ကချင်တွင် လွှတ်တော်ကိုယ်စားလှယ်လောင်းသတ်မှတ်ချက်နှင့် မကိုက်ညီသဖြင့် နှစ်ဦး ပယ်ချခံရ

ကချင်တွင် လွှတ်တော်ကိုယ်စားလှယ်လောင်းသတ်မှတ်ချက်နှင့် မကိုက်ညီသဖြင့် နှစ်ဦး ပယ်ချခံရ

ကချင်ပြည်နယ်တွင် လွှတ်တော်ကိုယ်စားလှယ်လောင်း အရည်အချင်းသတ်မှတ်ချက်နှင့် မကိုက်ညီ၍ ပယ်ချခံရသူ နှစ်ဦးရှိကြောင်း သိရသည်။

အဆိုပါပယ်ချခံရသူနှစ်ဦးမှာ ကချင်ပြည်နယ် ဗမာတိုင်းရင်းသားလူမျိုးမဲဆန္ဒနယ်တွင် ဝင်ရောက်ယှဉ်ပြိုင်မည့် ညီညွတ်သောတိုင်းရင်းသား လူမျိုးများဒီမိုကရေစီပါတီမှ လွှတ်တော်ကိုယ်စားလှယ်လောင်းနှင့် တစ်သီးပုဂ္ဂလိကအဖြစ် ဆော့လောမဲဆန္ဒနယ်နယ်အမှတ် ၂ မှ ဝင်ရောက်ယှဉ်ပြိုင်မည့် လွှတ်တော်ကိုယ်စားလောင်းတို့ဖြစ်ကြောင်း သိရသည်။

ဗမာတိုင်းရင်းသားရေးရာဝန်ကြီးနေရာအတွက်ယှဉ်ပြိုင်မည့် လွှတ်တော်ကိုယ်စားလှယ်လောင်းသည် မြန်မာနိုင်ငံမှာတွင် တဆက်တည်း ၁ဝ နှစ်နေထိုင်ရမည်ဆိုသောသတ်မှတ်ချက်နှင့် ကိုက်ညီမှုမရှိသောကြောင့် ပြည်နယ်ကော်မရှင်ကနေ ပယ်ချရခြင်းဖြစ်ကြောင်း ပြည်နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးက ဒုတိယညွန်ကြားရေးမှူး ဦးထွန်းအောင်ခိုင်က ပြောသည်။

“ဗမာတိုင်းရင်းသားလူမျိုးဝန်ကြီးနေရာအတွက် ညီညွတ်သော တိုင်းရင်းသာလူမျိုးများဒီမိုကရေစီပါတီက ကချင်ပြည်နယ်ကမဟုတ်ဘူး။ ရန်ကုန်ကနေလာတာ။ ပြီးတော့ သူက တရားဝင်လမ်းကြောင်းကနေမဟုတ်ဘဲနဲ့ ထိုင်းနိုင်ငံမဲစောက်ကို ဝင်ရောက်နေထိုင်တယ်။ ၂၀၁၆ လောက်မှာ တရားမဝင်လမ်းကြောင်းကနေ မြန်မာနိုင်ငံထဲကို ပြန်ဝင်လာတယ်။ မြန်မာနိုင်ငံမှာ တစ်ဆက်တည်းနေထိုင်မှုက ၂၀၁၆ မှာ ပြန်ရောက်လာတာဆိုတော့ ခု ၂၀၂ဝ ဆိုတော့ လေးနှစ်ပဲရှိတယ်။ တဆက်တည်း ၁ဝ နှစ်နေရမယ်ဆိုတဲ့ဥပဒေနဲ့ မကိုက်ညီတဲ့အတွက်ကြောင့် ပယ်လိုက်တယ်” ဟု ဦးထွန်းအောင်ခိုင်ကပြောသည်။

ဆော့လောမဲဆန်္ဒနယ်အမှတ် ၂ တွင် တစ်သီးပုဂ္ဂလိကအနေဖြင့် ဝင်ပြိုင်ယှဉ်ပြိုင်မည့် လွှတ်တော်ကိုယ်စားလှယ်လောင်းတစ်ဦးမှာလည်း စစ်မှုထမ်းအဖြစ်မှ နှုတ်ထွက်ထားခြင်းမရှိပဲ လွှတ်တော်ကိုယ်စားလှယ်လောင်းအမည်စာရင်း တင်သွင်းခဲ့သည့်အတွက် ပယ်ချခဲ့ခြင်းဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောသည်။

“နောက်တစ်ယောက်ကျတော့ နိုင်ငံ့ဝန်ထမ်းအဖြစ်ကနေ နှုတ်ထွက်ခွင့်ယူမထားသေးဘူး။ ပြောမယ်ဆိုရင် စစ်မှုထမ်းအဖြစ်ကနေ နှုတ်ထွက်ခွင့်မရသေးဘူး။ ဥပဒေမှာ နိုင်ငံ့ဝန်ထမ်းမဖြစ်ရဘူးဆိုတဲ့ ပြဌာန်းချက်ရှိတယ်”ဟု ဦးထွန်းအောင်က ဆက်လက်ပြောသည်။

ထိုကဲ့သို့ ပယ်ချခံရသူများအနေဖြင့် အယူခံဝင်လိုသောဆန္ဒရှိပါက အယူခံဝင်နိုင်ကြောင်း သိရသည်။

ကိုယ်စားလှယ်လောင်းအရည်အချင်းသတ်မှတ်ချက်တွင် သက်ဆိုင်ရာလွှတ်တော်ရွေးကောက်ပွဲ ဥပဒေပုဒ်မ ၈ အရ လွှတ်တော်ကိုယ်စားလှယ်အဖြစ် ရွေးကောက်တင်မြောက်ခံရသည့်အချိန်နှင့်တဆက်တည်း မြန်မာနိုင်ငံတွင် အနည်းဆုံး ၁ဝ နှစ်အခြေချနေထိုင်ခဲ့သူဖြစ်ရန်လိုအပ်ကြောင်းနှင့် ပုဒ်မ-၁၀ (ဋ) အရ နိုင်ငံ့ဝန်ထမ်းများသည် ရွေးကောက်ပွဲတွင် ရွေးကောက်တင်မြှောက်ခံပိုင်ခွင့်မရှိကြောင်း သိရသည်။

ထို့ပြင် လွှတ်တော်ကိုယ်စားလှယ်လောင်းအဖြစ် အမည်စာရင်းတင်သွင်းချိန်တွင် နိုင်ငံသားဖြစ်သူ၊ မဲစာရင်းတွင်ပါဝင်သူ၊ နိုင်ငံသားမိဘ နှစ်ပါးမှမွေးဖွားသော နိုင်ငံသားဖြစ်သူ၊ ပြည်သူ့လွှတ်တော်နှင့် တိုင်းဒေသကြီး/ပြည်နယ်လွှတ်တော်များအတွက် အသက် ၂၅ နှစ်ပြည့်ပြီးသူ၊ အမျိုးသားလွှတ်တော်အတွက် အသက် ၃၀ နှစ်ပြည့်ပြီးသူဖြစ်ရမည်ဟု သတ်မှတ်ထားသည်။

ကချင်ပြည်နယ်ရှိ  ပြည်သူ့လွှတ်တော်မဲဆန္ဒနယ်တွင်ဝင်ပြိုင်မည့် ကိုယ်စားလှယ်လောင်း ၁၁၉ ဦး၊ အမျိုးသားလွှတ်တော်မဲဆန္ဒနယ်တွင် ဝင်ရက်ယှဉ်ပြိုင်မည့် ကိုယ်စားလှယ်လောင်း ၈၇ ဦး၊ ပြည်နယ်လွှတ်တော်မဲဆန္ဒနယ်တွင်ဝင်ပြိုင်မည့် ကိုယ်စားလှယ်လောင်း ၂၄၆ ဦး ရှိကြောင်း သိရသည်။

လွှတ်တော်ကိုယ်စားလှယ်လောင်း အမည်စာရင်းများကို ဇူလိုင် ၂၀ ရက်နေ့မှစ၍ တင်သွင်းခဲ့ခြင်းဖြစ်ပြီး  လွှတ်တော်ကိုယ်စားလှယ်လောင်း အမည်စာရင်းတင်သွင်းလွှာများကို သြဂုတ် ၁၁ ရက်မှ ၁၇ ရက်အထိ စိစစ်ခဲ့ခြင်းဖြစ်ကြောင်း ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်၏ထုတ်ပြန်ချက်အရ သိရသည်။

Most read this week

July 3, 2021
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင် ဒေါက်တာဗညားအောင်မိုးနှင့် အဖွဲ့ဝင်အချို့၊...
July 3, 2021
ကရင်ပြည်နယ် မြဝတီမြို့ရှိ အာဇာနည်ပန်းခြံကို ဦးစပန်းခြံဟု နစကကောင်စီက...
July 3, 2021
ကျိုက်မရောအကျဉ်းထောင်မှ ဖမ်းဆီးခံထားရသူအချို့ကို ဇွန် ၃၀ ရက်က နစကကောင်စီက ပြန်လွှတ်ပေးခဲ့ရာတွင်...
July 3, 2021
မော်လမြိုင်ဆေးရုံကြီး Isolation ward 1 တွင် ဆေးကုသမှုခံယူနေသည့် ကိုဗစ်အတည်ပြုလူနာ...