လွှတ်တော်ကိုယ်စားလှယ်လောင်းအမည်တင်သွင်းမှု ပယ်ချခံရသည့်ဒီမိုကရေစီနှင့် လူ့အခွင့်ရေးပါတီဝင်များ အယူခံဝင်မည်ဖြစ်ကြောင်းသိရသည်။
ထို့ပြင် ၎င်းတို့အနေဖြင့် လွှတ်တော်ကိုယ်စားလှယ်လောင်းအမည်စာရင်းမှ ပယ်ချခံရသည့်အပေါ် နိုင်ငံတော်သမ္မတနှင့် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ထံ စာပို့သွားမည်ဖြစ်ကြောင်း သိရသည်။
“ကျွန်တော်တို့ ပယ်ချခံရတဲ့အတွက်အယူခံဝင်သွားမယ်။ ဒါ့အပြင် နိုင်ငံတော်သမ္မတနှင့် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ထံ စာပို့သွားမှာဖြစ်ပါတယ်” ဟု လွှတ်တော်ကိုယ်စားလှယ်လောင်း အမည်စာရင်းတင်သွင်းမှုပယ်ချခံရသူ ဒီမိုကရေစီနှင့် လူ့အခွင့်ရေးပါတီဥက္ကဋ္ဌ ဦးကျော်မင်း (ခ) မာမောက်ရှောင်ရု အနော်ရိုလာဟောက်က ပြောသည်။
ဒီမိုကရေစီနှင့် လူ့အခွင့်ရေးပါတီမှ စစ်တွေမြို့နယ် ပြည်သူ့လွှတ်တော်မဲဆန္ဒနယ်တွင် ဝင်ရောက်ယှဉ်ပြို်ငမည့် ဦးအဒူရော်ရှိ၊ ဘူးသီးတောင်မြို့နယ် ပြည်သူ့လွှတ်တော်မဲဆန္ဒနယ်တွင် ဝင်ရောက်ယှဉ်ပြိုင်မည့် ဦးကျော်မင်း (ခ) မာမောက်ရှောင်ရု အနော်ရိုလာဟောက်၊ ဘူးသီးတောင်မြို့နယ် အမှတ် (၁) ပြည်နယ်လွှတ်တော်မဲဆန္ဒနယ် တွင် ဝင်ရောက်ယှဉ်ပြိုင်မည့် ဦးအောင်လှ၊ ဘူးသီးတောင်မြို့နယ် အမှတ် (၂) ပြည်နယ်လွှတ်တော်မဲဆန္ဒနယ် တွင် ဝင်ရောက်ယှဉ်ပြိုင်မည့် ဦးဇာဖောရ်အူလ္လာ (ခ) ဦးစောမြင့်နှင့် ဘူးသီးတောင်မြို့နယ် ပြည်သူ့လွှတ်တော်မဲဆန္ဒနယ်တွင် တသီးပုဂ္ဂလကိုယ်စားလှယ်လောင်းအဖြစ် ဝင်ရောက်ယှဉ်ပြိုင်မည့် အဘူလ်တာဟေရ်တို့ကို ကော်မရှင်က ပြည်သူ့လွှတ်တော်ရွေးကောက်ပွဲ ဥပဒေပုဒ်မ ၁၀ (င) နှင့် ညိစွန်းသည့်အတွက် လွှတ်တော်ကိုယ်စားလှယ်လောင်းအမည်စာရင်း တင်သွင်းမှုကို ပယ်ချခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ပြည်သူ့လွှတ်တော်ရွေးကောက်ပွဲဥပဒေပုဒ်မ ၁၀ (င) ဆိုသည်မှာ မွေးဖွားစဉ်က နိုင်ငံသားမဖြစ်သးသော မိဘတစ်ပါးပါးမှဖြစ်စေ၊ နှစ်ပါးစလုံးမှဖြစ်စေ မွေးဖွားသည့် နိုင်ငံသားသည်ရွေးကောက်ပွဲတွင် ရွေးကောက်တင်မြှောက်ခံပိုင်ခွင့်မရှိကြောင်း ပြဌာန်းထားသည့် ဥပဒေပုဒ်မဖြစ်သည်။
ရခိုင်ပြည်နယ်ရှိ မဲဆန္ဒနယ်များတွင် ရွေးကောက်ပွဲဝင်ရန် မူစလင်ခြောက်ဦးအမည်စာရင်းတင်သွင်းရာ ငါးဦးပယ်ချခံရပြီး ဒီမိုကရေစီနှင့် လူ့အခွင့်ရေးပါတီမှ မောင်တောမြို့နယ် ပြည်သူ့လွှတ်တော်မဲဆန္ဒနယ်တွင်ဝင်ရောက်ယှဉ်ပြိုင်မည့် နိုစ်မူဟာမတ် (ခ) ဦးအေးဝင်းတစ်ဦးသာ ကိုယ်စားလှယ်လောင်းအမည် စာရင်းတင်သွင်းမှုအောင်မြင်ခဲ့ကြောင်း သိရသည်။
“မိဘနှစ်ပါးမှာ နိုင်ငံသားလက်မှတ်ရှိရမယ်။ ကိုယ့်မှာတော့ရှိတာမှန်တယ်။ ဒါပေမဲ့ မိဘတွေမှာ ရှိတဲ့အထောက်အထားက နိုင်ငံသားလို့ မပြောနိုင်ဘူးဆိုပြီး လဝက က ရှင်းပြတယ်။ ဒီတစ်ချက်တည်းနဲ့ ပယ်ချခံရတာ။ ကျန်တာတွေကအဆင်ပြေတယ်” ဟု ဦးကျော်မင်းက ဆက်လက်ပြောသည်။
အဆိုပါပုဂ္ဂိုလ်များအနေဖြင့် ၂၀၁၅ ခုနှစ်အထွေထွေရွေးကောက်ပွဲတုန်းကလည်း လွှတ်တော်ကိုယ်စားလှယ် လောင်း အမည်စာရင်းတင်သွင်းခဲ့ရာ ပယ်ချခံခဲ့ရကြောင်း သိရသည်။
“စုစုပေါင်းကိုယ်စားလှယ်လောင်းခြောက်ယောက်မှာ တစ်ယောက်ပဲ အထောက်အထားပြည့်စုံတယ်။ တသီးပုဂ္ဂလပါတီက တစ်ယောက်၊ ဒီမိုကရေစီပါတီနှင့် လူ့အခွင့်ရေးပါတီက လေးယောက်ကတော့ မပြည့်စုံဘူး” ဟု မောင်တောမြို့နယ် ခရိုင်ရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ ဦးကျော်မြင့်က ပြောသည်။