လာမည့် ၂၀၂၀ အထွေထွေရွေးကောက်ပွဲတွင် ရန်ကုန်တိုင်းဒေသကြီး၊ ကရင် တိုင်းရင်းသား လူမျိုးရေးရာ မဲဆန္ဒနယ်၌ အရွေးခံရန် ပြင်ဆင်နေသည့် ရန်ကုန်တိုင်းဒေသကြီး ကရင်တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှု ကော်မတီ အတွင်းရေးမှူး မန်းသန်းဝင်းဦးအား ကရင်ပြည်သူ့အကျိုးအတွက် ၎င်းအနေဖြင့် လုပ်ဆောင် ပေးချင် သည့် အရေးကိစ္စများ၊ မျှော်မှန်းချက်များ၊ ရွေးကောက်ပွဲနှင့်စပ်လျဉ်းသည့် လက်ရှိကရင်ပါတီများ အခြေအနေ နှင့် ပတ်သက်၍ တွေ့ဆုံမေးမြန်းထားသည်များကို ဖော်ပြလိုက်ပါသည်။
မေး ။ ။ ကရင်တိုင်းရင်းသားရေးရာဝန်ကြီး(ရန်ကုန်တိုင်းဒေသကြီး) အတွက် ဝင်ရောက်ယှဉ်ပြိုင်ဖို့ ရွေးချယ် ဆုံးဖြတ်တာနဲ့ပတ်သက်ပြီး သိချင်ပါတယ်။
ဒီမှာရှိတဲ့ ကရင်လူထုတွေကလည်း ကျနော်တို့အပေါ်မှာ ဆန္ဒ ရှိရင်တော့လည်း ဒါကိုဆောင်ရွက်ဖို့တော့ အစီအစဉ်ရှိတာပေါ့နော်။ ကျနော့်အနေနဲ့ကတော့ ကိုယ့်ကရင် လူမျိုး တွေရဲ့ စာပေယဉ်ကျေးမှုအပိုင်းကို ပိုမိုဖွံ့ဖြိုးလာအောင် အဓိကထားပြီးလုပ်ဆောင်ချင်တာအပြင် ၉၀ရာခိုင်းနှုန်း ကျော်လောက်ရှိတဲ့ ကျနော်တို့ကရင်လူမျိုးတွေရဲ့အသက်မွေးဝမ်းကျောင်းဖြစ်တဲ့ စိုက်ပျိုး၊ မွေးမြူရေး လုပ်ငန်း တွေ ဒီထက်မက တိုးတက်ဖွံ့ဖြိုးမှုတွေကနေတစ်ဆင့် ဝင်ငွေပိုမိုရရှိလာအောင် လုပ်ဆောင်ပေးချင်တဲ့ ရည်ရွယ် ချက် ရှိပါတယ်။
တကယ်လို့များ ဆောင်ရွက်ခွင့်ရရင် ဘာတွေလုပ်ဆောင်ပေးချင်လဲ ဆိုတော့ ကျနော်တို့ကရင်လူမျိုးက ဒီစာပေနဲ့ ယဉ်ကျေးမှုမရှိရင် ရှိမှာမဟုတ်တော့ဘူး။ လူမျိုးတစ်မျိုး ရှိဖို့ဆိုရင် စာပေယဉ်ကျေးမှုက အဓိကပေါ့။ ဒါကိုအခြေခံခိုင်ခိုင်မာမာနဲ့ နောက်ပြီးဒီလိုသင်ယူခွင့်ရတဲ့အချိန်ကျမှ အခုကျောင်းချိန်ပြင်ပသင်ရတယ်။ အဲဒါ ကို ကျောင်းချိန်အတွင်းသင်ရဖို့ အဲဒါတွေအပြင် ကရင်စာပေနဲ့ပတ်သက်လို့ ကျနော်တို့လုပ်စရာတွေ အများကြီး ရှိနေသေးတယ်။ ဒါကိုရေးရာဝန်ကြီးတွေအနေနဲ့ တော်တော်ကိုတွန်းတွန်းတိုက်တိုက်နဲ့ လုပ်ဆောင်ရမယ်ကိစ္စ ဖြစ်နေတယ်။ တိုင်းရင်းရေးရာဝန်ကြီးဌာနလည်းရှိတဲ့အခါကျတော့ အဲဒီကနေချိတ်ဆက်ပြီး လုပ်ရမယ့်ဟာတွေ ဖြစ်ပါတယ်။
နောက်ပြီး ဥပမာပြောရရင် ယဉ်ကျေးမှုဝန်ကြီးဌာနပေါ့။ ယဉ်ကျေးမှုဝန်ကြီးဌာနမှာ ပြန်ကြည့်လိုက်ရင် မြန်မာ့ ယဉ်ကျေးမှု တွေချည်းပဲ ဖြစ်နေတယ်။ ယဉ်ကျေးမှုတက္ကသိုလ်လိုမျိုး ဒီလိုဟာတွေကိုကျတော့ နိုင်ငံတော် ဘတ်ဂျက်နဲ့ သွားပြီးတော့ ကျနော်တို့ တိုင်းရင်းသားတွေအတွက်ကျတော့ အဲဒီမှာ တိုင်းရင်းသားတွေရဲ့ ရိုးရာ ယဉ်ကျေးမှု၊ ဓလေ့ထုံးတမ်းတွေ၊ တူရိယာနဲ့ပတ်သက်ပြီး တီးခတ်တာ အကတွေ ပါသင့်တာပေါ့။ အဲဒါတွေကို တိုင်းရင်းသားလူမျိုး ရေးရာဝန်ကြီးတွေကနေစပြီးတော့ တည်ပြီးလုပ်သင့်တယ်လို့ မြင်တယ်။
နောက်တစ်ခုက ပညာရေးကောလိပ်လိုနေရာတွေမှာ ကျနော်တို့တိုင်းရင်းသားပညာဌာနတွေ ရှိသင့်တယ်။ ဘာဖြစ်လို့လဲဆိုတော့ အဲဒီကနေ ဆရာ၊ ဆရာမတွေ မွေးထုတ်တယ်။ အဲဒီလိုမွေးထုတ်တဲ့ နေရာမှာ ဧရာဝတီ တိုင်းလိုနေရာမှာ ပညာရေးကောလိပ် ၃ ခု ရှိတယ်။ ဘိုကလေး၊ မြောင်းမြ၊ ပုသိမ်ပေါ့။ ကရင်လူမျိုးတွေ အများ ဆုံးနေထိုင်တဲ့ နေရာလည်းဖြစ်သလို ခန့်မှန်းကရင်လူဦးရေ ၂ သန်းလောက်ရှိတဲ့ ကရင်လူမျိုးတွေ အနေနဲ့ ပညာရေးကောလိပ်တက်တဲ့အခါမှာ အဲဒီမှာတင်ပဲ Training ပေးလိုက်ရင် သူတို့တွေက ကရင်စာသင်တတ်တဲ့ ဆရာတွေဖြစ်သွားသလို အစိုးရပညာရေးလည်း တခါတည်းရသွားတာပေါ့။ အဲဒါကြောင့်တိုင်းရင်းသားပညာရေး ဌာနလိုမျိုး ဌာနတစ်ခုရှိသင့်တယ်လို့ မြင်တယ်။ အဲဒါမျိုးကိုလည်း ကျနော်တို့ ဆောင်ရွက်ရမယ်။
ပညာရေးဟာ အကောင်းဆုံးသော ရင်းနှီးမြုပ်နှံမှု ဆိုတဲ့စကားရပ်လိုပဲ ပညာရေးသည် ကျနော်တို့ကရင် လူမျိုး တွေအတွက် အရမ်း အရေးကြီးပါတယ်။ ကျနော်တို့က ဒီနိုင်ငံမှာနေတော့ အစိုးရကျောင်းတက်တော့ အစိုးရ ပညာရေးပေါ့။ ဒီမှာ ကျနော်တို့အနေနဲ့ ပညာရေးစစ်တမ်းလိုဟာမျိုး ရှိသင့်တယ်။ ဥပမာ ကရင်ရွာတွေမှာ မူလတန်း ကျောင်းတက်နိုင်တဲ့ ကလေး ၁၀ယောက်မှာ ဘာဖြစ်လို့ ၇ ယောက်ပဲတက်နိုင်လဲ။ ကျန်တဲ့ ၃ယောက် က ဘာဖြစ်လို့ မတက်နိုင်တာလဲ။ အဲဒီကလေးတွေ ၇ ယောက်က ၅ ယောက်ပဲ အလယ်တန်းအဆင့် တက်နိုင်တယ်။
နောက်အထက်တန်း၊ အဆင့်မြင့်ပညာရေးအထိ ဘယ်နှစ်ယောက်ကျန်ခဲ့လဲ၊ စစ်တမ်းရှိရမယ်၊ ကျနော်တို့သိဖို့ လိုတယ်။ ဒီကနေ့ကရင်ရေးရာဝန်ကြီးတွေလည်း ဒါတွေကိုသိထားရမယ်။ ဒါကိုသိထားမယ် ရှိထားမယ်ဆိုရင် ကျနော်တို့ကရင်လူမျိုးတွေရဲ့ ပညာရေး ရေချိန်ဘယ်လောက်ရှိလဲ၊ ဒါတွေကို သိထားမှလည်း ရှေ့ဆက် အ ကောင်းဆုံး ဘယ်လိုဖြစ်အောင်လုပ်မလဲဆိုတာ နည်းလမ်းရှာ ဆောင်ရွက်နိုင်မှာ ဖြစ်ပါတယ်။ ပညာရေး ရင်းနှီး မြုပ်နှံမှုက ကျနော်တို့လူမျိုးတွေအတွက်အရေးကြီးသလို တိုင်းပြည်အတွက်တော့ ပိုအရေးကြီးတာပေါ့။
နောက်တစ်ခုက ဖွဲ့စည်းပုံအရ ရရှိထားတဲ့အခွင့်အရေးတွေထဲမှာ တိုင်းရင်းသားစာပေနဲ့ ယဉ်ကျေးမှုဦးစီးဌာန လို မျိုးပေါ့။ ဒီလိုဌာနတွေမှာ ကရင်လူမျိုးဦးစီးအရာရှိတွေခန့်ပေးဖို့၊ ကရင်ရေးရာဝန်ကြီးရှိတဲ့ နေရာတွေမှာပေါ့။ ဒါမှ မဟုတ်လည်း ဒုဦးစီးလောက်ပေါ့။ ကရင်တွေကို ရွေးချယ်ခန့်ပေးဖို့ ဘာဖြစ်လို့ဒီလိုပြောရလဲဆိုတော့ ဥပမာ ဒီ လိုနေရာတာဝန်မျိုးတွေမှာ အခြားလူမျိုးတွေဖြစ်နေမယ်ဆိုရင် ဘာသာစကားအရရော၊ ယဉ်ကျေးမှု၊ ဓလေ့၊ ထုံးတမ်းရော နားမလည်တဲ့အခါမှာ ဆောင်ရွက်ရတဲ့အခါ စာပေယဉ်ကျေးမှုကော်မတီတွေအနေနဲ့ အတော်လေး အခက်အခဲ ဖြစ်နေတဲ့ အနေအထားတွေ တွေ့ရတယ်။
နောက်ပြီးတိုင်းရင်းသား အခွင့်အရေး ကာကွယ်စောင့်ရှောက်တဲ့ ဦးစီးဌာနကလည်း ဒီလိုပဲရှိသင့်ပါတယ်။ အဲဒီ့ ဦးစီးဌာနကနေ လုပ်ပေးရမယ့်ဟာတွေက ခုဏက ကျနော်တို့ တိုင်းရင်းသားတွေရဲ့ ဝိသေသလက္ခဏာဖြစ်တဲ့ စ၊ စော၊ မန်း၊ နော်၊ နန့်၊ နန်းလိုမျိုးက လွှတ်တော်ထဲကနေ ပြဌာန်းဆောင်ရွက်ရမယ့်ဟာမျိုးတွေ ဖြစ်တယ်။ အခုဟာက ကျောင်းသွားအပ်ရင် ဒီနာမည်ထည့်ပါ ဆိုတာမျိုးကိုညွှန်ကြားလာတာ တွေ့တယ်ပေါ့နော်။ တကယ်တော့ ဒါကို မွေးစာရင်းစလုပ်ကတည်းကိုက လုပ်ရမှာဖြစ်ပါတယ်။ မွေးစာရင်းကနေ အိမ်ထောင်စုစာရင်း၊ ပြီးတော့မှ ကျောင်းကိုသွားရမှာ။ တိုင်းရင်းသားနာမည်တွေရှေ့က ဝိသေသ လက္ခဏာ ဆိုတာကို စကတည်းက ဒီလိုထည့်သွင်းရမယ်ဆိုတာကို လွှတ်တော်မှာကိုပြဌာန်းပေးဖို့ ဆောင်ရွက်ရမှာဖြစ်ပါတယ်။ ဒီနှစ်မှာ ဒီလိုညွှန်ကြား ပြီးတော့ နောက်နှစ်မှာ ဒီလိုညွန်ကြားမှုတွေ မရှိတော့ပြန်ရင်လည်း ဒါကပျောက်သွားပြန်ရော၊ ဒါတွေဟာ ဥပဒေအရကို ရှိနေရမယ့် အရာတွေဖြစ်ပါတယ်။
နောက်တစ်ခုအရေးကြီးတာက ၉၀ ရာခိုင်နှုန်းသော ကရင်လူမျိုးတွေရဲ့လုပ်ကိုင်စားသောက်တဲ့ စိုက်ပျိုး၊ မွေးမြူ ရေးပေါ့။ အဲဒါကို ဖွံ့ဖြိုးအောင်ဘယ်လိုလုပ်မလဲ။ ဘာဖြစ်လို့လဲ ဆိုတော့ ရွာတွေ ဖွံ့ဖြိုးမှုကောင်းမှ မြို့တွေ ဖွံ့ဖြိုးမှုကောင်းမယ်။ မြို့တွေဖွံ့ဖြိုးမှုကောင်းမှ တိုင်းပြည်ဖွံ့မှု ကောင်းမယ်ဆိုတဲ့ အခြေခံအချက်အလက်တွေအရ ကျနော်တို့ရွာကို ဖွံ့ဖြိုးအောင် အရင်လုပ်ရမယ်။ ကရင် ၉၀ ရာခိုင်နှုန်းက လယ်ယာစိုက်ပျိုးရေးနဲ့ မွေးမြူရေး လုပ်ကြတယ်။ ဒါလည်း ကရင်တွေတင်မကဘူး။
တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ တောရွာတွေမှာ ကိုယ့်မြေကြီးက ဘယ်လိုမြေဆီမြေနှစ်တွေလည်း ဆိုတာ ရှင်းရှင်းလင်းလင်း မသိကြဘူး ဖြစ်နေတယ်။ ဓာတုမြေသြဇာကိုလည်း ဘယ်လိုသုံးရမလဲ တိတိပပအဖြေမရှိဘဲ အပိုသုံးမိတာတွေ၊ နောက်မြေကြီးကိုလည်း ပြုပြင်တာမျိုးမဟုတ်ပဲ အထွက်တိုးဖို့အတွက်တစ်ခုတည်းကို အသုံး ပြုတဲ့အခါ မြေဆီတွေက ပျက်ပြီးတော့ ထွက်နှုန်းလျော့ကျသွားတာမျိုး တွေဖြစ်လာတယ်။ ဒါကို လူထုတွေကို ပညာပေးရတာမျိုး လုပ်ပေးရမယ်။ မျိုးကောင်းမျိုးသန့်တွေ စိုက်ပျိုးရေးနည်းစနစ်တွေ သိုလှောင်တဲ့စနစ် တွေကအစ တဆင့်ပြီးတဆင့် ပေးရမှာ ဖြစ်ပါတယ်။
ကျနော် အဓိကလုပ်ချင်တာက သဘာဝမြေသြဇာနဲ့ထုတ်လုပ်တဲ့သီးနှံတွေ၊ ကျန်းမာရေးနဲ့ညီညွတ်တဲ့ အစား အစာတွေ ဖြစ်လာအောင် လုပ်ဆောင်ချင်တယ်။ ဒါနဲ့ပတ်သက်ပြီး ၂၀၀၀ ပြည့်နှစ်က တည်းက ကျနော် ယိုး ဒယားမှာ လေ့လာခွင့်ရခဲ့တော့ သူတို့ဆီမှာ သဘာဝအတိုင်းစိုက်ပျိုးမှုက အရမ်းအောင်မြင်နေပြီ။ သဘာ၀ မြေသြဇာတွေနဲ့ စိုက်ပျိုးတဲ့ သီးနှံတွေ ကျန်းမာရေးနဲ့ညီညွတ်တဲ့ အစားအစာတွေကို အရင်ဆုံး ရန်ကုန်တိုင်း ကနေ စလုပ်ချင်တယ်။
စီးပွားရေးပိုင်းမှာ ဆိုရင်တော့ One village One product (တစ်ရွာမှာ ထုတ်ကုန်တစ်ခု) ပေါ့။ အသေးစား စီးပွားရေး လုပ်ငန်းကိုလည်း ပံ့ပိုးပေးရင်း တစ်ဦးချင်းဝင်ငွေတိုး လာအောင်ပေါ့။ ဒါမျိုးလေးတွေ ဆောင်ရွက် ပေးချင်ပါတယ်။ နောက် စိုက်ပျိုးရေး၊ စီးပွားရေးတွေ ဖွံ့ဖြိုးလာအောင် လုပ်ဆောင်ပေးတဲ့နေရာမှာ Politic (နိုင်ငံရေး) ပေါ့။ ကျနော်တို့ကရင်တွေ ရသင့်ရထိုက်တဲ့ ဥပမာ တစ်ချိန်ကရရှိခဲ့တဲ့ အခွင့်အရေးပေါ့။ လူနည်းစု အခွင့်အရေးပေါ့။ ဧရာဝတီတို့ ရန်ကုန်တို့မှာရှိတဲ့ လူနည်းစုအခွင့်အရေးတွေ ရရှိဖို့၊ အရင်တုန်းက ကျနော်တို့ ကရင်သီးသန့် မဲဆန္ဒနယ်ဆိုတာ ရခဲ့တာကိုး။
အရင်က မြောင်းမြလိုနေရာမျိုးမှာဆို ကရင် ၄၀ ရာခိုင်နှုန်းလောက်၊ ကျနော်ထင်ပါတယ် မြောင်းမြမှာ မှတ်ပုံတင် မရှိတာတွေ၊ သေချာစာရင်းမကောက်နိုင်တာတွေ အများကြီးရှိနေတော့ ကျနော်အထင် တစ် ဝက်လောက်တော့ ရှိမယ်။ ဒီလိုတစ်ဝက်လောက်ရှိတာ ဧရာဝတီတိုင်းမှာ ၈ မြို့လောက်ရှိတယ်။ အဲဒီ ၈ မြို့မှာ တစ်ချိန်က ၁၉၄၇ ခုနှစ် လောက်တုန်းက ရခဲ့တဲ့လူနည်းစုအခွင့်အရေးပေါ့။ ဒါကို ပြန်တောင်းဆိုရမယ်။
ဒီနေ့ ဧရာဝတီကိုပြန်ကြည့်ရင် ကရင်ပါတီကလွှတ်တော်အမတ်မရှိဘူး ဖြစ်နေတယ်။ မရှိဘူးဆိုတာကလည်း နာမည်ကြီးပါတီတွေက ကိုယ့်ကရင်ကို နေရာပေးတာနည်းတယ်။ ၂၀၁၅ ခုနှစ်တုန်းကဆို မန်းဂျော်နီနဲ့ မန်း ကျော်ခင် လားမသိဘူး၊ ၂ ယောက်ပဲရှိတယ်။ အဲဒီတော့ ဧရာဝတီတိုင်းဒေသကြီး လွှတ်တော် အမတ် ၅၂ ဦးမှာ ကျနော်တို့နယ်မြေနဲ့ လူဦးရေအချိုးအစားအရ အနည်းဆုံး ၂၀ လောက်ရှိသင့်တယ်။
ကျနော်တို့ ကရင်ဆိုတာက ကိုယ့်ကရင်လူကြီးကိုပဲ ပြဿနာ အခက်အခဲတွေ အကြံဉာဏ်တွေ တောင်းချင်ကြ တယ်။ ကရင်တွေမှ မဟုတ်ပါဘူး။ တိုင်းရင်းသားတိုင်းက ဒီလိုပါပဲ။ ကိုယ့်လူမျိုးဆို ယုံကြည်တယ်။ အားကိုးကြ တယ်ပေါ့။ အဲဒီလိုမျိုးလုပ်ပေးလိုက်တဲ့ဟာက တိုင်းပြည်အုပ်ချုပ်ရေးအတွက် Smooth (လွယ်ကူချောမွေ့) ဖြစ် တယ်။ PR (အချိုးကျစနစ်)ဒီလိုမျိုးလေးတွေ လုပ်ပေးခြင်းအားဖြင့်လည်း လူနည်းစုအတွက် အခွင့်အရေးတွေ ရရှိမှာဖြစ်ပါတယ်။ ဒီဘက်ခေတ် အနိုင်ရ အကုန်ယူစနစ်ဟာ ကျနော်တို့တိုင်းရင်းသားလူနည်းစုတွေ အတွက် တော်တော်ကို အခြေအနေမကောင်းဘူး။ အဲဒါမျိုးလေးတွေကို ဆောင်ရွက်သွားရမယ့် ဟာတွေ ရှိပါတယ်။
မေး။ ။ လာမယ့် ၂၀၂၀ အထွေထွေရွေးကောက်ပွဲမှာ ကရင်ပါတီတွေရဲ့အလားအလာနဲ့ပတ်သက်ပြီး ဘယ်လို သုံးသပ်မိပါလဲ။
ဖြေ။ ။ ကရင်ပြည်နယ်မှာဆို ဖလုံစဝေါ်နဲ့ KNDP ပေါ့။ ဒီဘက်မှာတော့ KNP နဲ့ KPP ပေါ့။ ကျနော်တို့ ကရင် ပါတီတွေရဲ့အနေအထားက ပါတီခေါင်းဆောင်ပိုင်းရော ပါတီပုံရိပ်ပိုင်းရောက အခြားသော အာဏာရ ပါတီရော၊ အတိုက်အခံပါတီရော စတဲ့ ပါတီကြီးတွေနဲ့ယှဉ်နိုင်ဖို့က တော်တော်ခက်တာပေါ့နော်။ နောက်တစ်ခု ကတော့ ကရင်ပါတီတွေရဲ့သက်တမ်းနုတာလည်း ပါမယ်ပေါ့။ ဥပမာ အစောဆုံးဖြစ်တဲ့ KPP တောင်မှ ၂၀၀၉ မှာဆို တော့ ၊ အဲဒီတော့ ပါတီ weight ခေါင်းဆောင် weight ထက် အရွေးချယ်ခံမယ့် ကိုယ်စားလှယ်တွေရဲ့ ခေါင်းဆောင်မှုစွမ်းရည် အရည်အချင်းကိုပဲကြည့်ရမယ်လို့ ယူဆပါတယ်။
အဲဒီတော့ ကရင်ပါတီမှမဟုတ်ဘူး၊ ဘယ်တိုင်းရင်းသားပါတီတိုင်းမှာမဆို အဓိကကတော့ ကိုယ့်လူမျိုးကို ကိုယ်မဲ ထည့်မှပဲနိုင်မယ်။ အဲဒီတော့ ကရင်လူထုက အရေးကြီးတယ်။ ကရင်ပါတီတွေ အားနည်းချက်ရှိကောင်း ရှိမယ်။ ကိုယ့်ကရင်တွေ သဘောပေါက်နားလည်ထားသင့်တာက ကိုယ့်ကရင်အတွက်လုပ်မယ့်သူက ကရင်ပါ တီတွေပဲ ဖြစ်တယ်ဆိုတာကို သဘောပေါက်ဖို့လိုတယ်။ အဲလိုဖြစ်မယ်ဆိုရင် ကရင်ပါတီတွေက အမျိုးသား လွှတ်တော်၊ တိုင်းဒေသကြီး လွှတ်တော်တို့ ရေးရာဝန်ကြီးနေရာတွေ ရသွားလိမ့်မယ်။
ရေးရာဝန်ကြီးနေရာက ကိုယ့်ကရင်ပဲထည့်ရမယ်ဆိုတော့ ရှင်းပေမယ့် ကျန်တဲ့အမျိုးသား၊ ပြည်သူ့နဲ့တိုင်းဒေသ ကြီး လွှတ်တော်တွေမှာ ကျန်တဲ့လူမျိုးတွေနဲ့ယှဉ်ပြီး ယှဉ်ပြိုင်ရမယ့်အခါမှာ အချက်အလက်အရ ပြန်ကြည့်ရင် ကရင်လူဦးရေ ၄၀ ရာခိုင်နှုန်းရှိတဲ့ မြို့တွေဟာ ဧရာဝတီတိုင်းမှာ ၈ မြို့လောက်ရှိတယ်။ အဲလိုနေရာတွေမှာ ကိုယ့် ကရင်လူထုက ကိုယ့်ကရင်ပါတီကို အားပေးမယ်ဆိုတဲ့ အနေအထားမျိုး ရှိဖို့လိုပါတယ်။ အခုလာမယ့် ၂၀၂၀ မှာ တိုင်းရင်းသား ပါတီတွေရဲ့အလှည့်လို့ ခန့်မှန်းပြောဆိုနေကြပေမယ့် ဒါဟာ ကျန်တဲ့တိုင်းရင်းသားတွေ အတွက် မှန်ကောင်းမှန်နိုင်ပေမယ့် ကရင်တွေအတွက်ကတော့ အတော်ခက်ခဲနေမယ်လို့ထင်တယ်။ တော်တော်ကြိုးစားမှပဲရမယ်။ ဘာကြောင့်လဲဆိုတော့ ကရင်က ကရင်ပြည်နယ်မှာ ၄ ပုံ ၁ ပုံနေပြီးတော့ ကျန်တဲ့ ၃ ပုံက ကျန်တဲ့တိုင်းနဲ့ပြည်နယ်တွေမှာ ပျံ့နှံ့နေထိုင်တဲ့အတွက် အစုအဖွဲ့အားကောင်းကောင်းနဲ့ နေတဲ့နေရာတွေ အရမ်းနည်းတယ်။
အဲဒီတော့ အချက်အလက်အရ ပြန်ကြည့်ရင် ၄၀ ရာခိုင်နှုန်းအထက် ကရင်ရှိတဲ့မြို့နယ်တွေက ဧရာဝတီမှာ ၈ မြို့နယ်ဆိုပေမယ့် ပဲခူးတိုင်းအရှေ့ခြမ်းမှာ ကျောက်ကြီးရှိတယ်။ ဒါပဲ။ ပဲခူး အနောက်ခြမ်း မရှိဘူး။ ၁၀ ရာခိုင်နှုန်း တောင်မရှိဘူး။ အဲဒီတော့ ကရင်ကိုပဲ အခြေခံပြီးသွားမယ့် ကိုယ့်ကရင်ပါတီတွေအတွက်က ပဲခူးအနောက်ခြမ်း တော့မလွယ်ဘူး။ နောက် ကရင်ပြည်နယ် သံတောင်ကြီးဆို ၉၄ ရာခိုင်နှုန်းရှိတယ်။ ဒါကရင်ပါတီ ရကိုရရမယ်။ နောက်လှိုင်းဘွဲက ၈၀ ရာခိုင်းနှုန်းကျော်ရှိတယ်။ ရကိုရမယ့်နေရာတွေဖြစ်တယ်။
အဲဒါတောင်မှ ၂၀၁၅ တုန်းက မရလို့ သံတောင်ကြီးမှာ ကရင်ပါတီကနေ ၁ ယောက်ပဲရတယ်။ အဲဒီသင်ခန်းစာ ကို ကြည့်ခြင်းအားဖြင့် ဒီ ၂၀၂၀ မှာတော့ ကရင်ပြည်သူတွေအနေနဲ့ ကရင်အကျိုးအတွက် ကရင်ပါတီတွေကပဲ လုပ်ပေးနိုင်တယ်ဆိုတဲ့ အသိလေးနဲ့မဲထည့်ကြမယ်ဆိုရင် ကရင်ပါတီတွေအနေအထားက ဒီလိုကရင်လူဦးရေ အများဆုံးရှိတဲ့ နယ်တွေမှာ အားသွန်ခွန်စိုက် လုပ်မယ်ဆိုရင်တော့ အတိုင်းအတာတစ်ခုအထိအောင်မြင်မယ်လို့ ယုံကြည်ပါတယ်။
မေး ။ ။ လာမယ့်ရွေးကောက်ပွဲမှာလည်း ကရင်ပါတီတွေအပြင် အခြားသော ကရင်ပါတီမဟုတ်တဲ့ ပါတီတွေ ကနေ ဝင်ရောက်ယှဉ်ပြိုင်ဖို့ရှိမယ်ဆိုတဲ့အခါကျတော့ ကရင်လူထုတွေအနေနဲ့ ဘယ်လိုအခြေအနေတွေပေါ် သုံးသပ်ပြီး ဆုံးဖြတ်သင့်ပါလဲ။
ဖြေ။ ။ အဲဒါကတော့ ၂၀၁၅ ကိုပဲပြန်ကြည့်လိုက်ရင် အမျိုးသားလွှတ်တော်၊ ပြည်လွှတ်တော်ရောက်နေတဲ့ ကိုယ့်ကရင်ခေါင်းဆောင်တွေရှိတယ်။ ဒီခေါင်းဆောင်တွေကလည်း သူတို့ရဲ့ပါတီမူဝါဒကနေ ထွက်လို့မရဘူး၊ NLD ဆိုရင် နိုင်ငံသူ နိုင်ငံသားအတွက်ဆိုပြီး သွားတဲ့အခါကျတော့ ကရင်ကိစ္စကိုပဲ အရေးဆိုဖို့က တော်တော် ခက်နေတယ်။ ဒါပေမယ့်လူမျိုးတိုင်းမှာသူ့ကိစ္စနဲ့သူ ရှိကြတာပါပဲ။ အဲဒီတော့ ကိုယ့်ကိစ္စကို ပြောဆို အရေးဆိုဖို့က ကိုယ့်ကရင်တွေ ကိုယ့်တိုင်းရင်းသားပါတီတွေကပဲ ပြောနိုင်တယ်။ ဒါကို ကိုယ့် ကရင်လူထုတွေအနေနဲ့က ရှင်းရှင်းလင်းလင်း သိထားဖို့လိုအပ်ပါမယ်။