မွန်ညီညွတ်ရေးပါတီ၏ လွှတ်တော်ကိုယ်စားလှယ်လောင်းစာရင်းတွင် အမျိုးသမီး ၂၅ ရာခိုင်နှုန်းကျော်နှင့် အသက် ၃၅ နှစ်အောက် ကိုယ်စားလှယ် ၁၈ ရာခိုင်နှုန်းနီးပါးပါဝင်

မွန်ညီညွတ်ရေးပါတီ၏ လွှတ်တော်ကိုယ်စားလှယ်လောင်းစာရင်းတွင် အမျိုးသမီး ၂၅ ရာခိုင်နှုန်းကျော်နှင့် အသက် ၃၅ နှစ်အောက် ကိုယ်စားလှယ် ၁၈ ရာခိုင်နှုန်းနီးပါးပါဝင်
by -
ရန်လင်းအောင် (MNA)

မွန်ညီညွတ်ရေးပါတီ၏ လွှတ်တော်ကိုယ်စားလှယ်လောင်းစာရင်းတွင် အမျိုးသမီး ၂၅ ရာခိုင်နှုန်းကျော်နှင့် အသက် ၃၅ နှစ်အောက် ကိုယ်စားလှယ်လောင်း ၁၈ ရာခိုင်နှုန်းနီးပါးပါဝင်ကြောင်း ၎င်းပါတီ၏ ဩဂုတ် ၁၇ ရက် ထုတ်ပြန်ချက်အရ သိရသည်။

နိုင်ဝင်ဘာလ ၈ ရက်နေ့တွင် ကျင်းပမည့် ၂၀၂၀ ခုနှစ် အထွေထွေရွေးကောက်ပွဲတွင် မွန်ညီညွတ်ရေးပါတီအနေဖြင့် တိုင်းဒေသကြီး သုံးခုနှင့် ပြည်နယ် နှစ်ခုတွင် ကိုယ်စားလှယ်လောင်း ၆၇ ဦးဝင်ပြိုင်သွားမည်ဖြစ်ပြီး အမျိုးသမီး ၁၇ ဦးပါဝင်ပြီး အသက် ၃၅ နှစ်အောက် လူငယ် ၁၂ ဦးပါဝင်နေခဲ့ခြင်းဖြစ်သည်။

၎င်းပါတီအနေဖြင့် လွှတ်တော်ကိုယ်စားလှယ်လောင်းများကို မြို့နယ်ရွေးချယ်ရေးအဖွဲ့မှ ဦးစားပေးအလိုက်ရွေးချယ်၍ ဗဟိုရွေးချယ်ရေး အဖွဲ့ ၁၇ ဦးအဖွဲ့က ပြန်လည်စိစစ်ကာ ပါတီဗဟိုအလုပ်မှုဆောင်မှ အတည်ပြုရွေးချယ်ခြင်းဖြစ်ကြောင်း မွန်ညီညွတ်ရေးပါတီ တွဲဖက်အထွေထွေအတွင်းရေးမှူး (၂) နိုင်စံတင်က ‌ပြောသည်။

“ပြိုင်တဲ့ နေရာတိုင်းကိုတော့ နိုင်ချင်တာပေါ့။ ဒါပေမဲ့ ကျွန်တော်တို့ တွက်ကိန်းတွက်ကြည့်လိုက်တော့ ၂၀၁၀၊ ၂၀၁၅ ဖြတ်သန်းလာတဲ့ ဘဝတစ်လျှောက်မှာ ၂၀၁၀ ကတော့ နိုင်တာများခဲ့တာပေါ့။ ဘယ်လိုဖြစ်ဖြစ် အဲဒီထက်မလျော့ဘူး။ အဲ့ဒီထက်ပိုဖို့ရှိပါတယ်။ ၂၀၁၀ ထက် နိုင်ချေပိုများဖို့ရှိတယ်” ဟု ၎င်းကပြောသည်။

မွန်ညီညွတ်ရေးပါတီသည် တိုင်းရင်းသားပါတီဖြစ်သော်လည်း ပြည်နယ်နှင့် ပြည်ထောင်စုအကျိုးကို လုပ်ဆောင်မည့်ပါတီဖြစ်ကြောင်း မွန်ညီညွတ်ရေးပါတီ ဗဟိုအလုပ်မှုဆောင်ကော်မတီဝင် နိုင်တလညီက ပြောသည်။

“မွန်လူမျိုးအရေးတစ်ခုတည်းကို လုပ်ဆောင်ရတာမဟုတ်ဘူး။ ပြည်နယ်တစ်ခုလုံးကို လွှမ်းခြုံပြီး လုပ်ဆောင်မှာပါ။ ဗမာလူမျိုးဖြစ်စေ၊ ကရင်လူမျိုးဖြစ်စေ၊ ပအိုစ့်လူမျိုးဖြစ်စေ၊ တခြားဘာသာခြားဖြစ်စေ အကုန်လုံးအကျိုးကို လုပ်ဆောင်ပေးမှာဖြစ်ပါတယ်။ နာမည်ကသာ တိုင်းရင်းသားပါတီဖြစ်ပေမဲ့ လုပ်ဆောင်ခွင့်ရလာတဲ့အခါကျရင် ပြည်နယ်အကျိုး ပြည်ထောင်စုအကျိုးကို လုပ်ဆောင်ပါမယ်” ဟု ၎င်းကဆိုသည်။

မွန်ညီညွှတ်ရေး ပါတီအနေဖြင့် မွန်ပြည်နယ်တွင် သထုံမြို့နယ်နှင့် ဘီလင်းမြို့နယ်မှ အပ ကျန်မြို့နယ်များတွင် လွှတ်တော်ကိုယ်စားလှယ် ၃၅နေရာ၊ တနင်္သာရီတိုင်းဒေသကြီးတွင် မြို့နယ် ငါးမြို့နယ်တွင် လွှတ်တော်ကိုယ်စားလှယ် ၁၂ နေရာ၊ ကရင်ပြည်နယ်တွင် မြို့နယ်သုံးမြို့နယ်တွင် လွှတ်တော်ကိုယ်စားလှယ် ၁၂ နေရာ၊ ရန်ကုန်တိုင်းဒေသကြီး မြို့နယ်ခြောက်နေရာတွင် လွှတ်တော်ကိုယ်စားလှယ်နေရာ ခြောက်နေရာနှင့် ပဲခူးတိုင်းဒေသကြီးတွင် လွှတ်တော်ကိုယ်စားလှယ်နေရာ နှစ်နေရာတို့တွင် ဝင်ရောက်ယှဉ်ပြိုင်သွားမှာဖြစ်ကြောင်း သိရသည်။

Most read this week

July 3, 2021
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင် ဒေါက်တာဗညားအောင်မိုးနှင့် အဖွဲ့ဝင်အချို့၊...
July 3, 2021
ကရင်ပြည်နယ် မြဝတီမြို့ရှိ အာဇာနည်ပန်းခြံကို ဦးစပန်းခြံဟု နစကကောင်စီက...
July 3, 2021
ကျိုက်မရောအကျဉ်းထောင်မှ ဖမ်းဆီးခံထားရသူအချို့ကို ဇွန် ၃၀ ရက်က နစကကောင်စီက ပြန်လွှတ်ပေးခဲ့ရာတွင်...
July 3, 2021
မော်လမြိုင်ဆေးရုံကြီး Isolation ward 1 တွင် ဆေးကုသမှုခံယူနေသည့် ကိုဗစ်အတည်ပြုလူနာ...