စာမေးပွဲနတ် ဖမ်းစားခြင်းဒုက္ခမှ ကင်းဝေးကြပါစေ

စာမေးပွဲနတ် ဖမ်းစားခြင်းဒုက္ခမှ ကင်းဝေးကြပါစေ
ယခုရက်အတောအတွင်း အခြေခံပညာ အထက်တန်းစာမေးပွဲ စာမေးပွဲဖြေဆိုကြတဲ့သတင်းက သတင်းစာမျက်နှာများပေါ်တွင် နေ့စဉ်လိုပင် မြင်နေကြားနေကြရပါသည်။

စာမေးပွဲဖြေဆိုနေကြသည့်ကျောင်းသားများရဲ့အသံ၊ ကျောင်းသားမိဘများရဲ့အသံနှင့် စာမေးပွဲသတင်းအပေါ်စိတ်ဝင်စားသည့် ပုဂ္ဂိုလ်အသီးသီးတို့ရဲ့အသံများကိုလည်း နေ့စဉ်ရက်ဆက် ကြားနေကြရပါသည်။

မဇ္စျိမနေ့စဉ် အွန်လိုင်းသတင်းတွင် အောင်သပြေပန်းပန်လျက်၊ အောင်သပြေပန်းကိုင်လျက် စာမေးပွဲခန်းမတွေဆီ ရောက်လာကြသည့် ကျောင်းသားများရဲ့ စိတ်လှုပ်ရှားနေသည့့် သတင်းဓါတ်ပုံများကိုလည်း တွေ့ခဲ့ကြရသည်။ တခြားသတင်းဌာနတစ်ခုပေါ်တွင်မူ စာမေးပွဲဖြေဆိုသည့် ကျောင်းသားတစ်ဦး၏ မိခင်က သူတို့တမိသားစုလုံးအနေဖြင့် စာမေးပွဲဖြေဆိုနေသည့် သားသမီးအတွက် ကောင်းမွန်စွာပင် မအိပ်စက်နိုင်ဘဲ သောကများနေကြရကြောင်း ထုတ်ဖေါ်ပြောပြသည်ကိုလည်း ဖတ်ကြရ သိကြရပါသည်။

သတင်းဌာနတစ်ခုတွင်မူ စာမေးပွဲဖြေဆိုသည့် ကျောင်းသားများနှင့် တွေ့ဆုံမေးမြန်းရာ၌ ကျောင်းသားတစ်ဦးက သူ့အနေနှင့် အောင်ရန် မအောင်ရန် အသေအချာမပြောနိုင်ကြောင်း၊ တစ်နှစ်လုံးနေလာ သင်လာခဲ့သမျှ နာရီပိုင်းအတွင်း ဖြေဆိုသည့် ဖြေဆိုချက်ဖြင့် အောင်ရှုံးဆုံးဖြတ်ခြင်းကို မနှစ်သက်သည့်အကြောင်း၊ ဥပမာ စာမေးပွဲဖြေဆိုမည့်ရက်ကြကာမှ ကျန်းမာရေးမကောင်း၍ စာမေးပွဲမဖြေလိုက်ရလျင် တစ်နှစ်လုံး ကြိုးစားထားခဲ့ရသမျှ သဲထဲရေသွန်သလို ဖြစ်မှာသေချာကြောင်း၊ ထို့ကြောင့် သူ့အနေနှင့် စာမေးပွဲကို ပျော်ရွင်တက်ကြွစွာ မဖြေဆိုနိုင်ဘဲ ကံကြမ္မာနှင့်လောင်းကြေးထပ်ပြီးမှ ဖြေဆိုရသည့်သဘောမို့ စိတ်ပျက်မိကြောင်း ထုတ်ဖေါ်ပြောဆိုသွားခဲ့၏။

သည်ကြားထဲ စာမေးပွဲမေးခွန်း မှားသည့်သတင်းကလည်း ထွက်လာခဲ့ပြန်သေးသည်။ ယင်းသတင်းသာ မှန်ကန်ပါက မီးလောင်ရာလေပင့်ဆိုသလို ကျောင်းသားများ၊ ကျောင်းသားမိဘများရဲ့သောကမှာ ပိုလို့သာ မြင့်တက်လာမည်မှာ သေချာနေပြန်သည်။ တစ်နှစ်တာလုံး ပညာရေးကို ငွေနှင့်ချိန်ဆက်ပြီး ရင်းနီးလာခဲ့ပြီးမှ သည်လိုသာ မေးခွန်းအမှားနှင့်ဖြေကြရမည်ဆိုလျင် အတိုင်းအဆမရှိ နစ်နာကြရမည်မှာ သေချာနေပြန်သည်။

ထို့ကြောင့် မိမိတို့နိုင်ငံ၏ ပညာရေးစနစ်ကတော့ မလွဲမသွေ အနှေးနှင့်အမြန် ပြောင်းလဲဖို့ လိုအပ်ပါသည်။ အဖက်ဖက်မှ ချို့ယွင်းလျက်ရှိသော ပညာရေးစနစ်ကို ပညာရှင်များ၊   ကျောင်းသားများ၊   ကျောင်းသားမိဘများ စုပေါင်းအဖြေရှာ ပြုပြင်မှဖြစ်တော့မည်မှာလည်း အသေအချာပင်ဖြစ်သည်။

လောလောဆယ်တွင်မတော့ ကျောင်းသားမိဘများနှင့် ကျောင်းသားများအနေဖြင့် စာမေးပွဲနတ် ဖမ်းစားနှိပ်စက်မှုဒဏ်မှ လျော့ပါးကင်းလွတ်နိုင်ပါစေကြောင်းနှင့် ကျောင်းသားများအနေဖြင့်လည်း   အောင်မြင်အောင် ဖြေဆိုနိုင်ကြပါစေကြောင်း မဇ္စျိမက ဆုမွန်ကောင်း တောင်းပေးလိုက်ပါသည်။

Most read this week

June 19, 2023
ယနေ့ ဇွန်လ ၁၄ ရက်နေ့သည် မိုခါမုန်တိုင်း တိုက်ခတ်သည့် တစ်လ ပြည်နေ့ဖြစ်ပါသည်။ လွန်ခဲ့သည့် မေလ ၁၄...
March 15, 2023
မတ်လ ၈ ရက် International Women Day 2023 နေ့အတွက် အထိမ်းအမှတ်အဖြစ် ဗြိတိန်နိုင်ငံက ထုတ်ဝေတဲ့...
March 15, 2023
လူသားအကျိုးပြုလုပ်ငန်းများဆိုင်ရာ ပရဟိတဒေါက်တာဘွဲ့ ရရှိသူ ဦးမင်းထည်ဝါနှင့် တွေ့ဆုံမေးမြန်းခြင်း...
March 9, 2023
အပြည်ပြည်ဆိုင်ရာအမျိုးသမီးများနေ့တွင် ရခိုင်အမျိုးသမီးအချို့၏အမြင်များ ယနေ့ မတ်လ ၈ ရက်မှာ...