ချင်းပြည်နယ်တွင် ပထမအကြိမ် မဲစာရင်းလာရောက်ကြည့်ရှုသူ တစ်သိန်းကျော်ရှိသည့်အနက် မဲစာရင်း ပြင်ဆင်၊ ဖြည့်စွက်၊ ကန့်ကွက်သူ ၃ သောင်းနီးပါးရှိသည်ဟု ချင်းပြည်နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ထံမှသိရသည်။
မဲစာရင်းတွင်အမည်မပါလာသည့်အတွက် အမည်ထည့်သွင်းပေးရန် ပုံစံ (၃) ဖြင့်လျှောက်ထားသူ ၁၄၄၃ ဦး၊ မဲစာရင်းတွင်မပါသင့်သူ ပါနေသောကြောင့် ပုံစံ (၄) ဖြင့် ကန့်ကွက်သူ ၁၂၄၆၇ ဦးနှင့် မဲစာရင်းတွင် အချက်အလက်မှားယွင်းနေေသာကြောင့် ပုံစံ (၄-ဂ) ဖြင့် ပြင်ဆင်သူ ၁၆၀၄၀ ရှိပြီး ပြင်ဆင်၊ ဖြည့်စွက်၊ ကန့်ကွက်သူပေါင်း ၂၉၉၅၀ ဦးရှိသည်ဟု ချင်းပြည်နယ်ရွေးကာက်ပွဲကော်မရှင်အတွင်းရေးမှူး ဦးလင်းကျော်ကပြောသည်။
“အထွေထွေဦးစီးဌာနက လူဦးရေစာရင်းကိုကောက်ပေးတယ် ၂၀၁၉ မှာဆိုတော့ ကျန်ခဲ့တဲ့သူတွေရှိမှာပေါ့ အိမ်မှာလူမရှိတာ၊ စာရင်းယူတဲ့အခါမှာ အချက်အလက်တွေကို တိတိကျကျ မပြောနိုင်တာတွေရှိမယ်၊ တချို့ဆိုရင်လည်း ကိုယ့်သားသမီးတွေ ကွယ်လွန်သွားပြီဆိုရင်လည်း အိမ်ထောင်စုစာရင်းကနေလည်း မထုတ်ကြဘူးလေ၊ တချို့အိမ်ထောင်စုက နိုင်ငံခြားသွားတဲ့သူတွေကိုလည်း ထည့်ပေးလိုက်တာမျိုးပေါ့၊ ပါသင့်တဲ့သူတွေမပါပဲ မပါသင့်တဲ့သူတွေပါတာပေါ့” ဟု ဦးလင်းကျော်ကပြောသည်။
၂၀၂၀ ရွေးကောက်ပွဲအတွက် ပထမအကြိမ်မဲစာရင်းကို ဇူလိုင် ၂၅ ရက်မှ သြဂုတ် ၁၄ ရက်အထိ သက်ဆိုင်ရာ ရပ်/ကျေးအုပ်ချူပ်ရေးမှူးရုံးများတွင် အသီးသီးကပ်ထားကြေညာခဲ့ကြခြင်းဖြစ်သည်။
ချင်းပြည်နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့၏စာရင်းအရ ချင်းပြည်နယ်တွင် ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ ၃၄၂၁၄၂ ရှိသည့်အနက် မဲစာရင်းလာကြည့်သူ (၁၁၀၄၅၉) ဦးရှိပြီး ရာခိုင်နှုန်းအားဖြင့် ၃၂.၄ ရာခိုင်နှုန်းဖြစ်သည်။
“ခုကျွန်တော်တို့ပုံစံ (၃)၊ (၄)၊ (၄-ဂ) တွေကိုစီစစ်ဆဲကာပေါ့၊ ၃ နဲ့လျှောက်တဲ့သူကလည်း တကယ်မဲပေးပိုင်ခွင့်ရှိတဲ့သူ မှန်ကန်တယ်ဆိုရင် ကျနော်တို့ပြန်ထည့်ပေးဖို့တို့၊ ၄ နဲ့ ကန့်ကွက်တဲ့သူကလည်း တကယ်ကန့်ကွက်တာမှန်ကန်တယ်ဆိုရင် မဲစာရင်းထဲကဖြုတ်မှာပေါ့၊ အချက်အလက်အမှားအယွင်းတွေကတော့ ပြန်ထည့်ပေးမှာပေါ့ ပုံစံ(၃) (၄) အပေါ်မူတည်ပြီးတော့ မဲစာရင်းအတိုးအလျှော့တော့ရှိလာမယ်’’ဟု ဦးလင်းကျော်ကပြောသည်။
လက်ရှိအချိန်တွင် မဲစာရင်းအမှားများ ပြန်လည်ပြင်ဆင်နိုင်ရန် ပြည်နယ်မဲစာရင်းစီစစ်ရေးအဖွဲ့အကူညီနှင့် သက်ဆိုင်ရာအုပ်ချူပ်ရေးမှူးအဖွဲ့၊ ရပ်/ကျေးကော်မရှင်များ၊ ဝန်ထမ်းများပူးပေါင်းပါဝင်မှုဖြင့် တအိမ်တက်ဆင်းစနစ်ဖြင့် ပြန်စီစစ်ပြီးနောက် ဒုတိယအကြိမ် မဲစာရင်းကို စက်တင်ဘာလနောက်ဆုံးပတ်တွင် ထပ်မံကြေညာသွားမည်ဖြစ်သည်။