ပန်းတိုင်းပွင့်စေ၊ ပွင့်သောပန်းတိုင်း မွှေးစေ

ပန်းတိုင်းပွင့်စေ၊ ပွင့်သောပန်းတိုင်း မွှေးစေ
by -
ကေအိုင်စီ
နိုင်ငံရေးရေချိန်က မြင့်တက်လာသလား၊ တန့်နေလား၊ တွန့်ဆုတ်နေသလားကို ဝေခွဲရခက်သည့်ကာလမှာ လက်ရှိကာလပင် ဖြစ်နေမလား ထင်မှတ်မှားရသည်။ တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးစာချုပ်-အဲန်စီအေ လက်မှတ်ရေးထိုးရာတွင် တစ် နိုင်ငံလုံးရှိ လက်နက်ကိုင်အဖွဲ့များအားလုံး မပါ၀င်သေးသည့်အပေါ် ဝေဖန်မှုရှိနေဆဲဖြစ်သည်။ မြန်မာနိုင်ငံတွင် တိုက်ပွဲသံများ ဆူညံသည့်ကြားက မငြိမ်းချမ်းသေးသော်ငြား အဲန်စီအေစာချုပ်ကို အကောင်အထည်ဖော်သွားနေသည့် နိုင်ငံရေးဆွေးနွေးပွဲများ ကလည်း တရွေ့ရွေ့ သွားနေဆဲဖြစ်သည်။ အဲန်စီအေတွင် အားလုံး ပါ၀င်လက်မှတ်ရေးထိုးမှုမပါသေးဘဲ အားနည်းနေသေးသ လို နိုင်ငံရေးဆွေးနွေးပွဲများ၌လည်း အမျိုးသမီးများ၏ အဆင့်ဆင့်သော ပါ၀င်ဦးဆောင်မှုမှာလည်း အားနည်းနေပေသေးသည်။

ယခုဆိုလျှင် အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲမှာ လူမျိုးလိုက်၊ ဒေသအလိုက်ပင် ဆောင်ရွက်ပြီးစီးမှု အထိုက်အလျောက် ရှိ ပြီဖြစ်သည်။ ဆွေးနွေးပွဲတိုင်းတွင် ဒေသအလိုက်၊ အစုအဖွဲ့ အသီးသီးမှ ကိုယ်စားလှယ်များ၊ လေ့လာသူများအပြင် ကျင်းပရေး ဦးဆောင်သူများ၊ နည်းပညာအထောက်အကူပြုအဖွဲ့များ၊ မှတ်တမ်းအဖွဲ့များပါရှိရာ အဆင့်ဆင့်သော လုပ်ငန်းစဉ်တိုင်းတွင် အမျိုးသမီးများ၏ ထိရောက်စွာ ပါ၀င်မှုမှာလည်း နိုင်ငံတစ်ခု၏ အပြောင်းအလဲအတွက် လွန်စွာ အရေးကြီးသည့် အခန်းကဏ္ဍ တစ်ရပ် ဖြစ်သည်။

၃၀ရာခိုင်နှုန်းပင် မပြည့်သော အမျိုးသမီးများ၏ ပါ၀င်မှုများမှာ နောက်လိုက်အဖြစ်ထက် ဦးဆောင်မှုအပိုင်း၊ ဆုံးဖြတ်ချက်ချမှု အပိုင်းများတွင် တိုးတက်မြင့်မားလာရန် အထူးလိုအပ်သည်။ အထူးသဖြင့် အပစ်မရပ်ခဲ့သော ပြည်တွင်းစစ်ကာလတစ်လျှောက် အမျိုးသမီးများမှာ စစ်ဘေးဒဏ်နှင့် လူ့အခွင့်အရေး ချိုးဖောက်မှုများကို အမျိုးသားများနှင့်တန်းတူ သို့မဟုတ် ပိုမိုဆိုးဝါးစွာ ရင်ဆိုင်ခဲ့ကြရသည့်အပြင် အစိုးရစစ်တပ်၏ ညှင်းပမ်းနှိပ်စက်မှုများကြောင့် ကျေးရွာသူကြီးတာဝန်ကို အမျိုးသားများက မယူရဲ တော့ဘဲ အမျိုးသမီးများကသာ သူကြီးမ(အမျိုးသမီးသူကြီး)အဖြစ် အသက်၊အရှက်ကို စတေးကာ လုပ်ဆောင်လာခဲ့ကြသည်။

“အရင် ခေတ်မကောင်းခင်ကတော့ သူကြီးမ အကြာကြီး လုပ်ခဲ့ပါတယ်။ အခု အခြေအနေတွေ ကောင်းလာပြီမို့ ခုဆို ကျမတို့က ရွာသားပါပဲ”ဟု မကြာသေးခင်က နယ်စပ်တစ်နေရာတွင် ပြုလုပ်ခဲ့သည့် ကရင်အမျိုးသမီးနှီးနှောဖလှယ်ပွဲ၌ တက်ရောက်ခဲ့သူ စစ်ရေးပဋိပက္ခဒေသမှ အသက် ၆၀နီးပါးအရွယ် သူကြီးမက ပြောဆိုသည်။ သေရေးရှင်ရေး အခက်အခဲနှင့် ရင်ဆိုင်နေရချိန်က အမျိုးသမီးများကို ရှေ့တန်းတင်ထားခဲ့ပြီးမှ အခက်အခဲများ ပြေလျော့လာချိန်တွင် နောက်တန်း၌သာ ထားရှိစေတော့သည့် အနေအထားဖြစ်နေပေသည်။ ပြည်တွင်းစစ်ကို ငြိမ်းချမ်းရေးအဖြစ် အသွင်ပြောင်းနေရဆဲကာလတွင် အခက်အခဲများကို ရင်ဆိုင် ကျော်ဖြတ်လာခဲ့ရသည့် အမျိုးသမီးများကို ၎င်းတို့၏ ဖြတ်သန်းမှုများပေါ် အခြေခံ၍ ဆက်လက် ဦးဆောင်၊ ပါ၀င်စေသင့်သည် ဟု ယူဆပါသည်။

မျက်မှောက်ကာလ မြန်မာ့နိုင်ငံရေးတွင် အမျိုးသမီးများ၏ ဦးဆောင်မှု၌ ပါ၀င်လာသည်မှာ ယခင့်ယခင်ကထက် အနည်းငယ် များလာသော်လည်း တစ်ဆယ် ရာခိုင်နှုန်းနီးပါးပင် ရှိသေး၍ မိသားတစုမှသည် လူမှုအဖွဲ့အစည်းအဆင့်တိုင်းတွင် အားကောင်း လာသင့်သည်။ သဘာဝတရားအရ နူးညံ့ပျော့ပြောင်းသော လူသားတို့၏ နှလုံးသားမှာ အမျိုးသားများတွင်ထက် အမျိုးသမီးများ ထံ၌ ပိုမို ကိန်းအောင်းနေသည်။ အမျိုးသမီး၊ အမျိုးသား ဒွန်တွဲနေထိုင်ကြသည့် လူ့ဘောင်လောက၊ လူမှုအသိုင်းအဝိုင်းတွင် လည်း ရင်ဆိုင်နေရသည့် အခြေအနေပေါ် မူတည်၍ နူးညံ့သည့် နှလုံးသားပိုင်ရှင်များမှာလည်း ခိုင်မာ၍ ခံနိုင်ရည်ရှိသော နှလုံး ရည်သမားများအဖြစ် ပြဿနာများကို ဖြေရှင်းနိုင်ကြမည်ဟု ယုံကြည်သည်။

သို့ဖြစ်ပေရာ ၂၁ရာစုမှသည် ရာစုပေါင်းများစွာသို့ လျှောက်လှမ်းရာလမ်းတစ်လျှောက်တွင် ပန်းတိုင်းပွင့်လန်းကြပြီး ပွင့်သောပန်း တိုင်းကလည်း မွှေးပျံ့နိုင်ကြစေဖို့ အမျိုးသမီးများ ကိုယ်ပိုင်ယုံကြည်ချက်၊ ကိုယ်ပိုင်ခံယူချက်၊ ကိုယ်ပိုင်စွမ်းဆောင်ချက်၊ ကိုယ် ပိုင် ရဲရင့်တက်ကြွမှုများနှင့်အတူ မတ်လ ၈ရက်နေ့တွင် ကျရောက်မည့် နိုင်ငံတကာအမျိုးသမီးများနေ့ကို ကြိုဆိုရင်း အပြောင်း အလဲများစွာကို ဖန်တီးနိုင်ကြဖို့ တိုက်တွန်းလိုက်ရပေသည်။

June 19, 2023
ယနေ့ ဇွန်လ ၁၄ ရက်နေ့သည် မိုခါမုန်တိုင်း တိုက်ခတ်သည့် တစ်လ ပြည်နေ့ဖြစ်ပါသည်။ လွန်ခဲ့သည့် မေလ ၁၄...
March 15, 2023
မတ်လ ၈ ရက် International Women Day 2023 နေ့အတွက် အထိမ်းအမှတ်အဖြစ် ဗြိတိန်နိုင်ငံက ထုတ်ဝေတဲ့...
March 15, 2023
လူသားအကျိုးပြုလုပ်ငန်းများဆိုင်ရာ ပရဟိတဒေါက်တာဘွဲ့ ရရှိသူ ဦးမင်းထည်ဝါနှင့် တွေ့ဆုံမေးမြန်းခြင်း...
March 9, 2023
အပြည်ပြည်ဆိုင်ရာအမျိုးသမီးများနေ့တွင် ရခိုင်အမျိုးသမီးအချို့၏အမြင်များ ယနေ့ မတ်လ ၈ ရက်မှာ...