်းဖွဲ့စည်းမှု၊ နိုင်ငံတော်မတည်မငြိမ် လုပ်ဆောင်မှု၊ နောက် အီလက်ထရောနစ် အက် ကိုအသုံးပြုပြီးမှ နိုင်ငံရေးလှုံ့ဆော်မှု စတည်တို့ပေါ့နော။ ပြောလိုက်တဲ့အချိန်မှာ ၃၇ နှစ် ကျွန်တော်တို့ကို အမိန့်ချလိုက်တယ်ပေါ့နော။ လွိုင်ကော်ထောင်မှာပဲ နေ့တပိုင်းလေးပဲ၊ နေ့တပိုင်းတောင်မရှိဘူး သုံးနာရီလောက်ပဲ မေးမြန်းပြီးတော့ အမိန့်တွေ ချသွားတယ်ပေါ့။ အမိန့်တောင်မှ ပြင်ဆင်လာပြီးသားအမိန့်တွေနဲ့ ကျွန်တော်တို့ကို အမိန့်ချတယ်ပေါ့။″ လို့ ကိုဘီထူးက ထောင်ကျခဲ့စဉ်အကြေင်းများကို ပြန်လည်ပြောပြခဲ့ပါတယ်။
လွိုင်ကော်ထောင်မှာ တော်တော်လေးခက်ခဲတဲ့အကြောင်းလည်း ယခုလိုပြောပြပါတယ်။
″အမှုတွေစစ်ဆေးတဲ့အချိန်မှာ ဒကစ (ဒေသကွပ်ကဲရေး စစ်ဌာနချုပ်) တွေရောက်လာတယ်၊ ပြီး စအဖ၊ စစစ၊ SP နဲ့ ရဲ စတာတွေ တစ်လှည့်စီရောက်လာပြီး စစ်ဆေးမေးမြန်းမှုတွေ၊ ညှင်းပန်းနှိပ်စက်မှုတွေကို အလူးအလဲခံခဲ့ရပါတယ်။ ဒကစ နဲ့ စအဖ တွေက ကျွန်တော့်ကို အလွှတ်မပေးဘဲနဲ့ ထောင်ထဲမှာပဲ ၆ လလောက်နေခိုင်းတယ်ပေါ့နော။ စစ်ဆေးတုန်းက အကုန်မပြောခဲ့တဲ့ဟာတွေ ရိုက်စစ်ပြီး ထောင်ထဲမှာ ၆လလောက် စစ်မေးခဲ့တယ်″ ဟု ဆိုတယ်။
အထိန်းအချုပ်တွေထဲမှာနေနေရတာက သွေးလန့်မှုတွေ၊ ကြောက်ရွံ့မှုတွေရှိပေမယ့် အထဲရောက်နှင့်နေပြီးသားဖြစ်တဲ့ ဆရာသမားတွေရဲ့ နိုင်ငံရေးဖလှယ်တာတွေ၊ မှုတွေကြောင့် နိုင်ငံရေးကို ပိုပြီးစိတ်အားထက်သန်ခဲ့ရတယ်လို့ ဆိုပါတယ်။
တောင်ငူထောင်၊ တောင်ကြီးထောင်စတဲ့နေရာတွေမှာ နိုင်ငံရေးအကျဉ်းသားတွေနဲ့ တွေ့ကြုံခဲ့ရင်းနိုင်ငံရေးအကြောင်းတွေ ဖလှယ်ခဲ့ကြကြောင်း ကိုဘီထူးကပြောပါတယ်။ ထောင်တွင်းမှာတော့ အခက်အခဲကြားကနေ နိုင်ငံရေးစိတ်ဓာတ်နိုးကြားလာေအာင် လုပ်ရတယ်၊ အခက်အခဲတွေကြားကနေ စည်းလုံးညီညွှတ်မှုတွေ ဖော်ဆောင်ရတယ်၊ နိုင်ငံရေးဗဟုသုတကို လေ့လာရတယ်။ ပြီးတော့ တောင်ငူထောင်မှာ စာအုပ်၊ ခဲတံလေးတွေ ကိုင်ခွင့်ရတော့ အင်္ဂလိပ်စာကိုလည်း ထောင်ထဲမှာနေတဲ့တစ်လျှောက် တိုးတက်အောင် လေ့လာနေတယ်လို့ ကိုဘီထူးက ပြောပါတယ်။
ထောင်ကနေထွက်လာတဲ့အချိန်မှာ နိုင်ငံရေးကို ဆက်မလုပ်ဘဲ နိုင်ငံခြားမှာကျောင်းဆက်တက်ဖို့၊ ပညာရေးဘက်ပြန်သွားဖို့ ဆုံးဖြတ်ခဲ့ပေမယ့် ကိုယ့်ကိုအားပေးသူတွေ နိုင်ငံရေးကိုပဲ ဆက်လှုပ်ရှားဖို့ထောက်ခံသူတွေ များတဲ့အတွက်ကြောင့် ကျောင်းဆက်မတက်တော့ဘဲ နိုင်ငံရေးဘက်ကို ဆက်လှုပ်ရှားခဲ့တယ်လို့ ဆိုပါတယ်။
၂၀၁၅ မှာ ရွေးကောက်ပွဲ ဝင်ရောက်ယှဉ်ပြိုင်ဖို့လုပ်တော့ ရွေး/ကော်ကနေပြီး စည်းကမ်းချက်နဲ့ မကိုက်ညီဘူးဆိုပြီး ပယ်ဖျက်လိုက်ပါတယ်။ ဒီအချိန်မှာ ကယန်းအမျိုးသားပါတီရဲ့ ဥက္ကဌအဖြစ် တာဝန်ယူခဲ့ပါတယ်။
မြန်မာတစ်နိုင်ငံလုံးရဲ့ အသက်အငယ်ဆုံး ပါတီဥက္ကဌလည်းဖြစ်ခဲ့ပါတယ်။ သို့ပေမယ့် ရွေးကောက်ပွဲမဝင်ခဲ့ရပေမယ့် နိုင်ငံရေးပါတီတွေကို ဘယ်လိုပံ့ပိုးရမယ်ဆိုတာကိုတော့ သူ့စိတ်ထဲအမြဲစဉ်းစားနေတယ်လို့ ဆိုပါတယ်။ ဒါကြောင့် ၂၀၁၅ မှာ ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က တိုင်းရင်းသားဒေသမှာလွှမ်းမိုးနေတာဖြစ်တဲ့အတွက် NLD နိုင်ဖို့ကို လိုလားခဲ့တဲ့သူလည်း ဖြစ်ခဲ့ပါတယ်။
သို့ပေမယ့် နိုင်ငံရေးမှာ အပြင်ဘက်ကနေပြီ ပံ့ပိုးမှုတွေ လုပ်ဆောင်ပေးရုံနဲ့ မရတော့ဘဲ ကိုယ်တိုင်ပါဝင်လုပ်ဆောင်သင့်ပြီ ဆိုတဲ့ ဆုံးဖြတ်ချက်ရယ်၊ ၂၀၀၈ ဖွဲ့စည်းပုံကို မကြိုက်သော်ငြားလည်း ရွေးကောက်ပွဲတော့ ဝင်သင့်တယ် ဝင်ရမယ်ဆိုတဲ့ ဆုံးဖြတ်ချက်ကို ချမှတ်ပြီး ၂၀၂၀ ရွေးကောက်ပွဲမှာ ကယားပြည်နယ်၊ မယ်စဲမဲဆန္ဒနယ်မှာ ပြည်သူ့လွှတ်တော်အဖြစ် ပြန်လည်ဝင်ရောက် အရွေးချယ်ခံမှာ ဖြစ်ပါတယ်။
ပြန်လည်အရွေးချယ်ခံဖို့ လုပ်တဲ့နေရာမှာ အခက်အခဲ၊ စိန်ခေါ်မှုတွေ အများကြီးရှိခဲ့ပေမယ့်၊ ၂၀၂၀ ရွေးကောက်ပွဲမှာတော့ ငါးနေရာလောက် ရနိုင်အောင်ကြိုးစားပါမယ်ဆိုပြီး ကယန်းပါတီညီလာခံမှာ သူကတိပေးခဲ့ပါတယ်။ လွှတ်တော်ကိုရောက်သွားခဲ့ရင်လည်း ပြည်သူ့ကိုယ်စားလှယ်ကောင်း တစ်ယောက်ဖြစ်ဖို့၊ ပြည်သူဘက်က မားမားမတ်မတ်ရပ်တည်နိုင်ဖို့၊ မျိုးဆက်သစ်ကိုယ်စားလှယ်ကောင်းတစ်ယောက်ဖြစ်ဖို့ ကြိုးစားသွားမယ်ဆိုပြီး ပြောပါတယ်။
နိုင်ငံရေးလုပ်ဆောင်တဲ့အချိန်မှာ စီးပွားရေး၊ လူမှုရေး၊ အုပ်ချုပ်ရေးစတာတွေကို အသုံးချပြီး လုပ်ဆောင်ဖို့လိုအပ်တယ်ဖြစ်တဲ့အတွက် ခွန်းဘီထူးက လွှတ်တော်အမတ်တစ်ဦးအနေနဲ့ ဒီအချက်တွေကို အကျိုးရှိရှိအသုံးချဖို့၊ ပြည်ထောင်စုမှာလည်း အကျိုးရှိတဲ့အရာတွေကို မူဝါဒတွေနဲ့အညီ အကောင်အထည်ဖော်နိုင်ဖို့အထိ သွားချင်တဲ့အတွက် ရွေးကောက်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်မယ်လို့ ခွန်းဘီထူးက ဆိုပါတယ်။
နိုင်ငံရေးအပိုင်းမှာ အုပ်ချုပ်ရေးပညာအပိုင်း၊ လူထုအကျိုးကို အကောင်အထည်ဖော်တဲ့ မူဝါဒအပိုင်းတွေကိုတော့ လက်တွေမှာ အကျွမ်းကျင်ဆုံးနဲ့ အခုံမင်ဆုံးဖြစ်တယ်လို့လည်း ဆိုပါတယ်။ အခက်အခဲစိန်ခေါ်မှုတွေရှိနေပေမယ့် နိုင်ငံရေးအကြောင်းကို ပြောဆိုရတာ လုပ်ဆောင်ရတာ ပျော်တယ်လို့ သူကဆိုပါတယ်။
ကိုယ်စားလှယ်လောင်း ဝင်ရောက်ယှဉ်ပြိုင်တဲ့နေရာမှာ တစ်ဖက်က ပါတီကြီးတွေ၊ ငွေအလုံးအရင်းတွေနဲ့ ဝင်ရောက်ယှဉ်ပြိုင်နေတဲ့ပါတီတွေ ဖြစ်ပေမယ့် တိုင်းရင်းသားပါတီတွေကတော့ အရင်းခံစိတ်ဓာတ်ရယ်၊ လေ့လာထားတဲ့ နိုင်ငံရေးဗဟုသုတတွေပဲ ရှိပါတယ်လို့ ခွန်းဘီထူးက ဆိုပါတယ်။
ခွန်းဘီထူးက နိုင်ငံရေးလှုပ်ရှားမှုတွေ လုပ်တဲ့အပြင် အခြားစီးပွားရေးအနေနဲ့ ကိုယ်ပိုင်စားသောက်ဆိုင်လေးကိုလည်း ဖွင့်ထားပါတယ်။
လက်ရှိ မြန်မာနိုင်ငံရဲ့ နိုင်ငံရေးအခြအနေက တိုင်းရင်းသားအခွင့်အရေးတွေကို အာမခံပေးနိုင်တဲ့ ဒီမိုကရေစီနိုင်ငံရေးက အလှမ်းဝေးနေသေးပါတယ်။ တိုင်းပြည်ကို ဘက်စုံဖွံ့ဖြိုးတိုးတက်ချင်တယ်၊ တိုင်းပြည်အေးချမ်းချင်တယ်၊ တိုင်းပြည်ညီညွှတ်မှုကို ရချင်တယ်၊ တိုင်းရင်းသားတွေရဲ့ ညီညွှတ်မှုတွေ ရချင်တယ်ဆိုရင် တည်ဆောက်ဖို့လိုတဲ့ တစ်ခုတည်းသောနိုင်ငံရေးက ဖယ်ဒရယ်ဒီမိုကရေစီနိုင်ငံရေးကို သွားရမယ်လို့ ခွန်းဘီထူးက ပြောပါတယ်။ ဒီအေခြေအနေထိတော့ လုံးဝမရောက်သေးပေမယ့် ပွင့်လင်းမြင်သာမှုတွေ၊ ဘတ်ဂျက်တွေ အနည်းငယ်တိုးလာတာတော့ ရှိပေမယ့် တရားမျှတမှုတွေ၊ ကောင်းမွန်တဲ့ အုပ်ချုပ်ရေးတွေကို လက်တွေ့မခံစားရသေးဘူးလို့ ဆိုပါတယ်။
ရွေးကောက်ပွဲမှာ ပြည်သူတွေကို ကတိပေးတာတွေက ၁။ ကျွန်တော်နဲ့အတူ မိတ်ဆွေတွေ၊ နိုင်ငံရေးလုပ်ဖော်ကိုင်ဘက်တွေ အားလုံး ညီညွှတ်တဲ့အင်အားနဲ့ ချီတက်သွားဖို့ လုပ်ဆောင်နေပါတယ်။ ဌာနေတိုင်းရင်းသားတွေ အခွင့်အရေးရနိုင်ဖို့အတွက် ဖယ်ဒရယ်ဒီမိုကရေစီ နိုင်ငံရေးကို သွားနိုင်ဖို့ စွမ်းအားရှိသမျှ၊ နိုင်ငံရေးအမြင်ရှိသမျှကို ထုတ်သုံးပြီး ဥပဒေသော်လည်းကောင်း၊ အခွင့်အရေးရရင် ရသလို တိုက်ပွဲဝင်သွားဖို့ ခွန်းဘီထူးက အမြဲအဆင်သင့်ရှိနေပါတယ်။
၂ အချက်အနေနဲ့က မယ်စဲမှာရှိနေတဲ့ ပြည်သူတွေရဲ့ အခွင့်အရေးတွေကို တစ်ယောက်ချင်းစီ အပြည့်ဝဆုံး ကာကွယ်ပေးချင်တယ်။ ပြည်သူတစ်ယောက်အနေနဲ့ ရသင့်ရထိုက်တဲ့ ခွဲတမ်းတွေကို ဖန်တီးပေးချင်တယ်။ ဗုဒ္ဓဖြစ်စေ၊ ခရစ်ယာန်ဖြစ်စေ၊ ချောင်မှာရှိနေသူဖြစ်စေ အရောက်သွားပြီး ခံစားခွင့်တွေကို သွားရောက်ပြီး အကောင်အထည်ဖော်သွားပေးဖို့ အဆင်သင့်ရှိတယ်။ အထူးသဖြင့် ဥပဒေအပိုင်းနဲ့ အခွင့်အရေးအပိုင်းမှာ အကာအကွယ်ပြုပေးဖို့ လူထုဘက်ကနေအမြဲ ရပ်တည်ပေးဖို့ ကတိပြုချင်ပါတယ်။ ″ လို့ ကတိပြုထားပါတယ်။
ခွန်းဘီထူးရဲ့ မိသားစုအကြောင်းလေးကတော့ လက်ရှိ လွိုင်ကော်၊ နောင်ယား (က) မှာ အမျိုးသမီးနဲ့ သားသမီးသုံးယောက်နဲ့ နေထိုင်နေပါတယ်။ ခွန်းဘီထူးရဲ့ အမျိုးသမီးက မအယ်ဗလင်းဖြစ်ပြီး လက်ရှိ ၂၀၂၀ ရွေးကောက်ပွဲမှာ ကယားပြည်နယ် ဒီမိုကရက်တစ်ပါတီမှ ဖရူဆိုမြို့နယ်မဲဆန္ဒနယ်မှာ ဝင်ရောက်ယှဉ်ပြိုင်ဖို့ ရွေးချယ်ခံရတဲ့ သူတစ်ဦးဖြစ်ပါတယ်။ နိုင်ငံရေး၊ လူမှုရေးအဖက်ဖက်ပါဝင်လုပ်ဆောင်ကြပြီး နိုင်ငံရေးကို ခုံမင်တဲ့ မိသားစုလေးလို့ ပြောရင်၍လည်း ရပါတယ်။