ကိုဗစ် - ၁၉ ရောဂါ ကာကွယ်ရန် အဝင်အထွက် ပိတ်ပင်ထားသည့် စစ်ရှောင်စခန်း တာဝန်ခံနှင့် အင်တာဗျူး

ကိုဗစ် - ၁၉ ရောဂါ ကာကွယ်ရန် အဝင်အထွက် ပိတ်ပင်ထားသည့် စစ်ရှောင်စခန်း တာဝန်ခံနှင့် အင်တာဗျူး

"နောက်ထပ်ပိုပြီး ရက်ရှည်လာမယ်ဆိုရင် စစ်ရှောင်စခန်းက လူတွေ စားဝတ်နေရေး ပိုပြီး ခက်ခဲသွားမယ်"

မြန်မာနိုင်ငံတွင် Covid-19 ရောဂါ ဓာတ်ခွဲအတည်ပြုလူနာ စတင်တွေ့ရှိပြီးနောက် ရောဂါကို ကာကွယ်နိုင်ရန် ကချင်ပြည်နယ်ရှိ စစ်ရှောင်စခန်းများကို အဝင်အထွက် ပိတ်ပင်ခဲ့သည်။

ယင်းအနက်မှ မြစ်ကြီးနားမြို့ရှိ ဇီးလွန် စစ်ရှောင်စခန်း၏ အခြေအနေအကြောင်း စခန်းတာဝန်ခံ ဒေါ်လုဆန်ကို ကချင်သတင်းဌာန KNG က ဆက်သွယ် မေးမြန်းထားပါသည်။ အဆိုပါစခန်းတွင်  အိမ်ထောင်စု ၁၄၀ ခန့်နှင့် လူဦးရေ ၇၁၂ ဦး ခိုလှုံလျက်ရှိသည်။

ကေအဲန်ဂျီ -  IDP Camp အတွင်း Covid-19 ရောဂါနဲ့ ပတ်သက်ပြီး ဘယ်လို စိစစ်ဆောင်ရွက်နေလဲ။

စခန်းတာဝန်ခံ - ကျမတို့ တံခါးပိတ်သော့ခတ်ထားတာ တစ်ပတ်ရှိပြီ။ နေစား လုပ်တာတွေကိုလည်း မထွက်ခိုင်းတော့ဘူး။ လူစုလူဝေးလည်း မသွားခိုင်းတော့ဘူး။ အဖွဲ့အစည်းတွေလာရင်လည်း အထဲမဝင်ခိုင်းတော့ဘူး။ ကူညီရေးတွေလာရင်လည်း စခန်းအပြင်ဘက်ကနေပဲ လက်ခံတယ်။ ခြေလက်ဆေးဖို့အတွက်ကိုလည်း အပြင်ဘက်မှာပဲ လုပ်ထားတယ်။ ဒါကြောင့် ကျမတို့ စခန်းကလူတွေလည်း အပြင်ဘက်ကို ထွက်တာတွေမရှိဘူး။ ဖျားနာတာနဲ့ အရေးပေါ်ကိုပဲ ထွက်ခွင့်ပြုထားတယ်။

ကေအဲန်ဂျီ -  Camp အပြင်ဘက်ကို ညအိပ်ထွက်တာတွေရှိနေသေးလား။

စခန်းတာဝန်ခံ - မရှိပါဘူး။ Camp အပြင်ဘက်ကို ညထွက်အိပ်တဲ့သူ လုံးဝမရှိတော့ပါဘူး။

ကေအဲန်ဂျီ -  ဇီးလွန်စစ်ရှောင်စခန်းမှာ Covid-19 ရောဂါနဲ့ ပတ်သက်ပြီး အသိပညာပေးတာတွေ ရှိလား။

စခန်းတာဝန်ခံ -  ကျန်းမာရေးဌာနနဲ့ KBC ဘက်က ထုတ်ပြန်ထားတဲ့ စာ ဒီကိုရောက်လာခဲ့ရင် ဒီမှာ မိုက်ကနေ အော်ပေးတာ ရှိတယ်။

ကေအဲန်ဂျီ - Camp စခန်းကလူတွေအနေနဲ့ လက်တွေ့လိုက်နာကြရဲ့လား။

စခန်းတာဝန်ခံ -  တစ်နိုင်ငံလုံးကူးစက်ပြန့်ပွားနေတဲ့ ရောဂါကာကွယ်ဖို့ မနက် ၊ ည ဒီကနေ အော်ပြီးသတိပေးနေတော့ အားလုံးကြောက်နေကြတယ်။ ရေစင်မှာ လက်ဆေးဆပ်ပြာနဲ့ ဆေးပြီး လိုက်နာကြပါတယ်။

ကေအဲန်ဂျီ -  Camp စခန်းအတွင်း အဝင်အထွက်လုပ်တဲ့သူတွေကို စခန်းကနေ ဘယ်လိုတာဝန်ယူစစ်ဆေးမှုတွေ လုပ်နေလဲ။

စခန်းတာဝန်ခံ - ဧပြီလ ကုန်တဲ့အထိ အပြင်မှာနေပြီး အလုပ်လုပ်မယ်ဆိုတဲ့သူတွေကို ကျမတို့ ပေးထွက်လိုက်ပြီး မှတ်တမ်းရေးမှတ်ထားတယ်။ Camp ကလူတော့ဟုတ်တယ်၊ အဝေးကနေပြီး ပြန်လာမယ်ဆိုတဲ့သူတွေကို ကျမတို့က စောင့်ကြည့်လူနာအဖြစ်ထားတယ် ၊အစိုးရတွေနဲ့ တွဲပြီး။ သူတို့ အမျိုးအိမ်တွေမှာထားပြီး ၁၄ ရက်ကြာပြီးနောက် ကျမတို့ပြန်စစ်ဆေးပြီးမှ စခန်းအတွင်းကို ဝင်ခွင့်ပေးဖို့ စီစဉ်ထားကြတယ်။

ကေအဲန်ဂျီ -  Camp ကို တံခါးပိတ်သော့ခတ်လိုက်ပြီဆိုတော့ ကူညီရေးအဖွဲ့အစည်းတွေ ၊ အစိုးရအနေနဲ့ ဆန် ၊ ဆီ ၊ ဆား ထောက်ပံ့မယ်ဆိုရင် ဘယ်လိုလက်ခံသွားဖို့ရှိလဲ။

စခန်းတာဝန်ခံ -  တံခါးပိတ်ထားတယ်ဆိုပေမဲ့ ကူညီရေးအဖွဲ့နဲ့ ကျမတို့ အမြဲတမ်းဖုန်းနဲ့ အဆက်အသွယ်လုပ်တယ်။ အရမ်းကြီး လာ ကူညီတာတွေ မရှိဘူး။ ကူညီမဲ့သူတွေလာရင်တော့ ကျမတို့ အပြင်ကနေ လက်ခံတာတွေ ရှိတယ်။

ကေအဲန်ဂျီ -   အစိုးရအနေနဲ့ ဆန် ၊ ဆီ ၊ ဆား ၊ ပဲ တွေ ထောက်ပံ့မယ်ဆိုတာကို ဘယ်လိုကြားထားလဲ။

စခန်းတာဝန်ခံ - ဆန်တော့လာပေးထားပြီ။ ဆန်ပဲလာပေးထားသေးတယ်။ တခြားတော့ ကူညီမယ့် အကြောင်း ဘာမှမပြောဘူး။ အစိုးရအဖွဲ့လို့ပြောပြီး လာပေးသွားတယ်။ လူဦးရေနဲ့ဆိုရင် ကျမတို့တွက်ကြည့်တာ ၃ ပြည်နဲ့ ၄ လုံး ကျတယ်။ အားလုံးကို ဝေပြီးပြီ။ ဆန်ပဲရောက်တယ်။ နောက်ပြီး ပြန်လာလှူမယ်လို့လည်း ပြောသွားတာမရှိဘူး။ သူတို့ပြောသွားတာက နှစ်ပတ်လောက်ကျမတို့ အပြင်ကိုမထွက်ဘဲ နေနေဖို့တော့ ပြောသွားတယ်။

ကေအဲန်ဂျီ -  Camp အတွင်းမှာ လူများတော့ Covid-19 ရောဂါနဲ့ပတ်သက်ပြီး လက်တလော လိုအပ်နေတာတွေက ဘာဖြစ်မလဲ။

စခန်းတာဝန်ခံ -  စားနပ်ရိက္ခာနဲ့ ငွေရေးကြေးရေး ၊ ဆေးဝါးတွေက ပိုပြီးလိုအပ်လာမယ်လို့ ထင်တယ်။

ကေအဲန်ဂျီ -   အခုက နေ့စားတွေ မသွားလုပ်ရတော့ ဘယ်လောက်အတိုင်းအတာထိ အခက်အခဲကြုံတွေ့နေရလဲ။

စခန်းတာဝန်ခံ - ကျမတို့က နေ့စားပဲလုပ်ပြီးစားနေရတာလေ။ နေ့စားတွေလည်းမသွားရတော့ အများစုကတော့ ခက်ခဲနေကြတယ်။ အခုတော့ သူတို့ပေးထားတဲ့ ဆန်ကလည်း လမကုန်ခင် ကုန်သွားမှာပဲလေ။ ကုန်သွားရင်တော့ ကျမတို့ ပိုတောင်ခက်ခဲသွားတော့မယ်။

ကေအဲန်ဂျီ -  Camp ထဲမှာ လက်မှုတစ်ခုခုနဲ့ ဝမ်းစာရှာနေကြတဲ့သူတွေရောရှိလား။

စခန်းတာဝန်ခံ - ရှိတော့ရှိတယ်။ သူတို့ကလည်း အပြင်ဘက်မထွက်ရ ၊ ဖောက်သည်သွင်းတဲ့ ဆိုင်တွေကလည်း ပိတ်ကုန်ပြီဆိုတော့ အလုပ်လက်မဲ့ဖြစ်ကုန်တယ်။

ကေအဲန်ဂျီ -  အစိုးရ နဲ့ NGO အဖွဲ့အစည်းတွေ Camp ထဲကိုလာပြီး ပညာပေးတာတွေ ၊ အခြေအနေ လာရောက်ကြည့်ရှုတာတွေရှိလား။

စခန်းတာဝန်ခံ -  လာလည်း သူတို့အရမ်းကြောက်တယ်ထင်တယ်။ အထဲကိုလည်းမဝင်ရဲကြဘူး။ ကျမတို့ကလည်း မဝင်ခိုင်းဘူး။ ဝင်ခိုင်းမယ်ဆိုရင်လည်း အရမ်းကြောက်ကြတယ်။ ဒီရောဂါနဲ့ ပက်သက်ပြီး အသိပညာပေးတာတွေကို အပြင်ဘက်နေပဲ။ လူကယ်ပြန်အဖွဲ့တွေ ဘယ်လိုကနေ ဘယ်လိုကူးတယ် ၊ ဘယ်လို ကာကွယ်ရမယ်ဆိုတာကို အပြင်ကနေ မိုက်နဲ့ အော်ပေးတယ်။ ပြီးတော့ လက်ဆေး ဆပ်ပြာတွေလည်း ပေးသွားတယ်။

ကေအဲန်ဂျီ -   Covid-19 ရောဂါမဟုတ်ဘဲ တခြား ရိုးရိုးဖျားနာတာတွေရှိလား။

စခန်းတာဝန်ခံ - ရိုးရိုး ရာသီတုပ်ကွေး ဖျားနာနေတဲ့သူတွေရှိတယ်။ တချို့က ဆေးရုံတက်နေတဲ့သူတွေရှိတယ်။

ကေအဲန်ဂျီ -  ကလေးသူငယ်နဲ့ သက်ကြီးရွယ်အိုတွေအတွက် ရောဂါကာကွယ်ရေး သီးသန့်လုပ်ပေးတဲ့ အစီအစဉ်တွေရှိလား။

စခန်းတာဝန်ခံ -  ကလေးနဲ့ သက်ကြီးရွယ်အိုတွေအတွက် သီးသန့်လုပ်ပေးတာ မရှိဘူး။ ကျမတို့ ကော်မတီက ငွေကြေးလည်းမတတ်နိုင်ဘူး။ ဘယ်အဖွဲ့အစည်းကနေမှ ဒီလိုလုပ်ပါဆိုပြီးတော့ ကူညီထောက်ပံ့ပေးတာလည်း မလုပ်ပါဘူး။

ကေအဲန်ဂျီ -  နောက်ဆုံးအနေနဲ့ ဖြည့်စွက်ပြောချင်တာရှိရင် ပြောပေးပါ။

စခန်းတာဝန်ခံ - အစိုးရကနေ သတ်မှတ်ထားတဲ့ ဒီလ ၃၀ ရက်ထိလို့ပြောတယ်။ ပြန်ပြီးတိုးလာမလား၊ အလျော့အတင်းဖြစ်နေတော့ နေ့စားတွေလည်း အားလုံးရပ်ထားရတယ်ဆိုတော့ နောက်ထပ်ပိုပြီး ရက်ရှည်လာမယ်ဆိုရင် စစ်ရှောင်စခန်းက လူတွေ စားဝတ်နေရေး ပိုပြီး ခက်ခဲသွားမယ်။ ကျန်းမာရေးလည်း ခက်ခဲသွားမယ်လို့ထင်တယ်။

November 8, 2024
စစ်တပ်အာဏာသိမ်းပြီးစ အချိန်ကတည်းက ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်မှ အာဏာဖီဆန်ရေးလှုပ်ရှားမှု-...
November 6, 2024
မြစ်ကြီးနား– တနိုင်းဆက်သွယ်ထားတဲ့ လီဒိုလမ်းမကြီး ဆိုးဆိုးရွားရွားပျက်စီးနေတာကြောင့်...
ဆင်ရိုင်းတိုက်ခိုက်လို့ ထိခိုက်ပျက်စီးသွားတဲ့ ကားများ
November 5, 2024
ပူတာအိုမြို့နဲ့ ဆွမ်ပရာဘွမ်ကြားမှာ တောဆင်ရိုင်းတစ်ကောင်တိုက်ခိုက်မှုကြောင့် ခရီးသွား ကား ၅...