ကန့်ကွက်ခံရသည့် ကရင်အမျိုးသား ဒီမိုကရက်တစ်ပါတီ (KNDP) ၏ လွှတ်တော်ကိုယ်စားလှယ်လောင်း စောလောရှည်ကို တသီးပုဂ္ဂလ လွှတ်တော်ကိုယ်စားလှယ်လောင်းအဖြစ် ဝင်ပြိုင်ခွင့်ပြုလိုက်ကြောင်း ကော့ကရိတ် ခရိုင်ရွေးကောက်ပွဲကော်မရှင်ဥက္ကဌ ဦးဌေးအောင်က သြဂုတ် ၂၈ ရက်တွင် ပြောကြားခဲ့သည်။
“ရွေးကောက်ပွဲကော်မတီအနေနဲ့ စောလောရှည်ကို တသီးပုဂ္ဂလ လွှတ်တော်ကိုယ်စားလှယ်လောင်းအဖြစ် အခုပဲ ခွင့်ပြုလိုက်ပြီဖြစ်ပါတယ်”ဟု ၎င်းကပြောသည်။
အဆိုပါ ကိုယ်စားလှယ်လောင်းသည် NLD ပါတီဝင်ဖြစ်ပြီး လာမည့်ရွေးကောက်ပွဲအတွက် ကရင်အမျိုးသားဒီမိုကရက်တစ်ပါတီ (KNDP) ၏ ကိုယ်စားလှယ်လောင်းအဖြစ် ကော့ကရိတ်မြို့နယ်၊ အမှတ် ၂ ပြည်နယ်လွှတ်တော် မဲဆန္ဒနယ်မှ ဝင်ရောက်ယှဉ်ပြိုင်ရန် ရွေးကောက်ပွဲကော်မရှင်ထံ အမည်စာရင်းတင်သွင်းခဲ့ရာ NLD ပါတီ၏ ကန့်ကွက်မှုခံခဲ့ရခြင်းဖြစ်ကြောင်းနှင့် ထိုသို့ကန်ကွက်ခံရခြင်းကြောင့် ၎င်းအား ခရိုင်ကော်မရှင်က ကိုယ်စားလှယ်လောင်းအဖြစ် ပယ်ချခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။
ထိုသို့ ခရိုင်ကော်မရှင်က ဆုံးဖြတ်ခဲ့မှုကို စောလောရှည်က ပြည်နယ်ကော်မရှင်ထံ အယူခံတက်ခဲ့သော်လည်း ပြည်နယ်ကော်မရှင်က ခရိုင်ကော်မရှင်ဆုံးဖြတ်သည့်အတိုင်း အတည်ပြုခဲ့ပြီး ဆန္ဒရှိပါက တသီးပုဂ္ဂလအဖြစ် ပြန်လည်လျှောက်ရန် အကြံပြုခဲ့ကြောင်း သိရသည်။
“ပြည်နယ်ကော်မရှင်ကို အယူခံဝင်တုံးက ဖုန်းနဲ့ လှမ်းပြောတယ်။ တကယ်လို့ ဆန္ဒရှိရင် တသီးပုဂ္ဂလအနေနဲ့ ၂၆ ရက်နေ့ နောက်ဆုံးထား အပြီးတင်ခိုင်းတယ်” ဟု စောလောရှည်က ပြောသည်။
ထိုအကြံပြုချက်ကြောင့် စောလောရှည်သည် ကရင်အမျိုးသားဒီမိုကရက်တစ်ပါတီ၏ ကိုယ်စားလှယ်လောင်းအဖြစ်မှ တစ်သီးပုဂ္ဂလ ကိုယ်စားလှယ်လောင်းအဖြစ် သြဂုတ် ၂၆ ရက်တွင် ပြောင်းလဲလျှောက်ထားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
စောလားရှည်သည် NLD ကို ပါတီဝင်အဖြစ်မှ နုတ်ထွက်ခွင့်ပြုရန် ၂၀၁၈ ခုနှစ်ကတည်းက စာတင်ခဲ့သော်လည်း ပါတီမှ နုတ်ထွက်ခွင့်ပြု/မပြုကို မသိရှိဘဲ ကရင်အမျိုးသားဒီမိုကရက်တစ်ပါတီကနေ ရွေးကောက်ပွဲဝင်ရန် ကြိုးပမ်းခြင်းဖြစ်ကြောင်း သိရသည်။
“ကျွန်တော် ၂၀၁၈ ခုနှစ်ကတည်းက NLD ကို ပါတီကနေ နုတ်ထွက်ခွင့်တင်ထားတယ်။ ခွင့်ပြု/မပြုကို မသိလိုက်ဘူး။ သာမန်ပါတီဝင်ဆိုတော့ မေ့မေ့ပျောက်ပျောက်ပဲနေလိုက်တာ။ ကိုယ်စားလှယ်လောင်းလျှောက်မှ အခုလိုဖြစ်တာ” ဟု စောလောရှည်ကပြောသည်။