COVID- 19 ရောဂါ ကာကွယ်တားဆီးရေး လုပ်ငန်းမှာ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းတွေနဲ့ ပူးပေါင်းညှိနှိုင်း လုပ်ဆောင်ဖို့ သမ္မတ ဦးဝင်းမြင့်က ပြီးခဲ့သည့် ဧပြီလ ၂၇ ရက်နေ့က ကော်မတီတစ်ခု ဖွဲ့စည်းပေးလိုက်ပေမယ့်လည်း အဲဒီကော်မတီမှာ တိကျရှင်းလင်းတဲ့ ဖွဲ့စည်းမှုပုံစံကို မတွေ့ ရှိရသေးဘူးလို့ ထောက်ပြပြောဆိုနေကြပါတယ်။
အစိုးရကျန်းမာရေးအဖွဲ့နှင့် တိုင်းရင်းသား တော်လှန်ရေး လက်နက်ကိုင် အဖွဲ့အစည်း လက်အောက်မှာရှိတဲ့ ကျန်းမာရေး အဖွဲ့အစည်းတို့ ပူးပေါင်းလုပ်ဆောင်နိုင်တဲ့ အခင်းအကျင်းတစ်ခုကို ဖန်တီးပေးဖို့ တိုင်းရင်းသား ကျန်းမာရေး ကော်မတီ EHC က မေလ ၆ ရက်နေ့က ထုတ်ပြန် တောင်းဆိုထားပါတယ်။
ဒါ့အပြင် တိုင်းရင်းသားဒေသမှာ လုပ်ဆောင်နေတဲ့ COVID- 19 ရောဂါကာကွယ်တားဆီးရေး လုပ်ငန်းတွေကို တပ်မတော်က ဟန့်တားနေတာကို ရပ်တန့်ပေးဖို့၊ ရောဂါတိုက်ဖျက်ရေးမှာ အဟန့်အတားဖြစ်စေတဲ့ တိုက်ပွဲတွေကို ရပ်တန့်ပေးဖို့၊ ရန်ပုံငွေ စီးဆင်းမှုအပိုင်းတွေမှာလည်း ဗဟိုအစိုးရကနေ တိုင်းရင်းသား ကျန်းမာရေး အဖွဲ့အစည်းတွေဆီ ပံ့ပိုးမှုတွေဟာ ထိရောက် မှုမရှိတဲ့အတွက် တိုင်းရင်းသားဒေသက သက်ဆိုင်ရာ တိုင်းရင်းသား ကျန်းမာရေး အဖွဲ့အစည်းတွေ ဆီကိုပဲ တိုက်ရိုက် ပံ့ပိုးပေးဖို့ တောင်းဆိုထားပါတယ်။
တိုင်းရင်းသား ကျန်းမာရေး အဖွဲ့တွေနဲ့ အစိုးရ ကျန်းမာရေး အဖွဲ့အစည်းတို့ ပူးပေါင်းလုပ်ဆောင်နိုင်တဲ့ အခင်းအကျင်း တစ်ခု ကို ဖန်တီးပေးဖို့ ဘာကြောင့်တောင်းဆိုရတာလဲ၊ နိုင်ငံတကာ အလှူရှင်တွေ အနေနဲ့ တိုင်းရင်းသား ကျန်းမာရေး အဖွဲ့တွေဆီ တိုက်ရိုက် ကူညီထောက်ပံ့ဖို့ ဘာကြောင့် လိုအပ်သလဲ စတဲ့အကြောင်းအရာတွေကို မြန်မာနိုင်ငံ ဆေးပညာရှင်များ အသင်း BMA မှ ဒါရိုက်တာလည်းဖြစ် တိုင်းရင်းသား ကျန်းမာရေး ကော်မတီ တွဲဖက်အတွင်းရေးမှူး လည်းဖြစ်တဲ့ စောနေထူးကို သတင်းနှင့်မီဒီယာကွန်ရက် ဆက်သွယ်မေးမြန်းထားပါတယ်။
သတင်းနှင့်မီဒီယာကွန်ရက် - COVID- 19 ရောဂါ ကာကွယ် တားဆီးရေး လုပ်ငန်းမှာ တိုင်းရင်းသား လက်နက်ကိုင်တွေနဲ့ ပူးပေါင်းညိနှိုင်း လုပ်ဆောင်ဖို့ သမ္မတကနေ ဖွဲ့ပေးလိုက်တဲ့ ဒီကော်မတီက တိုင်းရင်းသား အဖွဲ့တွေနဲ့ ပူးပေါင်း လုပ်ဆောင်တဲ့ အခါမှာ ဘယ်လိုအကျိုးသက် ရောက်မှုတွေရှိနိုင်တယ်လို့ မြင်ပါသလဲ။
စောနေထူး - ဒီတိုင်းရင်းသား ကျန်းမာရေး အဖွဲ့အစည်းတွေနဲ့ ဒီတိုင်းရင်းသား ဒေသတွေမှာ ကိုရိုနာ ဗိုင်းရပ်စ် ကာကွယ် ထိန်းချုပ်ရေး အတွက် လုပ်ဆောင်နေတဲ့ ကိစ္စတွေကို ပြောရမယ်ဆိုရင်တော့ ဒါတစ်စုံတစ်ရာ အသိအမှတ်ပြုတဲ့ ပုံစံမျိုး ကို မြင်နေရတာပေါ့။ အဲဒါကို ကျနော်တို့ ဘယ်လိုပဲ ပြောပြော ကြိုဆိုတာပေါ့။ သို့သော် တစ်ဖက်မှာကလည်း ဖွဲ့စည်းမှု သဏ္ဍာန် ကလည်း ပြောရမယ်ဆိုရင် လူအစုအဖွဲ့ ၄ ယောက်နဲ့ပဲ သွားနေတဲ့ အနေအထားမျိုးရှိတယ်။ ပြောရမယ် ဆိုရင်တော့ လက်တွေ့အကောင်အထည်ဖော်တဲ့ နေရာမှာကျတော့ အခက်အခဲလေးတွေတော့ အများကြီး ရှိနိုင်မယ်လို့တော့ ကျနော်တို့ ထင်တယ်။ အထူးသဖြင့် တိုင်းရင်းသား ဒေသတွေမှာ တိုင်းရင်းသား တော်လှန်ရေး အဖွဲ့အစည်းတွေ ဒီတိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်း အခြေပြုတဲ့ ဒေသတွေမှာ လုပ်ဆောင်တဲ့ ကိစ္စတွေက အစိုးရတပ်မတော် အနေနဲ့ တားဆီးပိတ်ပင်တဲ့ ကိစ္စတွေ လည်း ကြုံနေရတဲ့ အနေအထားမျိုးတွေ အများကြီးတွေ့ရတယ်။
သတင်းနှင့် မီဒီယာကွန်ရက် - ဆိုတော့ ရခိုင်လို တိုက်ပွဲဖြစ်နေတဲ့ ဒေသတွေ၊ ပြီးတော့ ရက္ခိုင့်တပ်တော် AA ကိုလည်း အကြမ်းဖက် အဖွဲ့အဖြစ် ကြေငြာထားတယ်ဆိုတော့ ရောဂါကာကွယ် တားဆီးရေး လုပ်ငန်းမှာ ဘယ်သူ့ကိုမှ ချန်မထားပါ ဘူးဆိုတဲ့ အစိုးရရဲ့ မူဝါဒက အထူးသဖြင့် အဲလိုဒေသတွေမှာ ဘယ်လိုမျိုးဖြစ်လာနိုင်တယ်လို့ သုံးသပ်ပါသလဲ။
စောနေထူး - အဲဒီ no one left policy (မည်သူ့ကိုမျှ ချန်လှပ်မထားသော မူဝါဒ) ကျတော့ ကျနော်ထင်တာကတော့ စကားလုံးလှလှလေး သုံးပြီးတော့ ဒီမူဝါဒကို ဖော်ပြတဲ့ဟာလောက်ပဲ ကျနော်ကတော့ အဲလိုပဲ ယုံကြည်တယ်။ ဒါကြောင့် ဒါတွေ လက်တွေ့အကောင်အထည်ဖော်ဖို့ ဆိုတာ no one left policy ကိုယ်တိုင်တကယ် ကျင့်ကြံနိုင်မှပဲ ဖြစ်မယ်။ အခုလိုမျိုး တစ်နိုင်ငံလုံးရဲ့ အတိုင်းအတာကို ပြန်ချိန်ကြည့်မယ်ဆိုရင် ကျနော်တို့ အနောက်တံခါး ရခိုင်ဒေသတွေ နောက်ပြီးတော့ ဟိုးဖက် ချင်းဒေသတွေ နောက်ပြီး တော့ ကရင်၊ ရှမ်း အားလုံးသိတဲ့အတိုင်းပဲ ဒါတွေက ကြိုကြားကြိုကြားတွေဖြစ်နေတယ်။ အထူးသဖြင့်တော့ ရခိုင်ဒေသမှာ တော့ ပိုပြီးတော့ တိုက်ပွဲပြင်းထန်တာကို ကျနော်တို့ မြင်ရတယ်။ သိရတယ်။ ဆိုတော့ ဒါတွေက policy အရတော့ no one left policy လို့ပြောတယ် ဒါပေမယ့် တကယ့် တကယ် လက်တွေ့ဆန်ဆန်လုပ်တဲ့ နေရာမှာကျတော့ ဒါတွေ policy နဲ့ ကိုက် ညီမှု မရှိဘူးဆိုတာ ကျနော်တို့ မြင်ရတယ်။ အဲဒါကြောင့် ကျနော်တို့ သုံးသပ်မိတာကတော့ ဒါတွေက policy ကိုဖော်ပြတာပဲ ရှိကောင်းရှိမယ် ဒါပေမယ့် လက်တွေ့ အကောင်အထည်ဖော်တဲ့ နေရာမှာတော့ ကြန့်ကြာမှုတွေရှိတယ်။ လက်တွေ့ အကောင်အထည် ဖော်တဲ့နောရာမှာ မဖြစ်နိုင်တဲ့ဟာတွေ အများကြီး ရှိလိမ့်မယ်လို့ ကျနော်တို့ ယုံကြည်တယ်။
သတင်းနှင့် မီဒီယာကွန်ရက် - တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းတွေ ရောဂါကာကွယ် တားဆီးရေးလုပ် ဆောင်တဲ့ အခါမှာ ခြိမ်းခြောက်တာတွေ၊ တားဆီးတာတွေ၊ ထိုးစစ်ဆင်မှုတွေ လုပ်ဆောင်နေတာတွေရှိတယ်လို့ ဘာကြောင့် ထောက်ပြထားရတာလဲ။
စောနေထူး - အဓိကကတော့ COVID- 19 ကတော့ pandemic ကိစ္စဖြစ်တယ် ကမ္ဘာလုံးဆိုင်ရာ ကပ်ရောဂါတစ်ရပ်ဖြစ် တယ် အဲဒါကလည်း WHO ကနေပြီးတော့ ကြေငြာထားတဲ့ဟာတွေရှိတယ်။ တကမ္ဘာလုံးမှာ ဒါ လက်တွဲပြီးတော့ ပူးပေါင်း ဆောင်ရွက် ပြီးတော့ လုပ်ရမယ့် ကိစ္စတွေဖြစ်တယ်။ တစ်ဖက်မှာလည်းပဲ UN အနေနဲ့ ကမ္ဘာလုံးဆိုင်ရာ အပစ်အခတ်ရပ်စဲ ရေး အတွက် တိုက်တွန်းတောင်းဆိုထားတဲ့ဟာတွေရှိတယ်။ ကျနော်တို့ နိုင်ငံမှာလည်း COVID- 19 ကို အတူတကွ ပူးပေါင်း တိုက်ဖျတ်နိုင်ဖို့အတွက် ဆိုရင်တော့ ပြည်တွင်းစစ်ပေါ့ အထူးသဖြင့် တိုင်းရင်းသား ဒေသတွေမှာ ထိုးစစ်ဆင်တဲ့ ကိစ္စကတော့ မဖြစ်မနေ ပထမဦးဆုံး အပစ်အခတ်ရပ်စဲလုပ်ရမယ့် ကိစ္စတွေဖြစ်တယ်။ အဲလိုမျိုး အပစ်ခတ်ရပ်စဲရေး မလုပ် နိုင်ပဲနဲ့တော့ နိုင်ငံလုံးဆိုင်ရာ COVID- 19 တိုက်ဖျတ်ဖို့ ပြောနေတဲ့ ကိစ္စတွေကလည်း မဖြစ်နိုင်တဲ့ အခြေအနေမျိုးမှာ ကျနော်တို့ မြင်ရတယ်။ အဲဒါကြောင့် အထူးသဖြင့်တော့ တိုင်းရင်းသားဒေသတွေမှာ ထိုးစစ်ဆင်ပြီးတော့ လုပ်ဆောင်နေတဲ့ ကိစ္စတွေကို ရပ်တန့်ပေးဖို့ အရေးကြီးတယ်လို့ ပြောကြားလိုပါတယ်။ အဲဒါတွေ မလုပ်နိုင်သေးသ၍ကတော့ ဘယ်လိုပဲ ပြောပြော ဘာကော်မတီပဲဖွဲ့ဖွဲ့ ဘယ်လိုအစု အဖွဲ့ပဲဖွဲ့ဖွဲ့ ဒီ COVID- 19 ကို ဝိုင်းဝန်းတိုက်ဖျတ်ဖို့ဆိုတာက အလားအလာတော့ မရှိဘူး ကျနော်တို့ အဲလိုပဲ သုံးသပ်မိပါတယ်။
သတင်းနှင့် မီဒီယာကွန်ရက် - ကရင်ဖက်မှာ COVID- 19 ကာကွယ်တားဆီးရေး လုပ်ဆောင်နေတဲ့ အခြေအနေက ဘယ်လိုရှိနေသလဲ ။
စောနေထူး - KNU ဖက်ကတော့ ပြောရမယ်ဆိုရင်တော့ ထုတ်ပြန်ထားတဲ့ဟာတွေရှိတယ်။ ဒေသအသီးသီးပေါ့ ဗဟိုအဆင့် က နေပြီးတော့ ကော်မတီဖွဲ့စည်းတာတွေရှိတယ်။ နောက်ပြီးတော့ ခရိုင်အဆင့် မြို့နယ်အဆင့် COVID- 19 နဲ့ ပတ်သက်တဲ့ အရေးပေါ် တုန့်ပြန်မှု ကော်မတီသော်လည်းကောင်း အဖွဲ့သော်လည်းကောင်း အဲလိုဖွဲ့စည်းထားတာရှိတယ်။ သို့သော် ဒေသ တစ်ချို့မှာတော့ အထူးသဖြင့် သထုံခရိုင်ဖက်မှာ ဖြစ်ပျက်ခဲ့တဲ့ အခင်းအကျင်းတွေရှိပါတယ်။ ဒီအစိုးရ တပ်မတော်က နေပြီး တော့ KNU က လုပ်ထားတဲ့ ဒီ Screening Point (ကျန်းမာရေး စစ်ဆေးရေး) စခန်းတွေကို ဖျတ်သိမ်းပေးဖို့ လုပ်လာတဲ့ဟာ တွေရှိတယ်။ အဲဒါတွေက တစ်ကယ်တမ်း ကျတော့ policy အရ no one left policy ပြောပေမယ့်လည်း ဒါတကယ်လက်တွေ့ကျကျ ကတော အဲလိုမျိုး pressure လုပ် တဲ့ကိစ္စတွေ နောက် ခြိမ်းခြောက်တားမြစ် တဲ့ကိစ္စတွေက ရှိနေတာကို ကျနော်တို့ သိရတယ်။ အဲဒါကို ဒီအချိန်မှာ လုံးဝမဖြစ် သင့်ဘူးလို့ ကျနော်တို့တော့ ပြောချင်တယ်။
သတင်းနှင့် မီဒီယာကွန်ရက် - ပြီးတော့ နိုင်ငံတကာ အလှူရှင်တွေက ဗဟိုအစိုးရကိုပဲ ထောက်ပံ့မှုပေးတဲ့အတွက် တိုင်းရင်း သား ဒေသတွေမှာ ရောဂါပိုမိုကူးစက်ပြန့်ပွားစေလို့ ဆိုထားတယ်။ ဒါနဲ့ ပတ်သက်ပြီးလည်း ရှင်းပြပေးစေချင်ပါတယ်။ နိုင်ငံတကာ အလှူရှင်တွေကို ဆရာတို့အနေနဲ့ ဘာအဓိကတောင်းဆိုချင်တာလဲ။
စောနေထူး - အဓိကကတော့ နိုင်ငံတကာ အလှူရှင်တွေကလည်း အားလုံးသိတဲ့အတိုင်းပဲ ဒီ COVID- 19 မတိုင်ခင်က လည်းပဲ ကျနော်တု့ိရဲ့ တိုင်းရင်းသားဒေသတွေမှာ ရန်ပုံငွေ စီးဆင်းမှု flow က အလွန်နည်းပါး သွားတယ်ဆိုတဲ့ဟာက အားလုံးအသိပဲ ဖြစ်ပါတယ်။ အခုလိုမျိုး COVID- 19 တိုက်ဖျက်ရေး ကိစ္စမှာ ဆိုရင်လည်း သက်ဆိုင်ရာ အစုအဖွဲ့ဒေသအ လိုက်ပေါ့နော်။ ဒါ တိုက်ရိုက် funding ရယူနိုင်တဲ့ ကိစ္စပေါ့နော် ဖြစ်ရင်တော့ ပိုပြီးမှ ထိရောက်မြန်ဆန်မယ်လို့တော့ ကျနော် ထင်တယ်။ အခုသွား နေတဲ့ ပုံစံမျိးက uniletral funding တွေရှိမယ် Bilateral funding တွေရှိတယ် ဒီမြန်မာပြည်မှာ အဲဒါ ကိုတော့ ဘယ်လိုပဲ ပြောပြော ဒီတိုင်းရင်းသား အဖွဲ့အစည်းတွေကို တိုက်ရိုက်ရောက်သွားတဲ့ အနေအထားမျိုး တစ်ခုမှ မရှိဘူး ဆိုတာကို ကျနော်တို့ မြင်ရတယ်။ အထူးသဖြင့် အစိုးရ ကျန်းမာရေးဌာနကို ကူညီပံ့ပိုးတဲ့ဟာတွေ အများစုဖြစ်နေတယ်။ သို့သော် ခုနကျနော်ပြောသလိုပဲ တိုင်းရင်းသား ကျန်းမာရေး အဖွဲ့အစည်းတွေကို ပံ့ပိုးကူညီမှု အနည်းအကျဉ်းတော့ ရှိတယ်။ သို့သော်တိုက်ရိုက်မရှိဘူး။ ဒီကြားခံပြီးတော့ International NGO တစ်စုတစ်ဖွဲ့က ကြားခံပြီးတော့ အကောင်အထည်ဖော်နေတဲ့ ကိစ္စမျိုးတွေပဲ ကျနော်တို့ အများစုတွေ့ရပါတယ်။ ဒီလိုမျိုးကာလမှာ မြန်မြန်ဆန်ဆန် လုပ်နိုင်ဖို့ဆိုရင်တော့ သက်ဆိုင်ရာ အစုအဖွဲ့တွေက အထူးသဖြင့် ဒီ funding တွေပေါ့ ဒီ International ကူညီပံ့ပိုးတဲ့ အစုအဖွဲ့တွေကပြီးတော့ တိုက်ရိုက်ဝန်ဆောင်မှုပေးတဲ့ တိုင်းရင်းသား ကျန်းမာရေး အစုအဖွဲ့ကို တိုက်ရိုက်ငွေကြေး စနစ်သော်လည်းကောင်း နောက်ပြီးတော့ ဒီစွမ်းရည်မြင့်တင်ရေး ကိစ္စသော်လည်းကောင်း တိုက်ရိုက်ကူညီပံ့ပိုးနိုင်မယ်ဆိုရင်တော့ ပိုပြီးမှ ထိရောက် မယ်လို့ ကျနော်တို့ ယုံကြည်တယ်။
သတင်းနှင့်မီဒီယာ ကွန်ရက် - ဆရာတို့အနေနဲ့ အစိုးရကို အဓိက ဘာတွေကို တောင်းဆိုချင်တာလဲ။
စောနေထူး - အထူးသဖြင့်ကတော့ ကျနော်တို့ကတော့ လက်တွေ့အကောင်အထည်ဖော်နိုင်ဖို့ဆိုရင်တော့ နားလည်မှု တွေရှိရမယ်။ တစ်ဖက်နှင့်တစ်ဖက် အစိုးရ ကျန်းမာရေးဌာနနဲ့ ဒီဖက်က တိုင်းရင်းသား ကျန်းမာရေးဌာနတွေနဲ့ ပူးပေါင်း လုပ်ဆောင်နိုင် ဖို့ ယုံကြည်ချက် ရှိတယ်ဆိုရင်တော့ ဒါ တစ်ဖက်နဲ့တစ်ဖက် အပြန်အလှန်အသိအမှတ်ပြုတဲ့ စနစ်တွေ အပြန် အလှန် အသိအမှတ်ပြုတဲ့ နည်းနာတွေ ကျနော်တို့ ရှိဖု့ိလိုအပ်မယ်။ ဒါတွေ လက်တွေအကောင်အထည် ဖော်ဖို့ဆို ရင်တော့ ဒါတကယ် ယုံကြည်ချက် ရှိရှိနဲ့ လုပ်မယ်ဆိုရင် ပြည်နယ်နဲ့ တိုင်းဒေသကြီး ကျန်းမာရေး အားကစား ဦးစီးဌာနနဲ့ ကျနော်တို့ ဒီဖက် ဒီတိုင်းရင်းသား ကျန်းမာရေးဌာန တွေနဲ့ ပူးပေါင်းလုပ်ဆောင်တဲ့ ဒီ coordination mechanism (ပူးပေါင်းဆောင်ရွက်မှု ယန္တယား) တစ်ခု ရှိဖို့တော့လို မယ်။ နောက်တစ်ခုက ဒါတွေ အကောင်အထည်ဖော်ဖို့ ဆိုတာကလည်း ပြောတစ်မျိုး လုပ်တစ်မျိုး မဟုတ်ပဲနဲ့ ပြည်တွင်းမှာ တကယ် သေနတ်သံတွေ ကြားနေရမယ်ဆိုရင်တော့ ဒါတွေကို အကောင်အထည်ဖော်ဖို့ဆိုတာ မဖြစ်နိုင်တဲ့ကိစ္စ အဲဒါကြောင့် ကျနော်တို့ ရှင်းရှင်းပဲ လက်တွေ့ကျကျ ပြောရမယ်ဆိုရင်တော့ ပြည်တွင်းမှာ ဖြစ်နေတဲ့ စစ်မက်ပဋိပက္ခတွေကို ရပ်တန့်ပေးဖို့ တော့ အရေးကြီးတယ်။ ဒါတွေ လုပ်နိုင်မှပဲ ကျနော်တို့ လိုချင်တဲ့ COVID- 19 တိုက်ဖျတ်ရေး ကိစ္စတွေ နောက် တစ်ဆင့် ဆိုရင်တော့ ငြိမ်းချမ်းရေး ကိစ္စတွေ ရယူနိုင်လိမ့်မယ်လို့တော့ ကျနော်တို့ ထင်တယ်။