တိုင်းလိုင် (ရှမ်းနီ) အမျိုးသားများဖွံ့ဖြိုးတိုးတက်ရေးပါတီမှ ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲဝင်မည့် လွှတ်တော်ကိုယ်စားလှယ်လောင်း ၄၀ အနက် အသက် ၃၅ နှစ်အောက်လူငယ်လွှတ်တော်ကိုယ်စားလှယ်လောင်း ၃၁.၅၈ ရာခိုင်နှုန်းပါဝင်ကြောင်းသိရသည်။ ရှမ်းနီလူငယ်အများစုသည် ခေတ်အဆက်ဆက် မူးယစ်ဆေးဝါးပြဿနာများ နှင့် အကြောက်တရားများကြောင့် နိုင်ငံရေးနယ်ပယ်တွင် ပါဝင်မှုအားနည်းခဲ့ရာ ယခုလို လူငယ်များပါဝင်လာမှုသည် တိုင်းလိုင် (ရှမ်းနီ) လူမျိုးများအတွက်သာမက နိုင်ငံအတွက်လည်း ကြီးမားသည့် တိုးတက်မှုပင်ဖြစ်သည်။ ထိုကြောင့် နိုင်ငံရေးအပေါ် လူငယ်တစ်ဦး၏ အတွေး၊ အမြင်များ၊ ရွေးကောက်ပွဲတွင်ပါဝင်လာရသည့် အခြေအနေများနှင့်ပတ်သက်၍ အသက် ၂၆ နှစ်သာရှိသေးသော တိုင်းလိုင် (ရှမ်းနီ) အမျိုးသားများ ဖွံ့ဖြိုးတိုးတက်ရေးပါတီ၏ အသက်အငယ်ဆုံး လွှတ်တော်ကိုယ်စားလှယ်လောင်း ကိုစိုင်း၀ဏ္ဏအောင်အား ယခုလို တွေ့ဆုံမေးမြန်းခဲ့ပါသည်။
မေး။ ။ တိုင်းလိုင် (ရှမ်းနီ) အမျိုးသားများဖွံ့ဖြိုးတိုးတက်ရေးပါတီကနေ ဘယ်လိုကြောင့် ဝင်ရောက် ယှဉ်ပြိုင် ဖြစ်ခဲ့တာလဲ။
ကိုစိုင်း၀ဏ္ဏအောင် - ဒီနှစ်(၂၀၂၀ ခုနှစ်) ထဲမှာ ရန်ကုန်မှာ အလုပ်စဝင်ရင်းနဲ့ ကိုဗစ်ဖြစ်လာတော့ ကျွန်တော့ဒေသကို ပြန်လာခဲ့တယ်။ပြန်ရောက်တော့ တိုင်းလိုင်ရှမ်းနီအမျိုးသားများ ဖွံ့ဖြိုးတိုးတက်ရေးပါတီကနေ ကိုယ်စားလှယ်လောင်းရွေးဖို့နဲ့ပတ်သက်ပြီး ကျွန်တော့ကို ဖိတ်စာနဲ့ ဖိတ်တယ်။ ကျွန်တော်ရောက်သွားတော့ လူကြီးတွေက လူငယ်တစ်ဦးအနေနဲ့ လွှတ်တော်ကိုယ်စားလှယ်လောင်း ဝင်ပြိုင်ပေးဖို့ မေတ္တာရပ်ခံလို့ ကျွန်တော့် ဝင်ရောက်ယှဉ်ပြိုင်ဖြစ်ခဲ့တာပါ။
မေး။ ။ ရှမ်းနီလူငယ်တစ်ယောက်အနေနဲ့ နိုင်ငံရေးကို ဘယ်လိုစပြီးစိတ်ဝင်စားခဲ့တာလဲ။
ကိုစိုင်း၀ဏ္ဏအောင် - ဆယ်တန်းကို ကျွန်တော်ဝိဇ္ဇာဘာသာတွဲနဲ့ အောင်တော့ ဘာမေဂျာတက်ရမလည်း စဉ်စားတော့ ကျွန်တော်က နိုင်ငံတကာဆက်ဆံရေး(IR) မေဂျာကိုသွားတွေ့တယ်၊ အဲမေဂျာကလဲ နိုင်ငံရေးနဲ့ဆက်နွယ်နေတဲ့ မေဂျာလည်းဖြစ်တယ်။ ကျွန်တော်လည်းနိုင်ငံရေးစိတ်ဝင်စားတာနဲ့ ကျွန်တော် နိုင်ငံတကားဆက်ဆံရေး(IR)နဲ့ ကျောင်းတက်ခဲ့တယ်။ ဒီမေဂျာနဲ့ ပဲကျွန်တော်ကျောင်းပြီးခဲ့တယ်။ အဲနောက်ပိုင်း ကျွန်တော်နိုင်ငံရေးနဲ့ပတ်သက်တဲ့ သင်တန်းတွေတက်ဖြစ်တယ်။ ပြီးတော့ ကျွန်တော်တို့ ရှမ်း/ရှမ်းနီအဖွဲ့တွေမှာ ကျွန်တော်ဝင်လုပ်တယ်။ လက်ရှိနိုင်ငံရေးကိုလဲမျက်ခြေ မပျက်စောင့်ကြည့်လေလာ့ခဲ့တယ်။ ကျွန်တော့်တို့က တစ်ချိန်မှာ လူကြီးတွေရဲ့ နေရာမှာ သမိုင်းပေးတာဝန်အရဝင်လုပ်ရမှာပါ။ ကျွန်တော်တို့ရှမ်းနီလူငယ်အများစုက နိုင်ငံရေးမှာ အားနည်းတယ် မူးယစ်ဆေးဝါးရဲ့သားကောင်ဖြစ်နေသူတွေရှိတယ်။ ရတနာမြေမှာ နေထိုင်ကြတဲ့ သူတွေဆိုတော့ နိုင်ငံရေးက ပိုက်ဆံမရဘူး။ ရွေမှော် ကျောက်မှော်မှာ အလုပ်လုပ်ရင် ပိုက်ဆံရတယ်ဆိုတဲ့ လူငယ်တွေလဲရှိနိုင်တယ်။ နောက်ပြီး အကြောက်တရားပေါ့နော်။ ကျွန်တော်တို့ရှမ်းနီလူမျိုးတွေက နယ်မြေပျောက်တယ်။လူမျိုးအမည်နာမလည်း အဖျောက်ခံရတယ်။ အားကြီးတဲ့ တိုင်းရင်းသားတစ်ချို့ရဲ့ အနိုင်ယူမှုတွေကို ခံလာခဲ့ကြရတယ်။ နိုင်ငံရေးလုပ်ရင် ဖြစ်လာမယ့်အကျိုးဆက်တွေကို ကြောက်ကြတယ်။ အရင်ကလည်း နိုင်ငံရေးကြောင့် ဘဝနေဝင်သွားရတဲ့ လူကြီးတွေကလဲရှိတာကိုးဗျ။ ဒါကြောင့် ကျွန်တော်ကတော့ အတက်နိုင်ဆုံး မျက်စိပွင့်နားပွင့်အနေအထားမှာရှိတယ်။ ကျွန်တော်နိုင်ငံရေးစလုပ်တာနဲ့ နောက်က ရှမ်းနီလူငယ်တွေလဲအားကျပြီး နောက်ကလိုက်လာလိမ့်မယ်ဆိုတဲ့မျော်လင့်ထားတာပေါ့လေ။ ပထမတော့ ကျွန်တော်အသက် ၃၀ ကျော်မှ နိုင်ငံလောကထဲဝင်မယ်လို့စဉ်းစားထားတာ အခုတော့ အခြေအနေအကြောင်းကြောင်းကြောင့် ကျွန်တော်အခုနိုင်ငံရေးထဲကို ဝင်ဖို့ဖြစ်လာခဲ့တယ်ပေါ့နော်။
မေး။ ။ ရှမ်းနီမဲဆန္ဒရှင်တွေအတွက် လူငယ်လွှတ်တော်ကိုယ်စားလှယ်လောင်း တစ်ဦးအနေနဲ့ ဘာတွေ ကတိပေးနိုင်မလဲ။
ကိုစိုင်း၀ဏ္ဏအောင် - ကျွန်တော်တို့ ရှမ်းနီလူမျိုးတွေဟာ မှတ်ပုံတင်ကိစ္စမှာ ဗမာ လို့အများစုထည့်သွင်းခံထားကြရတယ်။ အဲဒီမှတ်ပုံတင်ကိစ္စတွေကို လုပ်နိုင်တယ်။မူဘောင်အတွင်းကနေ တက်နိုင်သလောက်ဆောင်ရွက်ပေးချင်တယ်။ မိမိလူမျိုးအမည်မှန်မှတ်ပုံတင်ရရှိအောင်ပေါ့။ ရှမ်းလူမျိုးတွေရဲ့ ကိုယ့်ကြမ္မာ ကိုယ်ဖန်တီးနိုင်မယ့်အခွင့်အရေးတွေကို လုပ်ဆောင်သွားချင်တယ်။ ပြီးတော့ကျွန်တော်တို့ဒေသက စိုက်ပျိုးရေးကို အဓိကလုပ်ကြတယ်။ပြီးတော့ ကျွန်တော်တို့နိုင်ငံကလည်း စိုက်ပျိုးရေးနိုင်ငံဖြစ်တယ်။ ကျွန်တော်တို့ဒေသမှာ တရုတ်ဈေးကွက်ကို အဓိက မှီခိုနေရတယ်။ ဈေးကွက်မှာ ကတိကဝတ်တွေမရှိတဲ့ အခါကျတော့ တစ်ဖတ်ကနေပြီးတော့မှ ကျွန်တော်တို့ကို ဈေးကစားချင်တိုင်းကစားနေတာမျိုးရှိတယ်။ ပထမအချက်အနေနဲ့ တော့ ကျွန်တော်တို့ဒေသက စိုက်ပျိုးရေနဲ့ပတ်သက်တဲ့ အခတ်အခဲတွေကို ပြေလည်အောင်ကျွန်တော်ဆောင်ရွက်မယ်။ ပြီးတော့ ကျွန်တော်တို့က ကချင်ပြည်နယ်ထဲမှာနေတဲ့ အခါကျတော့ လက်နတ်ကိုင်အဖွဲ့အစည်းတွေအနိုင်ကျင့်မှုတွေ ရှိတယ်။ ဒါကြောင့် ရှမ်းလူမှုအကျိုးတော်ဆောင်အဖွဲ့ဆိုပြီးဖွဲ့မယ်။ နောက်ပြီး အခုလူသစ်စုဆောင်းတာမျိုးတွေကို ကျွန်တော်တို့ ရှမ်းလူမှုအကျိုးတော်ဆောင်အဖွဲ့နဲ့ ဖြေရှင်းဖို့လုပ်ဆောင်မယ်။ လူသစ်စုဆောင်းမှုတွေ ပေါတာဆွဲတာတွေ မလုပ်အောင် လက်နက်ကိုင်အဖွဲ့တွေနဲ့လည်း ညှိနှိုင်းတာမျိုးတွေလည်းလုပ်ဆောင်မယ်။ ပြီးတော့ ရှမ်းနီဒေသတွေမှာဆိုရင် မူးယစ်ဆေးဝါးပြဿနာတွေက အများစုဖြစ်နေတယ်။ ဒီမူးယစ်ဆေးဝါးပြဿနာတွေကိုလည်း ဖြေရှင်းချင်တယ်။ ကျွန်တော်တို့ ဒေသတစ်ချို့မှာဆိုရင် ကျမ်းမာရေးဆေးပေးခန်း ကောင်းကောင်းမွန်မွန်မရှိတာတွေ ဆေးဝါးမလုံလောက်တာတွေကိုလည်း ဖြေရှင်းပေးချင်တယ်။
မေး။ ။ လက်ရှိနိုင်ငံရေး အပေါ် ရှမ်းနီလူငယ် ကိုယ်စားလှယ်လောင်း တစ်ယောက်အနေနဲ့ ဘယ်လိုမြင်လဲ။
ကိုစိုင်း၀ဏ္ဏအောင် - ကျွန်တော်တို့နိုင်ငံက ဒီမိုကရေစီစနစ်ကို စတင်ကျင့်သုံးလာတာ ဆယ်စုနှစ်တစ်ခုရှိနေပြီလေ။အစိုးရနှစ်ဆက်ရှိပြီ။ ဒါပေမယ့် ကျွန်တော်တို့ လူမျိုးအကျိုးစီးပွားတွေ ရပိုင်ခွင့်တွေ တိုင်းရင်းသားတန်းတူအရေးတွေကို ဘယ်အစိုးရမှာမှ ဖော်ဆောင်မပေးနိုင်ခဲ့ဘူး။ ကျွန်တော်တို့ ရှမ်းနီလူမျိုးတွေရဲ့ မူလရပိုင်ခွင့်တွေ အခွင့်အရေးတွေကို ရှမ်းနီလူမျိုးသာလျှင်လုပ်ကိုင်နိုင်မယ်။ ကျွန်တော်တို့ လုပ်မှပဲ ရမယ်လို့ မြင်တယ်။ ဒါကြောင့် ကျွန်တော့အနေနဲ့လည်း အခုလို ရှမ်းနီပါတီကနေပြီးတော့ ဝင်ရောက်ရွေးကောက်ခံဖို့ဖြစ်လာတယ်။ အဓိကပြောချင်တာက လက်ရှိအချိန်မှာ တိုင်းရင်းသားလူမျိုးတိုင်းရဲ့ မူ လရပိုင်ခွင့်တွေ တိုင်းရင်းသားအခွင့်အရေးတွေ ရဖို့ဆိုရင် ကိုယ်တိုင်းရင်းသားပါတီတွေကပဲ လုပ်ဆောင်ဖို့ စိတ်အားထက်သန်ကြတာ။ ပါတီကြီးတွေကတော့ တစ်နိုင်ငံလုံးပြုပြင်ပြောင်းလဲရေးကို အလေးထားဆောင်ရွက်ကြတာပေါ့လေ။ ဒါပေမယ့် အဲဒီပြုပြင်ပြောင်းလဲရေးလုပ်နေစဉ်ကာလအတွင်းမှာပဲ ကျွန်တော်တို့ တိုင်းရင်းသားတွေရဲ့ အခွင့်အရေးတွေ မှေးမှိန်လာတယ်။လူအခွင့်အရေးချိုးဖောက်ခံရ တာတွေရှိလာတယ်။ ဒါတွေကို ဖြေရှင်းဖို့ ကျွန်တော်တို့ ဒေသခံတိုင်းရင်းသားပါတီတွေက ဖြစ်လာမယ့် လွှတ်တော်ကိုယ်စားလှယ်တွေက ပိုပြီးလုပ်ဆောင်ဖို့လိုတယ်။ ပြည်သူတွေကလဲ မိမိဒေသ မိမိလူမျိုးပါတီကို အလေးပေးရွေးချယ်ပေးဖို့လိုတယ်။ မိမိတိုင်းရင်းသားပါတီတွေကလဲ မိမိတိုင်းရင်းသားပြည်သူတွေရဲ့ အခြေခံရပိုင်ခွင့်တွေကို ရရှိအောင် ရရှိထားတဲ့ ရပိုင်ခွင့်တွေ မဆုံးရှုံးအောင် ထိန်းသိမ်းပေးကြဖို့လိုအပ်ပါတယ်။
မေး။ ။ နောက်ဆုံးအနေနဲ့ ဘာများ ဖြည့်စွက်ပြောချင်ပါသလဲ။
ကိုစိုင်း၀ဏ္ဏအောင် - ကျွန်တော်တို့လူမျိုးဟာ ကိုယ့်ထီးကိုယ့်နန်းနဲ့နေထိုင်ခဲ့တဲ့လူမျိုးဖြစ်ခဲ့ပါတယ်။ ကိုလိုနီခေတ်မှာလည်း နယ် ချဲ့ကိုယွတ်ယွတ်ချွန်ချွန်တော်လှန်ခဲ့တဲ့ လူမျိုးဖြစ်ခဲ့တာကြောင့် ကိုလိုခေတ်တစ်လျောက်လုံးဘက်ပေါင်းစုံကနေ အခြားတိုင်းရင်းသားတွေထက်ပိုအဖိနှိပ်ခံခဲ့ရတယ်။ လွတ်လပ်ရေး ရပြန်တော့လဲ ၁၉၄၇ အခြေခံဥပဒေနဲ့ ကျွန်တော်တို့နယ်မြေတွေကို ကချင်ပြည်နယ်နဲ့ စစ်ကိုင်းတိုင်းဒေသကြီး တွေထဲသွတ်သွင်းပြီး ခွဲခြားခံလိုက်ရတယ်။ လွတ်လပ်ရေး ရပြီးတာတောင်ကိုယ့်လူမျိုးအမည်မှန်ပြောခွင့်မရခဲ့ဘူး။ လူမျိုးကြီးတဲ့လူမျိုးကနေ လူမျိုးလေးဖြစ်သွားအောင် ဖိ နှိပ်မူတွေခံခဲ့ရတယ်။ သမိုင်းကြောင်းကြီးတဲ့လူမျိုးကိုသမိုင်းထဲက ဖျောက်ဖျက်တာခံခဲ့ရတယ်။ကျွန်တော်တို့ လူမျိုးအတွက်တန်းတူညီတူအခွင့်အရေးတွေပြန်ရဖို့တောင်းဆိုဖို့ဆိုတာ ကျနော်တို့ရဲ့သမိုင်းပေးတာဝန်ဖြစ်ပါတယ်။ သမိုင်းပေးတာဝန်ကိုလူငယ်တွေ အဆင်ပြေပြေချောချောမွေ့မွေ့ တာဝန်ယူနိုင်ဖို့ဆိုတာ လူငယ်တွေဟာ လက်ရှိနိုင်ငံရေးနဲ့မျက်ခြေပြတ်လို့မရပါဘူး။ စိတ်ဝင်တစားနဲ့လေ့လာ နေမှရပါလိမ့်မယ်။လူငယ်တွေရဲ့အတွေးအမြင်အသစ်တွေကိုနဲ့လူကြီးတွေရဲ့အတွေးအမြင်ရင့်ကျက်မူတွေပူးပေါင်း ဆောင်ရွက်မှ ကျနော်တို့ရဲ့ရည်မှန်းချက်ပန်းတိုင်ကို အမြန်ဆုံးရနိုင်မယ်လို့ယုံကြည်ပါတယ်။ ဒါကြောင့် ရှမ်းနီလူငယ်တွေကိုနိုင်ငံရေးစိတ်ဝင်စားကြဖို့တိုက်တွန်းချင်ပါတယ်။
ကိုစိုင်းဝဏ္ဏအောင်၏ ကိုယ်ရေးအကျဉ်း
အမည် - ကိုစိုင်းဝဏ္ဏအောင်
မိဘအမည် - ဦးညွန့်အောင်၊ ဒေါ်လွန်းမေ
အသက် - ၂၆
ပညာအရည်အချင်း - BA(IR)
ဇာတိ - မိုးမောက်မြို့နယ်၊ မန်နောင်ကျေးရွာ
ကိုစိုင်းဝဏ္ဏအောင်သည် ၂၀၁၃ ခုနှစ်တွင် တက္ကသိုလ်ဝင်တန်းအောင်မြင်ခဲ့ပြီး ပထဝီနှင့် သမိုင်းဘာသာနှစ်ခုကို ဂုဏ်ထူးဖြင့် အောင်မြင်ခဲ့သည်။
၂၀၁၇ ခုနှစ်တွင် ရတနာပုံတက္ကသိုလ်မှ နိုင်ငံတကာဆက်ဆံရေးပညာဘာသာရပ်ဖြင့် ဘွဲ့ရခဲ့သည်။
ကျောင်းတက်နေစဉ်အတွင်း ရှမ်းအမျိုးသားရေး၊ ရှမ်းနီ အမျိုးသားရေးကိစ္စများတွင် ပရဟိတလုပ်ငန်းများ စဉ်ဆက်မပြတ်လုပ်ဆောင်ခဲ့သည်။
၂၀၁၄ ခုနှစ်တွင် ရှမ်းတိုင်းရင်းသားများ သာရေး၊ နာရေး (မန္တလေး) တွင် လူငယ်ခေါင်းဆောင်အဖြစ် ဝင်ရောက်လုပ်လုပ်ကိုင်ခဲ့ပြီး ရေဘေးကယ်ဆယ်ရေးများနှင့် အခြားပရဟိတလုပ်ငန်းများကို လုပ်ကိုင်ခဲ့သည်။
၂၀၁၆ ခုနှစ်တွင် မန္တလေးရောက်ရှမ်းနီ လူငယ်များ၊ ကျောင်းသားများ၊ ဆရာ/ဆရာမများ၊ မြို့မိမြို့ဖများနှင့် စုစည်းမိကာ ပထမအကြိမ် ရှမ်းနီလူငယ် ပထမညီလာခံကျင်းပရာတွင် ထောင့်ပေါင်းစုံမှ ပါဝင်လှုပ်ရှားခဲ့သည်။
ထို့ညီလာခံဆုံးဖြတ်ချက်ဖြင့် ရှမ်းနီလူငယ်အဖွဲ့ချုပ် (SNYO) ဖွဲ့စည်းရာတွင် စည်းရုံးရေးမှူးနှင့် လူငယ်ခေါင်းဆောင်အဖြစ် ရှမ်းနီအမျိုးသားရေးကို လုပ်ကိုင်ခဲ့သည်။
၂၀၁၇ ခုနှစ်တွင် ၎င်းတက်ရောက်ခဲ့သည့် မန်နောင်အထက်တန်းကျောင်းတွင် ကိုယ်ထူကိုယ်ထစာကြည့်တိုက်တည်ထောင်ရာတွင် ကော်မတီအဖွဲ့ဝင်အဖြစ် လုပ်ဆောင်ခဲ့သည်။
၂၀၁၈ ခုနှစ်တွင် ရတနာပုံတက္ကသိုလ်တွင်ရှမ်းနီကျောင်းသားများကို စုစည်းကာ ရတနာပုံတက္ကသိုလ်ရှမ်းနီစာပေယဉ်ကျေးမှုအဖွဲ့ကို ဦးဆောင်ဖွဲ့စည်းခြင်း၊ မန်နောင်ကျေးရွာတွင် လူငယ်များကိုဦးဆောင်၍ ရှမ်းနီစာပေနှင့် ယဉ်ကျေးမှုအဖွဲ့ဖွဲ့စည်းခြင်း၊ မိုးမောက်မြို့နယ် ရှမ်းနီစာပေနှင့် ယဉ်ကျေးမှုအဖွဲ့ ပြန်လည်ဖွဲ့စည်းရာတွင် လူငယ်တာဝန်ခံအဖြစ် ပါဝင်လှုပ်ရှားခြင်းများ လုပ်ကိုင်ခဲ့ကြသည်။
၂၀၁၉ ခုနှစ်တွင် ရန်ကုန်၌ ရှမ်းနီလူငယ်အဖွဲ့ချုပ် (SNYO) ကိုဖွဲ့စည်းရာတွင် လူငယ်တာဝန်ခံအဖြစ် ဝင်ရောက်လှုပ်ရှားခဲ့သည်။
၂၀၂၀ ပြည့်နှစ် တိုင်းလိုင် (ရှမ်းနီ) အမျိုးသားများဖွံ့ဖြိုးရေးပါတီသို့ ဝင်ရောက်ခဲ့ပြီး ရှမ်းနီအမျိုးသားရေးအတွက် နိုင်ငံရေးတွင် ပါဝင်လှုပ်ရှားလျက်ရှိသည်။