ဒုတိယအကြိမ်ထုတ်ပြန်မည့်မဲစာရင်းတွင် မှားယွင်းမှုများ၊ စာရင်းကျန်ရှိနေမှုများ လုံး၀မရှိအောင် ဆောင်ရွက်ပေးရန် ကရင်အမျိုးသားဒီမိုကရက်တစ်ပါတီ တိုက်တွန်း

ဒုတိယအကြိမ်ထုတ်ပြန်မည့်မဲစာရင်းတွင် မှားယွင်းမှုများ၊ စာရင်းကျန်ရှိနေမှုများ လုံး၀မရှိအောင် ဆောင်ရွက်ပေးရန် ကရင်အမျိုးသားဒီမိုကရက်တစ်ပါတီ တိုက်တွန်း

ဒုတိယအကြိမ်ထုတ်ပြန်မည့် မဲစာရင်းတွင် မှားယွင်းမှုများ၊ စာရင်းကျန်ရှိနေမှုများ လုံး၀မရှိအောင် ဆောင်ရွက်ပေးရန် ရွေးကောက်ပွဲကော်မရှင်အား  ကရင်အမျိုးသားဒီမိုကရက်တစ်ပါတီ KNDP က တိုက်တွန်းတောင်း ဆိုလိုက်သည်။

မဲစာရင်းမှားယွင်းမှုများနှင့် မဲစာရင်းကျန်ရှိနေမှုများကြောင့် မဲပေးပိုင်ခွင့်ရှိသူများအနေဖြင့် ၎င်းတို့ရွေးချယ်မည့် ကိုယ်စားလှယ်များအား ကိုယ်တိုင်ရွေးချယ်ခွင့်မရသည့်အပြင် ပါတီများအတွက် မဲဆုံးရှုံးမှုဖြစ်ပေါ်စေသည့်အတွက် ဒုတိယအကြိမ် မဲစာရင်းထုတ်ပြန်ပါက တိကျ မှန်ကန်စွာ စီမံဆောင်ရွက်ပေးရန်လိုအပ်သည်ဟု ဆိုသည်။

ကရင်အမျိုးသား ဒီမိုကရက်တစ်ပါတီ KNDP ဥက္ကဋ္ဌ မန်းအောင်ပြည်စိုးက “အဲဒါကို အကောင်အထည် ဖော်ပေးဖို့ ဖြစ်နိုင်ရင် အချိန်ရှိသေးတယ်။ ခုနက မဲစာရင်းကျန်တာတွေ မဲစာရင်းမှားတာတွေ မဖြစ်ဖို့ရယ်။ မဲပေးပိုင်ခွင့်ရှိသူအားလုံး မဲပေးခွင့်ရအောင် စီစဉ်ဖို့ရယ်။ အဲဒါကို ကျနော်တို့လိုလားပါတယ်” ဟုပြောသည်။

ဒုတိယအကြိမ် မဲပေးပိုင်ခွင့်ရှိသူ မဲဆန္ဒရှင် စာရင်းကို လာမည့် အောက်တိုဘာလတွင် ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် UEC က ထုတ်ပြန်ကြေညာသွားမည်ဖြစ်ကြောင်း သိရသည်။

ပြီးခဲ့သည့် ဇူလိုင် ၂၅ ရက်မှ သြဂုတ်လ ၇ ရက်အထိ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် UEC က ပထမအကြိမ်ထုတ်ပြန်ခဲ့သည့် မဲပေးပိုင်ခွင့်ရှိသူများ၏ မဲစာရင်းများမှာ မှားယွင်းမှုများ၊ မဲစာရင်း ကျန်ရှိနေမှုများစွာ ရှိနေကြောင်း သိရသည်။

ထို့ကြောင့် မဲပေးခွင့်ရှိသူ မဲဆန္ဒရှင် ပြည်သူများအနေဖြင့် မဲစာရင်း ပိုမိုပြည့်စုံ မှန်ကန်ရန်နှင့် လိုအပ်သည် တောင်းဆိုမှု၊ ကန့်ကွက်မှု၊ ပြင်ဆင်မှုများကို လုပ်ဆောင်နိုင်ရန်အတွက် အချိန်ပိုမိုရရှိစေရန် မဲစာရင်း ကြည့်ရှုခွင့်ကို ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က သြဂုတ် ၁၄ ရက်အထိ ၇ ရက် ထပ်မံတိုးပေးခဲ့သည်။

ကရင်ပြည်နယ်တွင်လည်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ပထမအကြိမ်ထုတ်ပြန်ခဲ့သည့် မဲပေးပိုင်ခွင့်ရှိသူများ၏ မဲစာရင်းအခြေအနေနှင့်ပတ်သက်၍ မန်းအောင်ပြည်စိုးက “ကျော်‌တော့သားမိသားစုက ခြောက်ယောက်လောက်ရှိတယ်။ တစ်ယောက်မှ မပါလာဘူး။ နောက်ပြီးတော့ ကျွန်တော်တို့ဆီမှာ အရွေးခံမယ့် ကိုယ်စားလှယ်လောင်းတစ်ယောက်ရှိတယ်။ သူနာမည်က စောခင်မောင်အေးကို ဒေါ်ခင်မောင်အေးဆိုပြီးတော့ အဲလိုမှားတာ။ လိုက်ပြန်ပြင်ရတာ အလုပ်ရှုပ်တာပေါ့။ နောက်ပြီးတော့ တစ်လမ်းလုံးမပါတာတို့ ဘာတို့ရှိတယ်။ ထောင်နဲ့ချီ ကျန်ခဲ့တာတွေလည်းရှိတယ်” ဟုပြောသည်။

ယခုပထမအကြိမ်ထုတ်ပြန်သည့် မဲစာရင်းတွင် သြဂုတ် ၄ ရက်အထိ အမည်မပါဝင်သည့်အတွက် မဲပေးခွင့် ပြန်လည်လျှောက်ထားသူ မဲဆန္ဒရှင်အရေအတွက် နှစ်သိန်းတစ်သောင်းကျော်၊ အချက်အလက်မှားယွင်းသည့်အတွက် ကန့်ကွက်သူ တစ်သိန်းခွဲကျော်ရှိကြောင်း သြဂုတ်  ၅ ရက်က ပြုလုပ်သည့် ၂၀၂၀ ခုနှစ် အထွေထွေရွေးကောက်ပွဲနှင့်ပတ်သက်၍ နိုင်ငံတော်၏ အတိုင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် အွန်လိုင်းဆွေးနွေးမှုတွင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ပြောရေးဆိုခွင့်ရှိသူ ဦးမြင့်နိုင်က ပြောကြားခဲ့သည်။

ကရင်အမျိုးသား ဒီမိုကရက်တစ် KNDP ပါတီသည် ကရင်ပြည်နယ် အခြေစိုက် ကရင်နိုင်ငံရေးပါတီလေးခုဖြစ်သော ကရင်ဒီမိုကရက်တစ်ပါတီ KDP၊ ကရင်ပြည်နယ်ဒီမိုကရေစီနှင့် ဖွံ့ဖြိုးတိုးတက်ရေးပါတီ KSDDP၊ စည်းလုံးညီညွှတ်သော ကရင်အမျိုးသားဒီမိုကရက်တစ်ပါတီ KUDP နှင့် ဖလုံ-စဝေါ် ဒီမိုကရက်တစ်ပါတီ PSDP တို့ ပူးပေါင်းဖွဲ့စည်းထားသည့်ပါတီဖြစ်သည်။

ထိုသို့ ကရင်အမျိုးသား ဒီမိုကရက်တစ် KNDP ပါတီပူးပေါင်းဖွဲ့စည်းလိုက်ခြင်းကြောင့် ကရင်ဒီမိုကရက်တစ်ပါတီ KDP၊ ကရင်ပြည်နယ် ဒီမိုကရေစီနှင့် ဖွံ့ဖြိုးတိုးတက်ရေးပါတီ KSDDP၊ စည်းလုံးညီညွှတ်သော ကရင်အမျိုးသားဒီမိုကရက်တစ်များ ဖျက်သိမ်းလိုက်သော်လည်း ဖလုံ-စဝေါ် ဒီမိုကရက်တစ်ပါတီသည် လက်ရှိအချိန်အထိ ဖျက်သိမ်းခဲ့ခြင်းမရှိကြောင်း သိရသည်။

July 3, 2021
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင် ဒေါက်တာဗညားအောင်မိုးနှင့် အဖွဲ့ဝင်အချို့၊...
July 3, 2021
ကရင်ပြည်နယ် မြဝတီမြို့ရှိ အာဇာနည်ပန်းခြံကို ဦးစပန်းခြံဟု နစကကောင်စီက...
July 3, 2021
ကျိုက်မရောအကျဉ်းထောင်မှ ဖမ်းဆီးခံထားရသူအချို့ကို ဇွန် ၃၀ ရက်က နစကကောင်စီက ပြန်လွှတ်ပေးခဲ့ရာတွင်...
July 3, 2021
မော်လမြိုင်ဆေးရုံကြီး Isolation ward 1 တွင် ဆေးကုသမှုခံယူနေသည့် ကိုဗစ်အတည်ပြုလူနာ...