မူဆလင်ငါးဦး၏ လွှတ်တော်ကိုယ်စားလှယ်လောင်းလျှောက်ထားမှု ပြည်နယ်ရွေးကောက်ပွဲကော်မရှင် ထပ်မံပယ်ချ

မူဆလင်ငါးဦး၏ လွှတ်တော်ကိုယ်စားလှယ်လောင်းလျှောက်ထားမှု ပြည်နယ်ရွေးကောက်ပွဲကော်မရှင် ထပ်မံပယ်ချ
by -
ထွန်းခိုင် (နိရဥ္စရာ)

မူဆလင်ငါးဦး၏ လွှတ်တော်ကိုယ်စားလှယ်လောင်းလျှောက်ထားမှုကို ပြည်နယ်ရွေးကောက်ပွဲကော်မရှင်က ထပ်မံပယ်ချခဲ့ကြောင်း သိရသည်။

အဆိုပါပုဂ္ဂိုလ်တို့၏ ကိုယ်စားလှယ်လောင်းအမည်စာရင်တင်သွင်းမှုကို ရခိုင်ပြည်နယ် စစ်တွေခရိုင်နှင့် မောင်တောခရိုင်ကော်မရှင်များက ပယ်ချခဲ့သည့်အတွက် ပြည်နယ်ကော်မရှင်ထံ ပြီးခဲ့သည့်ရက်ပိုင်း အယူခံဆက်လက်တင်သွင်းခဲ့ရာ ထပ်မံပယ်ချခံရခြင်းဖြစ်ကြောင်း ကာယကံရှင်များကပြောသည်။

လွှတ်တော်ကိုယ်စားလှယ်လောင်းအဖြစ် ပယ်ချခံရသူများမှာ ဒီမိုကရေစီနှင့်လူ့အခွင့်ရေးပါတီမှ စစ်တွေမြို့နယ် ပြည်သူ့လွှတ်တော်မဲဆန္ဒနယ်တွင် ဝင်ရောက်ယှဉ်ပြိုင်မည့်  ဦးအဒူရော်ရှိ၊ ဘူးသီးတောင်မြို့နယ်၊ ပြည်သူ့လွှတ်တော်မဲဆန္ဒနယ်တွင်ဝင်ရောယှဉ်ပြိုင်မည့် ဦးကျော်မင်း (ခ) မာမောက်ရှောင်ရုအနော်ရိုလာဟောက်၊ ဘူးသီးတောင်မြို့နယ် မဲဆန္ဒနယ် အမှတ် (၁) ပြည်နယ်လွှတ်တော်မဲဆန္ဒနယ်တွင် ဝင်ရောက်ယှဉ်ပြိုင်မည့် ဦးအောင်လှ၊  ဘူးသီးတောင်မြို့နယ်၊ မဲဆန္ဒနယ် အမှတ် (၂) ပြည်နယ်လွှတ်တော်မဲဆန္ဒနယ်တွင် ဝင်ရောက်ယှဉ်ပြိုင်မည့် ဦးဇာဖောရ်အူလ္လာ (ခ) စောမြင့်နှင့် ဘူးသီးတောင်မြို့နယ် ပြည်သူ့လွှတ်တော်မဲဆန္ဒနယ်တွင် တသီးပုဂ္ဂလအဖြစ် ဝင်ရောက်ယှဉ်ပြိုင်မည့် အဘူလ်တာဟေရ်တို့ဖြစ်ကြောင်း သိရသည်။

အဆိုပါ မူဆလင်ငါးဦး သည် ၎င်းတို့၏မိဘများ နိုင်ငံသားမဖြစ်သည့်အတွက် ရွေးကောက်ခံပိုင်ခွင့်မရှိခြင်းကြောင့် လွှတ်တော် ကိုယ်စားလှယ်လောင်း အမည်စာရင်းတင်သွင်းမှု ပယ်ချခံရခြင်းဖြစ်ကြောင်း သိရသည်။

ကိုယ်စားလှယ်လောင်းအဖြစ် ပြည်နယ်ရွေးကောက်ပွဲကော်မရှင်မှ ထပ်မံပယ်ချခံရသည့် ကိစ္စနှင့်ပတ်သက်၍ ဒီမိုကရေစီနှင့်လူ့အခွင့်ရေးပါတီမှ ဦးအဒူရော်ရှိက “ပြည်ထောင်စုကော်မရှင်ဆီမှာ အယူခံတင်ဖို့တော့မရှိဘူး။ ဒါပေမယ့် တစ်ခြားနည်းနဲ့တော့ ကျနော်တို့ ဥပဒေအရလုပ်ဆောင်သွားဖို့တော့ စဉ်စားထားတယ်။ ဘယ်လို့လုပ်ဆောင်သွားဖို့ဆိုတာကိုတော့ ပြောပြလို့မရသေးဘူး” ဟု ပြောသည်။

သို့သော် တစ်သီးပုဂ္ဂလအဖြစ် ရွေးကောက်ပွဲဝင်မည့် အဘူတာဟေရ်အနေဖြင့် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ထံ ဆက်လက်အယူခံဝင်သွားမည်ဖြစ်ကြောင်း ၎င်းကပြောသည်။

“ပထမကတော့ ခရိုင်ကော်မရှင်ကနေပြီးတော့ ပယ်ချလိုက်တယ်။ ခရိုင်ကော်မရှင်က ပယ်ချလိုက်တော့ ကျနော်တို့ ပြည်နယ်ရွေးကောက်ပွဲကော်မရှင်ကို အယူခံဝင်တယ်။ ပြည်နယ်ရွေးကောက်ပွဲကော်မရှင်က ခရိုင်ရွေးကောက်ပွဲကော်မရှင်ရဲ့ ဆုံးဖြတ်ချက်ကို အတည်ယူလိုက်တယ်။ ဒါကြောင့် နောက်ဆုံးအဆင့်အနေနဲ့တော့ ကျနော်က ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်မှာ အယူခံတင်သွားဖို့ရှိတယ်။ လောလောဆယ်မှာတော့ မတင်ရသေးဘူး။ ဒီတစ်ပတ်အတွင်းမှာဝင်မယ်” ဟု တစ်သီးပုဂ္ဂလ လွှတ်တော်ကိုယ်စားလှယ်လောင်းအဖြစ် ထပ်မံပယ်ချခံရသော ဘူးသီးတောင်မြို့နယ်မှ အဘူလ်တာဟေရ်ကပြောသည်။

ရခိုင်ပြည်နယ်တွင် လွှတ်တော်ကိုယ်စားလှယ်လောင်းအဖြစ် အမည်စာရင်းတင်သွင်းထားသော မူလဆင်ကိုယ်စားလှယ်လောင်း ခြောက်ဦးရှိပြီး ကိုယ်စားလှယ်ငါးဦး ပယ်ချခံရကာ ဒီမိုကရေစီနှင့်လူ့အခွင့်ရေးပါတီမှ မောင်တောမြို့နယ် ပြည်သူ့လွှတ်တော်မဲဆန္ဒနယ်တွင် ဝင်ရောက်ယှဉ်ပြိုင်မည့် နိုစ်မူဟာမတ် (ခ) အေးဝင်းတစ်ဦးတည်းသာ ကိုယ်စားလှယ်လောင်းအမည်တင်သွင်းမှု အောင်မြင်ခဲ့ကြောင်း သိရသည်။

အဆိုပါကိစ္စနှင့်ပတ်သက်၍ ရခိုင်ပြည်နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ ဒေါ်တင်လှိုင်က “သူတို့ကိုမွေးဖွားတဲ့အချိန်မှာ သူတို့ရဲ့မိဘတွေဟာ နိုင်ငံသားမဖြစ်သေးတဲ့အတွက် ပယ်ချရတာဖြစ်တယ်” ဟု ပြောသည်။

Most read this week

July 3, 2021
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင် ဒေါက်တာဗညားအောင်မိုးနှင့် အဖွဲ့ဝင်အချို့၊...
July 3, 2021
ကရင်ပြည်နယ် မြဝတီမြို့ရှိ အာဇာနည်ပန်းခြံကို ဦးစပန်းခြံဟု နစကကောင်စီက...
July 3, 2021
ကျိုက်မရောအကျဉ်းထောင်မှ ဖမ်းဆီးခံထားရသူအချို့ကို ဇွန် ၃၀ ရက်က နစကကောင်စီက ပြန်လွှတ်ပေးခဲ့ရာတွင်...
July 3, 2021
မော်လမြိုင်ဆေးရုံကြီး Isolation ward 1 တွင် ဆေးကုသမှုခံယူနေသည့် ကိုဗစ်အတည်ပြုလူနာ...