ကိုရိုနာနှင့်အတူ အရှိန်မြင့်လာသည့် တိုက်ပွဲများ

ကိုရိုနာနှင့်အတူ အရှိန်မြင့်လာသည့် တိုက်ပွဲများ
၂၀၁၉ စက်တင်ဘာလက ကျေးရွာတစ်ခုအတွင်းသို့ ကျရောက်ပေါက်ကွဲခဲ့သည့် လက်နက်ကြီးအပိုင်းအစများအား တွေ့ရစဉ်။ (ဓာတ်ပုံ - Aljazeera)
၂၀၁၉ စက်တင်ဘာလက ကျေးရွာတစ်ခုအတွင်းသို့ ကျရောက်ပေါက်ကွဲခဲ့သည့် လက်နက်ကြီးအပိုင်းအစများအား တွေ့ရစဉ်။ (ဓာတ်ပုံ - Aljazeera)

ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှုကြောင့် မတ်လအစောပိုင်း၌ တောင်ကိုရီးယား၊ အီရန်နှင့် အီတလီတို့တွင် သေဆုံးသူအရေအတွက် မြင့်တက်လာမှုနှင့်အတူ မြန်မာစစ်တပ်သည်လည်း ၇၅ နှစ်မြောက်တပ်မတော်နေ့ အခမ်းအနားအား ခမ်းခမ်းနားနားကျင်းပရန် ပြင်ဆင်နေမှုကို ဖျက်သိမ်းခဲ့သည်။ ၎င်းအစား တပ်မတော်သားများအား ဆေးရုံများတွင် ပိုးမွားသန့်စင်ခြင်းများ ဆောင်ရွက်ပေးရန် တာဝန်ပေးအပ်ခဲ့သလို ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူလူနာများ အတွက် သီးသန့်ခွဲထားမည့် အစီအစဉ်များလည်း ဆောင်ရွက်မည်ဟု သတင်းထုတ်ပြန်ခဲ့သည်။

သို့သော်လည်း တပ်မတော်သည် လက်နက်ကိုင်တိုက်ပွဲများ ဖြစ်ပွားနေသော နယ်စပ်ဒေသများ၌ တိုင်းရင်းသားလက်နက်ကိုင် တပ်ဖွဲ့အချို့၏ ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှု တိုက်ဖျက်ရေးဆောင်ရွက်ရန် တိုက်ပွဲရပ်စဲရေး တောင်းဆိုချက်ကိုမူ မသိကျိုးကျွံ ပြုလျက်ရှိကြောင်း လူ့အခွင့်အရေး တက်ကြွလှုပ်ရှားသူများက ပြောကြသည်။

“နိုင်ငံတွင်း COVID-19 ကပ်ရောဂါနဲ့ ကြုံနေရချိန်မှာ တပ်မတော်ကတော့ ရခိုင်၊ ချင်း၊ ကရင်နဲ့ ရှမ်းပြည်မြောက်ပိုင်းတွေမှာ တိုင်းရင်းသားလက်နက်ကိုင်တပ်တွေကို ထိုးစစ်တွေ အရှိန်မြှင့်နေတယ် ” ဟု အမျိုးသမီးများအဖွဲ့ချုပ် (မြန်မာ) ၏ အထွေထွေအတွင်းရေးမှူး နော်စဲစဲက အယ်လ်ဂျာဇီးရား သတင်းဌာနသို့ ပြောကြားသည်။

“ဒါတွေကို ရပ်ဖို့လိုတယ်၊ ပူးပေါင်းလုပ်ဆောင်မှရမယ်။ ဘယ်သူမှ တစ်ယောက်တည်းမလုပ်နိုင်ဘူး” ဟု သူကဆိုသည်။

တပ်မတော်နှင့် ဆယ်စုနှစ်ပေါင်းများစွာ တိုက်ပွဲများ ဖြစ်ပွားနေခဲ့သော လက်နက်ကိုင်တပ်များရှိရာ ရှမ်းပြည်မြောက်ပိုင်းနှင့် ကရင်ပြည်နယ်အရှေ့ပိုင်း ဒေသများတွင်လည်း တိုက်ပွဲများနှင့် လူ့အခွင့်အရေး ချိုးဖောက်ခံရမှုများ ရှိနေဆဲဖြစ်ကြောင်း အစီရင်ခံစာများတွင် ဖော်ပြကြသည်။



မြောက်ဦးမြို့လယ်ခေါင်ရှိ ဗုံးခိုကျင်းတစ်ခု။ (ဓာတ်ပုံ - Aljazeera)

ဆင်းရဲမွဲတေမှုနှင့်အတူ စီးပွားရေးချွတ်ခြုံကျနေသည့် ရခိုင်နှင့် ချင်းပြည်နယ်တို့တွင်လည်း တပ်မတော်သည် အေအေ လက်နက်ကိုင်တပ်ဖွဲ့အား တိုက်ပွဲများ ဆင်နွှဲလျက်ရှိသည်။ အေအေသည် ရခိုင်လူထု၏ ကိုယ်ပိုင်အုပ်ချုပ်ခွင့်အတွက် တိုက်ပွဲဆင်နွှဲနေသော လက်နက်ကိုင်အဖွဲ့ဖြစ်သည်။

ယခုကဲ့သို့သော တိုက်ပွဲများသည် ကုလသမဂ္ဂအပါအဝင် လက်နက်ကိုင်အုပ်စုများ၊ သံတမန်များနှင့် အရပ်ဘက်အဖွဲ့အစည်းများက ပဋိပက္ခများ ရပ်တန့်ရန်၊ တစ်နိုင်ငံလုံး အပစ်ရပ်ကြရန် တောင်းဆိုနေသည့်ကြားမှ ဆက်လက်ဖြစ်ပွားနေခြင်းဖြစ်သည်။ နိုင်ငံတွင်း မဖွံ့ဖြိုးသေးသည့် ကျန်းမာရေးစနစ်နှင့်အတူ ဗိုင်းရပ်စ်ကူးစက်မှုအား ကျယ်ကျယ်ပြန့်ပြန့် စစ်ဆေးနိုင်စွမ်း မရှိမှုကြောင့် မြန်မာနိုင်ငံတွင် ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှုသည် အဆိုးဆုံးအခြေအနေ ဖြစ်လာနိုင်ခြေ ရှိနေသည်။ မြန်မာနိုင်ငံတွင် ကြာသပတေးနေ့ နံနက်ပိုင်းအထိ ဗိုင်းရပ်စ်ရှိကြောင်း စစ်ဆေးတွေ့ရှိထားသူ စုစုပေါင်းမှာ ၈၅ ဦးရှိသည်။

ဧပြီလ ၁ ရက်နေ့တွင် ရှမ်းနှင့် ရခိုင်ဒေသများရှိ အေအေအပါအဝင် လက်နက်ကိုင်အဖွဲ့အစည်း အချို့သည် ဧပြီလကုန်အထိ အပစ်ရပ်ကြောင်း ကြေညာခဲ့သည်။ ကရင်ပြည်နယ်ရှိ အဖွဲ့အစည်းများကလည်း တပ်မတော်အား တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် အပစ်ရပ်ပေးရန် တိုက်တွန်းခဲ့ကြသည်။

သို့သော်လည်း တပ်မတော်ကမူ အဆိုပါတိုက်တွန်းချက်များသည် လက်ခံနိုင်စရာမရှိကြောင်း တုန့်ပြန်ခဲ့သည်။ ၎င်းလက်နက်ကိုင် အုပ်စုများသည် တပ်မတော်၏ အပစ်ရပ်ကမ်းလှမ်းချက်အား အလေးထားရန် အခါခါပျက်ကွက်ခဲ့သူများသာဖြစ်ကြောင်း တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့ အတွင်းရေးမှူး ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက ဝေဖန်ပြောဆိုသည်။

ဧပြီလ ၁၃ ရက်နေ့တွင်မူ ကျောက်ဆိပ်ကျေးရွာရှိ လမ်းမပေါ်၌ အလောင်းများပြန့်ကြဲနေသော ဓာတ်ပုံအချို့ အင်တာနက်ပေါ်တွင် ပျံ့နှံ့ခဲ့သည်။ တပ်မတော်အခြေစိုက် စခန်းမှ ပစ်ခတ်လိုက်သော လက်နက်ကြီးကြောင့် ရွာသား ၈ ဦးသေဆုံးခဲ့ကြောင်း လူ့အခွင့်အရေး လှုပ်ရှားသူများက ပြောကြသည်။ တပ်မတော်ကမူ အဆိုပါဓာတ်ပုံနှင့် သတင်းများသည် သတင်းတုများသာဖြစ်ကြောင်း ငြင်းဆန်ခဲ့သည်။



အယ်လ်ဂျာဇီးရားသတင်းဌာနက ဆက်သွယ်စုံစမ်းရာတွင် ဦးသာဒိုးအောင်ဆိုသူက “အဲဒါ သတင်းအတုမဟုတ်ပါဘူး၊ ကိုယ်ခံရတာ ကိုယ်ပဲသိတယ်” ဟု တယ်လီဖုန်းဖြင့်ဖြေကြားခဲ့သည်။ သေဆုံးသူများထဲတွင် ၎င်း၏ဆွေမျိုးသုံးဦး ပါဝင်သည်ဟု ဦးသာဒိုးအောင်ကဆိုသည်။

“အကုန်လုံးကို ကျင်းတစ်ခုတည်းမှာ ထည့်ပြီးသဂြိုလ်ခဲ့ရတယ်။ ကျွန်တော့်ညီမဆို အရူးတစ်ပိုင်းပဲ” ဟု သူကဖြေကြားသည်။ ယခုအချိန်တွင် ကျောက်ဆိပ်ကျေးရွာသားများသည် ရွာကိုစွန့်ခွာ ထွက်ပြေးသွားကြပြီဟု ဦးသာဒိုးအောင်က ပြောသည်။

ပြီးခဲ့သော ဧပြီလ ၇ ရက်နေ့ကလည်း အလားတူဖြစ်စဉ်တစ်ခု ချင်းပြည်နယ်တွင် ဖြစ်ပွားခဲ့ပြီး သုံးနှစ်သားအရွယ် ကလေးတစ်ဦး အပါအဝင် လူ ၇ ဦး သေဆုံးခဲ့သည်။

လုံခြုံမှုကို မခံစားရ

နှစ်ဘက်ထိတွေ့မှုများ အရှိန်မြင့်လာခဲ့သည့် ပြီးခဲ့သောနှစ်ကပင် ပဋိပက္ခများကိုစောင့်ကြည့်နေခဲ့သည့် အဖွဲ့အစည်းတစ်ခုဖြစ်သော မလေးရှားအခြေစိုက် Arakan Information Center အဖွဲ့၏အချက်အလက်များအရ ဆိုလျှင် ယခုနှစ်တွင် သေဆုံးသူအရပ်သား ၁၂၁ ဦးရှိနေပြီဖြစ်သည်။ ၎င်းတို့ထဲမှ ၄၅ ဦးမှာ ဧပြီလထဲတွင် သေဆုံးခဲ့ရခြင်းဖြစ်သည်။

၂၀၁၉ ခုနှစ်တွင် အရပ်သားသေဆုံးမှုမှာ ၁၄၀ ရှိခဲ့သဖြင့် ယခုနှစ်တွင် သိသိသာသာမြင့်တက်လာသည်ဟု ဆိုရမည်ဖြစ်သည်။ အဆိုပါဒေသများသို့ အဆက်အသွယ်ပြုလုပ်ခြင်းကိုလည်း တင်းတင်းကြပ်ကြပ် ပိတ်ပင်ထားသဖြင့် အချက်အလက်များအား အတည်ပြုရန် ခက်ခဲလျက်ရှိသည်။

“နိုင်ငံတကာအသိုင်းအဝိုင်းက COVID-19 တိုက်ဖျက်ရေးကိစ္စတွေနဲ့ အလုပ်ရှုပ်နေတုန်းမှာ တပ်မတော်က စစ်ဆင်ရေးတွေ ဆင်နွှဲဖို့ ဒီအခွင့်အရေးကို အရယူလိုက်တာပဲ” ဟု Arakan Information Center မှ ဦးညီညီလွင်က ပြောဆိုသည်။ မေလဆိုလျှင် မိုးရာသီဝင်တော့မည်ဖြစ်သဖြင့် တပ်မတော်အနေဖြင့် စစ်ဆင်ရေးများကို လာမည့်သီတင်းပတ်အတွင်း အရှိန်မြှင့်သွားဖွယ် ရှိနေကြောင်း ဦးညီညီလွင်က ဆိုသည်။

“ရခိုင်မှာ လူတွေက COVID-19 အရေးကို စိုးရိမ်နေကြတယ်။ ဒါပေမဲ့ သူတို့ အကြောက်ဆုံးက ပစ်ခတ်တိုက်ခိုက်မှုတွေကိုပါပဲ” ဟု ဦးညီညီလွင်က ဆိုသည်။

ရခိုင်ပြည်နယ် မြောက်ဦးမြို့မှ အသက် ၄၅ နှစ်အရွယ် အမျိုးသမီးတစ်ဦးဆိုလျှင် ယမန်နှစ်က တိုက်ပွဲတစ်ခုတွင် ဒဏ်ရာရဖူးသူဖြစ်သည်။ တိုက်ပွဲများဖြစ်ပွားတိုင်း သူမ၏ အိမ်နီးချင်းတစ်ဦး ဆောက်လုပ်ထားသော ဗုံးခိုကျင်းသို့ သွားပုန်းနေရသည်ဟု ဆိုသည်။

“ဒီမှာနေရတာ လုံခြုံတယ်လို့မခံစားရဘူး” ဟု သူမက တယ်လီဖုန်းမှတစ်ဆင့် ဖြေကြားသည်။

လတ်တလောတွင် ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ အကူအညီပေးရေး အေဂျင်စီက ဖေဖော်ဝါရီလမှစတင်၍ အရပ်သားထိခိုက်သေဆုံးမှုများ သိသိသာသာ မြင့်တက်လာသည်ကို မြင်တွေ့ရကြောင်း သတင်းထုတ်ပြန်ထားသည်။

မတ်လအစောပိုင်းက ရခိုင်နှင့်ချင်းပြည်နယ်ကြား ဒေသအချို့တွင် ဖြစ်ပွားခဲ့သည့် တိုက်ပွဲများအကြား သေဆုံးသူအရပ်သား ၂၁ ဦးရှိကြောင်း မတ်လ ၂၇ ရက်နေ့ကထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ ထိုကာလတစ်ခုတည်းတွင် နေရပ်စွန့်ခွာ ထွက်ပြေးရသူပေါင်း ၁၀၀၀၀ ခန့်ရှိကြောင်းလည်း ထည့်သွင်းဖော်ပြထားသည်။

တစ်ကျော့ပြန် ဖြစ်စဉ်များ

အေအေနှင့် တပ်မတော်အကြား ပဋိပက္ခများက ဆင်းရဲမွဲတေနေသော အဆိုပါဒေသတွင် ၂၀၁၇ ခုနှစ်က မွတ်ဆလင် ၇၃၀,၀၀၀ ကျော် အစုလိုက်အပြုံလိုက် ထွက်ပြေးခဲ့ရခြင်းကဲ့သို့ ဖြစ်စဉ်မျိုး တစ်ကျော့ပြန် ဖြစ်ပွားလာအောင် ဖန်တီးနေကြောင်း လေ့လာသူများက ပြောဆိုကြသည်။

မြင့်တက်လာနေသော အရပ်သားသေဆုံးမှုများကြောင့် အရပ်ဘက်အဖွဲ့အစည်း ၁၃၉ ဖွဲ့ စုပေါင်းကာ ပူးတွဲကြေညာချက်တစ်စောင်ကို ဗုဒ္ဓဟူးနေ့တွင် ထုတ်ပြန်ခဲ့သည်။ တိုက်ပွဲများနှင့် မသက်ဆိုင်သော ပြည်သူများအား ချက်ချင်း အကာအကွယ်ပေးရန် အဆိုပါကြေညာချက်တွင် ထည့်သွင်းဖော်ပြထားသည်။

အမေရိကန်ပြည်ထောင်စု နိုင်ငံခြားရေးဝန်ကြီးဌာနကလည်း ရခိုင်နှင့် ချင်းပြည်နယ်တို့တွင် အကြမ်းဖက်မှုများ အရှိန်မြင့်လာခြင်းအပေါ် အထူးစိုးရိမ်မကင်းဖြစ်မိကြောင်း သဘောထားထုတ်ပြန်ခဲ့သည်။

သို့သော် တပ်မတော်ပြောခွင့်ရပုဂ္ဂိုလ် ဗိုလ်မှူးချုပ်ဇော်မင်းထွန်းကမူ အကြမ်းဖက်မှုများ မြင့်တက်လာခြင်းအတွက် အေအေအပေါ် အပြစ်တင်သည်။ ရခိုင်ပြည်နယ်တွင် တပ်မတော်သားများသည် ပြည်သူများအား အကူအညီပေးခြင်း၊ ဂရုစိုက်ခြင်း အကာကွယ်ပေးခြင်းများ ဆောင်ရွက်ပေးလာသည်မှာ ဆယ်စုနှစ်နှင့်ချီ ရှိနေပြီဖြစ်ကြောင်း အယ်လ်ဂျာဇီးရား သတင်းဌာနသို့ ဖြေကြားထားသည်။

“အေအေ ပေါ်မလာခင်တုန်းက ရခိုင်ပြည်နယ်ဟာ အေးချမ်းတယ်။ အေအေပေါ်လာတော့ တိုက်ပွဲတွေဖြစ်တယ်၊ ဒီတိုက်ပွဲတွေကြောင့်ပဲ ဒုက္ခသည်စခန်းတွေ ရှိလာတာဖြစ်တယ်” ဟု သူကဆိုသည်။

သို့သော် အခြားတစ်ဘက်တွင်လည်း ပဋိပက္ခများနှင့် ဆက်စပ်သတင်းများအား ရေးသားသည့် သတင်းထောက်များသည် အနှောင့်အယှက်ပေးခံရမှုများ တရားစွဲဆိုခံရမှုများ ရှိနေပြန်သည်။ ပဋိပက္ခဆိုင်ရာ သတင်းအချက်အလက်များ ဖော်ပြပေးနေသည့် သတင်းဌာနအချို့၏ အင်တာနက်ဝက်ဘ်ဆိုက်များသည်လည်း ပြီးခဲ့သော သီတင်းပတ်များအတွင်း ပိတ်ဆို့ခံခဲ့ရသည်။

မန္တလေးအခြေစိုက် Voice of Myanmar သတင်းဌာန၏ အယ်ဒီတာချုပ် ဦးနေမျိုးလင်းဆိုလျှင် အေအေပြောခွင့်ရ ပုဂ္ဂိုလ် ခိုင်သုခနှင့် ဆက်သွယ်မေးမြန်းချက်တစ်ခုကို ဖော်ပြခဲ့မှုကြောင့် အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေဖြင့် ဖမ်းဆီးခံခဲ့ရသည်။

ရခိုင်အခြေစိုက် နိရဥ္စရာသတင်းဌာနရုံးကိုလည်း ရဲတပ်ဖွဲ့ဝင်များ ဝင်ရောက်စစ်ဆေးခဲ့ပြီး သတင်းထောက်သုံးဦးမှာ ယာယီထိန်းသိမ်းခံခဲ့ရသည်။ လက်နက်ကိုင်များနှင့် ဆက်သွယ်မှုဖြင့် ထိန်းသိမ်းခံရခြင်းဖြစ်သည်။ နိရဥ္စရာသတင်းဌာန၏ ဝက်ဘ်ဆိုက်ကိုလည်း သတင်းတုဖြန့်ချိသည်ဟု ဆိုကာ မြန်မာနိုင်ငံအတွင်း အသုံးပြု၍မရအောင် ပိတ်ထားသည်။

မြန်မာအစိုးရသည် ရခိုင်နှင့် ချင်ပြည်နယ်ရှိ တိုက်ပွဲဖြစ်ပွားရာ မြို့နယ်အများအပြားတွင် အင်တာနက်သုံးစွဲခွင့်ကို ၂၀၁၉ ခုနှစ် ဇွန်လတည်းက စတင်ကာ ပိတ်ပင်ထားသည်။ ဤပိတ်ဆို့မှုသည် လူသားချင်း စာနာထောက်ထားရေး အကူအညီများ ပေးနေသည့် အဖွဲ့အစည်းများ အတွက် ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှု တိုက်ဖျက်ရေးတွင် ကြီးမားသော အဟန့်အထားတစ်ခု ဖြစ်နေပေသည်။

မြန်မာနိုင်ငံတွင်း အခြားနေရာများ၌လည်း ဗိုင်းရပ်စ်ကူးစက်မှု တိုက်ဖျက်ရေးဆောင်ရွက်ချက်များအား တပ်မတော်က ဟန့်တားနှောင့်ယှက်မှုမျိုး ဆောင်ရွက်နေသည်ဟုဆိုကာ အရပ်ဘက်အဖွဲ့အစည်းများက စွပ်စွဲမှုများရှိနေသည်။



ရန်ကုန်မြို့တွင်းရှိ စျေးတစ်ခုကို ၂၀၂၀ မတ်လက တွေ့ရစဉ်။ (ဓာတ်ပုံ - AP)

“လူတွေက ဗိုင်းရပ်စ်ကူးစက်ခံရမှာကော လူ့အခွင့်အရေးတွေ ချိုးဖောက်ခံရမှာကိုရော ကြောက်နေကြရတယ်။” ဟု ရှမ်းပြည်မြောက်ပိုင်းရှိ တအာင်းလူနည်းစု တိုင်းရင်းသားများကို ကိုယ်စားပြုသည့် အဖွဲ့အစည်းများက ပြောကြားကြသည်။ ကျေးရွာသားတစ်ဦး မိုင်းနင်းမိပြီး သေဆုံးမှုတစ်ခု အပါအဝင် မတ်လအတွင်း ဖမ်းဆီးနှိပ်စက်မှု၊ ပေါ်တာဆွဲမှု စုစုပေါင်း ၁၈ ခု ရှိကြောင်း အဆိုပါအဖွဲ့များက ပြောသည်။

မြန်မာပြည်တောင်ပိုင်းတွင်လည်း နှိပ်စက်ညှဉ်းပန်းမှုများ ရှိကြောင်း လူ့အခွင့်အရေး အုပ်စုများ၏ ပြောကြားမှုများရှိသည်။

တပ်မတော်သည် လမ်းသစ်ဖောက်လုပ်လိုသည့် ဧရိယာများကို တောမီးရှို့မှုများ ရှိနေကြောင်း အမျိုးသမီးများအဖွဲ့ချုပ် (မြန်မာ) ၏ အထွေထွေအတွင်းရေးမှူး နော်စဲစဲက ပြောကြားသည်။

“လူတွေက ကိုရိုနာဗိုင်းရပ်စ်ကို ကြောက်ဖို့မရဘူး၊ ကျေးရွာတွေကနေ ထွက်ပြေးနေရတယ်” ဟု နော်စဲစဲက ဆိုသည်။

ကရင်ပြည်နယ်အရှေ့ပိုင်းတွင်လည်း မတ်လ ၃၁ ရက်နေ့က အသက် ၅၆ နှစ်အရွယ် ရွာသားတစ်ဦး သေဆုံးခဲ့ရသည်။ အဆိုပါရွာသား၏ အမည်မှာ စောသက်မီးဖြစ်ပြီး စစ်ဘေးရှောင်များအတွက် စာနပ်ရိက္ခာသွားဝယ်ပြီးအပြန်တွင် ကျည်ထိမှန် သေဆုံးခြင်းဖြစ်သည်။ မတ်လ ၅ ရက်နေ့ကလည်း ကေအဲန်ယူ၏ သစ်တောစောင့်အဖွဲ့ဝင်တစ်ဦးသည် ပစ်ခတ်ခံရပြီး သေဆုံးခဲ့ကြောင်း စောင့်ကြည့်အဖွဲ့တစ်ဖွဲ့၏ ပြောကြားချက်အရ သိရသည်။

“ကိုရိုနာကပ်ရောဂါကြီးကို တိုက်ဖျက်ဖို့ လူတိုင်း အာရုံရောက်နေတာဟာ အစိုးရနဲ့တပ်မတော် အတွက်ကတော့ တိုင်းရင်းသားတွေကို ဖိနှိပ်ဖို့ အခွင့်အရေးရသွားသလို ဖြစ်နေတယ်။” ဟု ကရင်ငြိမ်းချမ်းရေး အထောက်အကူပြု ကွန်ရက် ပြောခွင့်ရ နော်ထူထူးက ပြောဆိုသည်။

“နိုင်ငံတကာအသိုင်းအဝိုင်းက တပ်မတော်နဲ့ အစိုးရကို ထိုက်သင့်တဲ့ အရေးယူမှုတွေ မလုပ်သေးသရွေ့တော့ ကျွန်မတို့ပြည်သူတွေဟာ သတ်ဖြတ်မှု၊ ဖိနှိပ်မှုတွေ ခံစားနေရဦးမှာပဲ” ဟု သူမက ဆိုလေသည်။

စောသန္တာအေး ဘာသာပြန်ဆိုသည်။

စောသန္တာအေး

(အယ်လ်ဂျာဇီးရား သတင်းဌာနတွင်ဖော်ပြထားသော Myanmar military steps up attacks as coronavirus spreads ဆောင်းပါးကို ဆီလျော်အောင် မြန်မာမှုပြုပါသည်။)

စစ်တွေမြို့ပေါ် ဘုန်းတော်ကြီးကျောင်းတွင် ခိုလှုံနေကြသော ဗျိုင်းဖြူရွာသားများကို ၂၀၂၄ ခုနှစ် ဇွန်လအတွင်းက တွေ့ရစဉ်။
November 23, 2024
ရခိုင်ပြည်၊ စစ်တွေမြို့၊ စက်ရုံစုရပ်ကွက်ရှိ ရဲကင်းစခန်းအနီးမှ နေအိမ်ဖယ်ရှားခံရသည့် ဒေသခံများမှာ...
ပုံစာ - အမ်းမြို့နယ်ရှိ ကုတင် (၃၀၀) ဆံ့ စစ်ဆေးရုံကို သိမ်းပိုက်ပြီးနောက် တွေ့ရသော AA တပ်ဖွဲ့ဝင်များ။
November 22, 2024
ရခိုင်ပြည်၊ အမ်းမြို့အကျဉ်းထောင်ရှိ အကျဉ်းသားများနှင့် တိုက်ပွဲကာလ ဖမ်းဆီးထားသော အရပ်သားများကို...
မောင်တောမြို့နယ်ရှိ ဟိန္ဒူစစ်ဘေးရှောင်စခန်းမှ ကလေးငယ်တစ်ဦး။ (၂၀၂၄ ခုနှစ်၊ နိုဝင်ဘာ ၂ ရက်)
November 21, 2024
မြန်မာ့ပြည်တွင်းစစ်တွင် အခက်အခဲ၊ အကျပ်အတည်းများစွာနှင့် ရင်ဆိုင်နေရသည့် ကလေးသူငယ်များကို...
ရခိုင်ဒေသမှ စစ်ဘေးရှောင် ကလေးငယ်များ။
November 20, 2024
ရခိုင်ပြည်၊ ကျောက်တော်မြို့နယ်ရှိ စစ်ဘေးရှောင်စခန်းအချို့တွင် ကလေးသူငယ်များ ဝမ်းပျက်ဝမ်းလျှော...