လွန်ခဲ့သည့် ၂၀၁၅ စက်တင်ဘာလက နမ့်ပငါးချောင်း တောင်ပြိုကမ်းပြိုစဉ် အဖြစ်အပျက်ကို ဟုမ္မလင်းမြို့နယ် ခတောင်ပွင့်ကျေးရွာအုပ်ချုပ်ရေးမှူး ဦးတင်မောင်က ယခုလို ပြန်ပြောင်းပြောပြသည်။
“ရွာထိပ်ကဆို အိမ်တွေ ပါသွားတာလေ။ အခု ဆောက်ထားတဲ့ တံတားတောင်မှ ပြိုနိုင်တဲ့ အဆင့် ရှိတယ်။ ဧကပေါင်း မြောက်များစွာ အခင်းတွေ လုပ်မရတော့ဘူးလေ။ အဲဒီတုန်းက မီးတွေရှို့ပစ်၊ ထင်းတွေခွဲ၊ အုပ်စုလိုက်။ တခြားလူတွေကလည်း လာယူကြ၊ တိုက်(သယ်ယူ)လို့တောင်မှ သုံးလေးနှစ်တောင် ကုန်အောင် လုပ်ယူရတာ။ အခုတောင်မှ တချို့တွေက ကျန်နေသေးတယ်” ဟု သူက ဆို၏။
နမ့်ပငါးချောင်းဝန်းကျင်တွင် ကျေးရွာပေါင်း ၁၂ရွာရှိသည်။ အဆိုပါချောင်းအပြင် ချင်းတွင်းမြစ်နှင် ဥရုမြစ်တို့ ရေကြီးရေလျှံလျှင် ကျေးရွာအများစုမှာ ရေလွှမ်းမိုးမှု ဖြစ်ပွားကာ လမ်းပန်းဆက်သွယ်မှု၊ နေထိုင်စားသောက်မှု အခက်အခဲများ ကြုံတွေ့ရကြောင်း ဦးတင်မောင်က ပြောသည်။
“ဒီထက် ရေကြီးတဲ့နှစ်တွေကလည်း ရှိတာပေါ့။ ဒါပေမဲ့ ၂၀၁၅တုန်းက တောင်ပြိုကမ်းပြိုလာတာ။ ကျွဲ၊ နွားဆို အတော်လေး သေကြတယ်။ တချို့အိမ်တွေဆို မြုပ်တယ်လေ။ ခေါင်တွေကနေတောင် ဖောက်ထွက်သွားတယ်” ဟု ဆက်ပြောသည်။
နမ့်ပငါးချောင်းသည် မိုးရာသီတွင် ရေကြီးရေလျှံ မကြာခဏ ဖြစ်လေ့ရှိသည်။ ၂၀၁၅ခုနှစ်က ဖြစ်စဉ်မှာ အိမ်ခြေ သုံးရာကျော်ရှိသည့် ခတောင်ပွင့်ရွာအဖို့ အိမ်ခြေ နှစ်ဆယ်ကျော်သာ လွတ်ကင်းခဲ့ကြောင်း ရွာအုပ်ချုပ်ရေးမှူးက ပြောသည်။
တိုင်းအစိုးရက နမ့်ပငါးချောင်း၌ ရေအားလျှပ်စစ်စီမံကိန်းကို ၂၀၁၇ ခုနှစ်တွင် စတင်ရန် ပြုခဲ့ရာ ဒေသခံများက ကျေးရွာနှင့် ပတ်ဝန်းကျင် ထိခိုက်ပျက်စီးမည်ကို စိုးရိမ်သဖြင့် အဆိုပါစီမံကိန်း ပယ်ဖျက်ပေးရန် ဆန္ဒထုတ်ဖော်မှု၊ ကန့်ကွက်မှုများလည်း ပြုခဲ့သည်။ အဆိုပါ စီမံကိန်းကို စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့က ငွေ ကျပ် ၂၄ မီလီယံ အသုံးပြုကာ အကောင်အထည်ဖော်သွားမည်ဖြစ်ကြောင်း သိရသည်။
“သူတို့ ဆောက်မယ်ဆိုရင် ဒီချောင်းက တခြားချောင်းတွေနဲ့ မတူဘူး။ မိုးတွင်းကျရင် မျောလာတဲ့ တုံးတွေက အကြီးကြီးတွေ၊ အရှည်ကြီးတွေဆိုတော့ သူတို့ ဘယ်လိုနည်းနဲ့မှ အဲဒီတုံးတွေကို ကာကွယ်နိုင်မှာ မဟုတ်ဘူး။ အဲဒါကြောင့်မို့လို့ ကျွန်တော်တို့က စိုးရိမ်လို့ ကန့်ကွက်ကြတ” ဟု စီမံကိန်းကန့်ကွက်မှုတွင် ဦးဆောင်ပါဝင်ခဲ့သူ ဦးမောင်သောင်းက ပြောသည်။
စီမံကိန်းနှင့်ပတ်သက်ပြီး တိုင်းအစိုးရ စေလွှတ်သော ပညာရှင်များက ဒေသခံပြည်သူများနှင့် မတ်လ ၅ ရက်နေ့တွင် တွေ့ဆုံကာ ထိုတမံသည် ဓာတ်အား ၆ မီဂါဝပ် ထုတ်လုပ်နိုင်မည်ဖြစ်ကြောင်း၊ ကွန်ကရစ်တမံ အမျိုးအစားဖြစ်သောကြောင့် လူနေအိမ်များနှင့် ပတ်ဝန်းကျင်များတွင် ထိခိုက်မှု မရှိနိုင်ကြောင်း ရှင်းပြခဲ့သည်ဟု သိရသည်။
လျှပ်စစ်အင်ဂျင်နီယာ ကိုယဉ်ဝင်းထွန်းက“၆ မီဂါဝပ်ဆိုရင် ဟုမ္မလင်းမြို့တစ်ခုလုံး ကောင်းကောင်း လုံလောက်တယ်။ ပြီးတော့ အလတ်စား ရေအားလျှပ်စစ်စီမံကိန်း ဖြစ်သွားပြီ၊ အသေးစားဆိုရင် ၁ မီဂါဝပ်၊ အဲဒီထက်နည်းတဲ့ဟာ။ အသုံးပြုမယ့်စက် အမျိုးအစားပေါ် မူတည်တာပေါ့"ဟု ဆိုသည်။
တည်ဆောက်မည့် ဒီဇိုင်း အတိအကျကိုမူ မသိရသေးပေ။
ခတောင်ပွင့်ကျေးရွာအုပ်ချုပ်ရေးမှူးက“ ပညာရှင်တွေက လာပြီးတော့မှ အန္တရာယ် မရှိကြောင်းတော့ ရှင်းပြတာပေါ့။ ဒီက ပြည်သူတွေကလည်း စိုးရိမ်မှု အများကြီး ရှိတာပေါ့နော။ တခါတလေ တောင်ပြို ကမ်းပြိုပြီး အသိုက်တို့၊ သစ်မြစ်တို့ မျောလာတာတို့။ အဲဒါကို ကြောက်ကြတာပေါ့”ဟု ပြောသည်။
တစ်ချိန်က ကြုံတွေ့ခဲ့သော အဖြစ်ဆိုးမျိုး ထပ်တဖန် ကြုံရမည်ကို ဒေသခံများက စိုးရိမ်နေကြကြောင်းလည်း ပြောသည်။
စီမံကိန်းကို ကန့်ကွက်သူ ဦးမောင်သောင်းက ယခုရေအားလျှပ်စစ်စီမံကိန်း တည်ဆောက်မည့် အဆိုပါချောင်းသည် ၎င်းတို့ သွားရောက်လေ့လာခဲ့သည့် ရဲရွာဆည်၊ ပေါင်းလောင်းဆည်တို့နှင့်မတူဘဲ ရေစီးသန်ခြင်း၊ မြေသားခိုင်ခန့်မှုမရှိခြင်း၊ မိုးများသောဒေသဖြစ်ခြင်း တို့ကြောင့် ဆောက်လုပ်ရန် မည်သို့မျှ မဖြစ်နိုင်ကြောင်း ပြောကြားသည်။
နမ့်ပငါးချောင်းကို အမှီသဟဲပြု နေထိုင်နေသော ကျေးရွာပေါင်း ၁၂ရွာ၏ လူမှုဘဝ၊ အကျိုးစီးပွား၊ အသက်၊ အိုးအိမ်များ ပျက်စီးဆုံးရှုံးမည်ကို စိုးရိမ်သဖြင့် စီမံကိန်းကို ရပ်တန့်ပေးရန် သက်ဆိုင်ရာ ဌာနသို့ ကန့်ကွက်စာများ အကြိမ်ကြိမ် ပေးပို့ခဲ့သလို ၂၀၁၉ ခုနှစ်တွင်ဆန္ဒထုတ်ဖော် ကန့်ကွက်ခဲ့ကြောင်းလည်း သိရသည်။
ဟုမ္မလင်းမဲဆန္ဒနယ်၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးမျိုးညွန့်က “ဒီ နမ့်ပငါးရေအားလျှပ်စစ်က အသေးစားရေအားလျှပ်စစ်ပါ။ အစိုးရအနနဲ့ကလည်း ပြည်သူတွေကို ဒုက္ခရောက်မယ့် စီမံကိန်းမျိုးကိုတော့ ဘယ်တော့မှ မလုပ်ဘူးလို့ ယုံကြည်တယ်။ ကျွန်တော်လည်း အကြောင်းမသိခင်တုန်းကတော့ စိုးရိမ်တာပေါ့ ။ရေအားလျှပ်စစ် လုပ်မှာတည်းကိုက ရေလွှဲတွေ၊ ရေထိန်းတွေပါတယ်။ အသေးစားလည်းဖြစ်တယ်ဆိုတော့ ဒီစနစ်ကိုသိရင် စိုးရိမ်မှုတော့ လျော့သွားမှာပါ။ ဒေသခံတွေ စိုးရိမ်တာလည်း စိုးရိမ်သင့်ပါတယ်။ မကြုံဖူးတော့လေ။ သူတို့စိုးရိမ်တာလည်း ကျွန်တော်တို့က မလွန်ဘူးလို့တော့ထင်ပါတယ်။ အခုတက်နေတဲ့ အစိုးရကို ယုံကြည်ပေးပါလို့ပြောချင်ပါတယ်” ဟု ဆိုသည်။
ဒေသခံတို့၏ ကန့်ကွက်မှုများ ရှိနေသော်လည်း စက်မှု၊ လျှပ်စစ်နှင့် လမ်းပန်းဆက်သွယ်ရေး ဝန်ကြီး ဦးသန်းညွန့်ဝင်း ပြောကြားချက်မှာ အဆိုပါစီမံကိန်းကို ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း Eleven သတင်းဌာန ၂၀၁၉ နိုဝင်ဘာ ၁၃ ရက် ဖော်ပြချက်အရ သိရသည်။
ဦးမောင်သောင်းက “ဒေသခံတွေက သဘောမတူဘူးဆိုတာလည်း သူတို့ သိပါတယ်။ ရွာတွေပြောင်းရမယ်၊ ရွှေ့ရမယ်ဆိုရင်လည်း ဒေသခံတွေက မပြောင်းချင်ကြဘူးလေ။ သင်ခန်းစာယူစရာလည်း ရွှေပြည်အေးမြို့ကိုထောက်ပြတယ်လေ” ဟု ပြောသည်။
ရွှေပြည်အေးမြို့မှာ ထမံသီ ရေအားလျှပ်စစ်စီမံကိန်း ရေဝပ်ဧရိယာအတွင်း ကျရောက်နေသည့် ကျေးရွာများကို ဟုမ္မလင်းမြို့နယ် လောင်းမင်းဒေသအနီးသို့ ပြောင်းရွှေ့ကာ မြို့အသစ် တည်ထောင်ပေးခဲ့ခြင်း ဖြစ်သည်။
“တကယ်လို့ မီးရခဲ့လို့ရှိရင်တောင် ဒီမှာက တောင်သူတစ်ခုတည်း လုပ်စားကြတာ၊ မီးနဲ့ လုပ်ရမယ့် စီးပွားရေးအလုပ်မျိုးမရှိဘူး။ စိုက်ပျိုးတဲ့ အလုပ်ကိုပဲ လုပ်ကြတာပါ။ သုံးမယ်ဆိုလည်း ထမင်းချက် ဟင်းချက်လောက်ပဲရှိမယ်” ဟု ဦးတင်မောင်က ဆိုသည်။
ကျေးရွာ၁၂ ရွာမှ အိမ်ခြေတစ်ထောင်ကျော်ရှိ ဒေသခံများအနက် စီမံကိန်းအပေါ် လက်ခံသူ အချို့ရှိပြီး အများစုမှာ လုံးဝ လက်မခံနိုင်ကြသဖြင့် ကန့်ကွက် ဆန္ဒဖော်ထုတ်မှုများ ဆက်လက် ပြုလုပ်သွားမည်ဟုလည်း ဦးမောင်သောင်းက ပြောသည်။
အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးမျိုးညွန့်၏ သဘောထားမှာ “ဒီမှာက မဟာဓာတ်အားလိုင်းကို မျှော်ဖို့ကလည်း မလွယ်တော့လေ ။ ဒီဘက်ခေတ်မှာ အရေးကြီးဆုံးပဲ။ အိုင်တီခေတ်မှာ လျှပ်စစ်မရှိရင် ဘာမှ လုပ်လို့ မရတာကို။ တကယ်တော့ လျှပ်စစ်ကို ကျွန်တော်တို့ဘက်မှာ ရချင်တယ်။ ဒါလေးကို ဖြစ်စေချင်တာပေါ့”ဟူ၍ ဖြစ်သည်။
ယခုအချိန်တွင် နမ့်ပငါးရေအားလျှပ်စစ်စီမံကိန်းမှာ ကန့်ကွက်သူများ ရှိသလို ထောက်ခံသူများလည်း ရှိနေဆဲပင် ဖြစ်လေသည်။