ကယားပြည်နယ်အခြေစိုက်ပါတီများဖြစ်သော ကယန်းအမျိုးသားပါတီ (KNP) နှင့် ကယားပြည်နယ်ဒီမိုကရက်တစ်ပါတီ (KySDP) ပါတီတို့တွင် ရွေးကောက်ပွဲ ဝင်ရောက်ယှဉ်ပြိုင်မည့် ကိုယ်စားလှယ်လောင်းများအနက် အမျိုးသမီးကိုယ်စားလှယ်လောင်း ၁၃ ဦးပါဝင်ကြောင်း သိရသည်။
အဆိုပါတီနှစ်ခုသည် မဟာမိတ်ဖွဲ့ထားသည့် ပါတီများဖြစ်ပြီး ကယန်းအမျိုးသားပါတီ (KNP) တွင် ကိုယ်စားလှယ်လောင်း ၁၀ ဦးရှိသည့်အနက် အမျိုးသမီး ငါးဦးပါဝင်သလို ကယားပြည်နယ်ဒီမိုကရက်တစ်ပါတီ (KySDP) တွင် ကိုယ်စားလှယ်လောင်း ၃၀ ဦးရှိသည့်အနက် အမျိုးသမီးကိုယ်စားလှယ်လောင်း ရှစ်ဦး ပါဝင်နေကြောင်းသိရသည်။
ကယန်းအမျိုးသားပါတီအနေဖြင့် ကိုယ်စားလှယ်လောင်းရွေးချယ်ရာတွင် ဥပဒေနှင့်နိုင်ငံရေးကျွမ်းကျင်မှုနှင့်အတူ ကယန်းလူထုတွေရဲ့ရွေးချယ်မှုနှင့် ပါတီနာကယတွေရဲ့ စစ်ဆေးမေးမြန်းမှုကို ခံနိုင်ပြီး အရည်အချင်းရှိသည့်ကိုယ်စားလှယ်လောင်းတွေကိုရွေးချယ်ထားကြောင်း ကယန်းအမျိုးသားပါတီဥက္ကဌ ခွန်းဘီထူးက ပြောသည်။
“ကိုယ်စားလှယ်လောင်းတွေထဲမှာ ရှေ့နေအသင်းကတချို့ပါသလို တစ်ဖက်မှာကတော့ CSO၊ NGO မှာလုပ်ခဲ့တဲ့ လူငယ်အသင်းအဖွဲ့တွေကလူတွေပါတယ်။ ကျတော်တို့ကတော့ ဒီရွေးကောက်ပွဲမှာ အရည်အချင်းရှိတဲ့ကိုယ်စားလှယ်လောင်းတ အများဆုံးထည့်ထားပြီးမှ ကျား/မ မတူကွဲပြားမှုကို ပါနိုင်အောင်ထည့်ထားတယ်” ဟု ခွန်းဘီထူးက ပြောသည်။
KNP ပါတီမှ အမျိုးသမီးကိုယ်စားလှယ်လောင်းများသည် ကယန်းလူမျိုးအများစုနေထိုင်သည့် တောင်ကြီးခရိုင် အမျိုးသားလွှတ်တော်အမှတ် ၄ မဲဆန္ဒနယ်၊ ဖယ်ခုံမြို့နယ် ပြည်နယ်လွှတ်တော်အမှတ် ၁ မဲဆန္ဒနယ်၊ မယ်စဲ့မြို့နယ် ပြည်နယ်လွှတ်တော်အမှတ် ၁ မဲဆန္ဒနယ်၊ ဒီမော့ဆိုမြို့နယ် အမျိုးသားလွှတ်တော် အမှတ် ၂ မဲဆန္ဒနယ်၊ သံတောင်ကြီးမြို့နယ် ပြည်နယ်လွှတ်တော်အမှတ ၂ မဲဆန္ဒနယ်များတွင် ဝင်ရောက်ယှဉ်ပြိုင်သွားမည်ဖြစ်ကြောင်း သိရသည်။
KySDP ပါတီမှ အမျိုးသမီးကိုယ်စားလှယ်လောင်းများသည် အမျိုးသားလွှတ်တော်မဲဆန္ဒနယ်တွင် လေးဦး၊ ပြည်သူ့လွှတ်တော်မဲဆန္ဒနယ်တွင် နှစ်ဦး၊ ပြည်နယ်လွှတ်တော်မဲဆန္ဒနယ်တွင် နှစ်ဦး ဝင်ရောက် အရွေးခံမည်ဖြစ်ကြောင်း သိရသည်။
“အမျိုးသမီးပါဝင်ဖို့အတွက်ကတော့ ကျတော်တို့အမြဲစည်းရုံးနေတယ်ပေါ့နော်။ အခုပြောနေကြတဲ့ အမျိုးသမီး ၃၀%ပါရမယ်ဆိုတဲ့ဟာက ကျတော်တို့ကဒီထက်မက ပါစေချင်တာပေါ့။ သို့သော်လည်း ကျတော်တို့ပြည်နယ်မှာက အမျိုးသမီးက နိုင်ငံရေးနယ်ပယ်မှာလုပ်ရှားတာအင်မတန်နည်းတယ်ပေါ့ အကြောင်းအမျိုးမျိုးကြောင့် ဖြစ်လည်းဖြစ်ပါလိမ့်မယ်ပေါ့” ဟု ကယားပြည်နယ်ဒီမိုကရက်တစ်ပါတီ ဥက္ကဌ ခူးဖိုးရယ်က ပြောသည်။
ကယားပြည်နယ်ဒီမိုကရက်တစ်ပါတီမှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်းတစ်ဦးဖြစ်သူ နော်မားကရက်စိန်က မိမိဒေသလူမှုဖွံ့ဖြိုးတိုးတက်ရေးအတွက် ၎င်းအနေဖြင့် ဝင်ရောက် ယှဉ်ပြိုင်ရခြင်းဖြစ် သည်ဟု ဆိုသည်။
၎င်းက “ကျမခံယူချက်က ကယားပြည်နယ်မှာရှိတဲ့မျိုးနွယ်စုအားလုံးနဲ့ ကျမပူးပေါင်းလုပ်မယ်ဆိုရင်တော့ ကျမဒေသဖွ့ံ့ဖြိုးဖို့ အဖက်ဖက်တိုးတက်ဖို့ဆိုရင်တော့ ကျမ ကယားဒီမိုကရက်တစ်မှာ ဝင်ရောက်ယှဉ်ပြိုင်ဖို့အသင့်တော်ဆုံးဖြစ်မယ် အဲဒါကြောင့် ကျမဝင်ပြိုင်ခြင်းဖြစ်တာပါ” ဟုပြောသည်။
ကယားပြည်နယ်အခြေစိုက် မဟာမိတ်ပါတီများဖြစ်သည့် ကယန်းအမျိုးသားပါတီ (KNP) နှင့် ကယားပြည်နယ်ဒီမိုကရက်တစ်ပါတီ (KySDP) တို့သည် ကယာတစ်ပြည်နယ်တစ်ခုလုံးရှိ မဲဆန္ဒနယ် ၃၄ နေရာအနက် KySDP က ၃၀ နေရာနှင့် KNP က လေးနေရာ ဝင်ရောက်ယှဉ်ပြိုင်သွားရန် သဘောတူညီထားကြောင်း သိရသည်။