သျှမ်းပြည်အတွင်း COVID-19 ကာကွယ် ကုသ ထိန်းချုပ်မှု ဘယ်လို ဆောင်ရွက်နေသလဲ
နန်းဆိုင်ဖူး — သျှမ်းပြည် အတွင်း COVID-19 ကာကွယ် ကုသ ထိန်းချုပ်နည်း နဲ့ ပတ်သက်ပြီး ကျန်းမာရေး ဝန်ထမ်းတွေအနေနဲ့ ဆောင်ရွက်မှုတွေ၊ ဆေးကုသ ရာတွင် ခက်ခဲမှု စိန်ခေါ်မှုတွေ နဲ့ ကြုံတွေ့နေရပါတယ်။ ဒီကိစ္စနဲ့ပတ်သက်ပြီး သျှမ်းသံတော်ဆင့် သတင်းထောက် နန်းဆိုင်ဖူး က သျှမ်းပြည်နယ် အထူးရောဂါ နိမ်နင်းရေးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာနှင်းအိဖြူ ကို သီးသန့်တွေ့ဆုံမေးမြန်းထားပါတယ်။
မေး ။ ။ COVID-19 ကုသရေးပိုင်းမှာ ဒေါက်တာ တို့အနေနဲ့ ဘယ်လို အခက်အခဲ၊ စိန်ခေါ်မှုတွေ ရင်ဆိုင် ကြုံတွေ့နေရပါသလဲ။
ဖြေ ။ ။ လူထုရဲ့အားလည်း တော်တော်လေးပါတယ်။COVID-19 မှာလေ စစ ပိုင်းမှာ သိပ်ပြီးတော့ သေသေချာချာပြင်ဆင်ထားတာ မရှိတော့ လိုအပ်ချက်တွေတော့ အများကြီးရှိတယ်။
PPE တို့ Mask တို့မျိုး လက်ဆေးရည်တွေ ကအစ သိပ်ပြီးမပြည့်စုံဘူး။ ဒါပေမယ့် ဒီကြားထဲ ဆရာမ တို့ရဲ့ ကျန်းမာရေးဌာနလည်း လိုတာတွေ ဖြည့်ပေးတာတွေရှိတယ်။ လူထု ပါတယ်ဆိုတာ ပုဂ္ဂလိက အလှူရှင်တွေပေါ့နော် သူတို့ကနေ ပံ့ပိုးတာတွေရှိတယ်။
မြို့နယ်တွေမှာ ဒီအားတွေနဲ့ ကိုယ်တဲ့ဟာတွေ ဖြည့်နေတာပေါ့။ အများကြီးမပြည့်စုံသေးဘူးဆိုပေမယ့် တော်တော်တော့ ပြည့်စုံအောင် ဖြည့်နေကြတယ်။ ကိုယ့်အစီစဉ် နဲ့ကိုပေါ့။
မေး ။ ။ လက်ရှိ ဒေါက်တာ တို့မှာ ဘယ်လို တာဝန်တွေ ထမ်းဆောင် လုပ်ဆောင်နေရပါသလဲ။
ဖြေ ။ ။ အဓိက က ပြည်သူတွေ ကနေ ကာကွယ်တာ ထိန်းချုပ်တာ ကုသတာ ပဲ ရှိတာလေ။ ဒီနိုင်ငံမှာ ဒီရောဂါ ပိုးမရှိတဲ့ချိန်တုန်းက ကာကွယ်မှာပဲ လုပ်တယ်။
ပြည်သူလူထုကို ပညာပေးတာပဲ လုပ်တယ်။ အဓိကကတော့ တကိုယ်ရေ သန့်ရှင်းရေးပေါ့။
ကိုယ်နှာစေးချောင်းဆိုးရင် ဘယ်လိုနေရမလဲ ဆိုတာကိုပြောတယ်။ နောက်တစ်ခုက ဒီရောဂါကို ကာကွယ်တဲ့အနေနဲ့ဆိုရင် လူစုလူဝေးတွေကနေ ရှောင်ပါ။
အခုဆို မလိုအပ်ဘဲ နဲ့ အပြင်မထွက်ပါနဲ။့ ဒါက ဆရာမတို့ ကာကွယ်ရေး အနေနဲ့ လုပ်ရပါတယ်။
နောက်တစ်ခုက ဒီရောဂါ ပိုးက ဆရာမ တို့နိုင်ငံမှာလည်းတွေ့နေပြီ။ ဆရာမ တို့ ထိန်းချုပ်တဲ့အနေနဲ့ လုပ်ရတယ်။
လူနာတစ်ယောက်တွေ့ပြီ ပိုးတွေ့တဲ့ လူနာတွေ့ပြီဆိုရင် သူ နဲ့ ထိတွေ့သူတွေကို အကုန်လုံးကို လိုက်ရှာရတယ်။
ဒီလူတွေရဲ့ ကျန်းမာရေး အခြေနေကို စောင့်ကြည့်ရတယ်။ အရမ်းကို နီးနီးကပ်ကပ် နေခဲ့တယ်ဆိုရင် ဆရာမ တို့ ဓာတ်ခွဲ နမူနာတွေ ပို့ပြီးတော့ ပိုးရှိလား မရှိလားဆိုတာ စစ်ရတာမျိုးတွေ လုပ်ရတယ်။
နောက်တခုက ပြည်တော်ပြန်တွေ ပြန်လာလို့ရှိရင် ထိန်းချုပ်ရတာတွေရှိတယ်ပေါ့နော်။ ဆရာမ တို့ လုပ်ရတဲ့အပိုင်းက ကာကွယ်ရေးရှိတယ်။ ထိန်းချုပ်ရေးရှိတယ်။ ကုသရေး အပိုင်းရှိတယ်။
မေး ။ ။ ပိုးတွေ့လူနာတွေနဲ့ ထိတွေ့တဲ့ အချိန် ဒေါက်တာ တို့ မိမိ ကိုယ်ကို ဘယ်လို ကာကွယ်ထားလဲ။
ဖြေ။ ။ အဓိက ကတော့ လူနာ လို့ပြောလိုက်ရင် ဆေးရုံကို ရောက်သွားပြီပေါ့။ ခုနလိုမျိုး အနီးကပ် အဆောင်မှာ ရှိတယ်ဆိုရင်တော့ သွားကြည့်ရတဲ့သူတွေက ကိုယ့်ကိုယ်ကို တကိုယ်ရေ ကာကွယ်သုံးပစ္စည်းအပြည့် ဝတ်ပြီးတော့မှ သွားရတာပေါ့နော်။
အခြေခံ ကျကျ ဆိုရင်တော့ PPE ဝတ်ရတယ်။ Mask တပ်ရတယ်။ Cap ဆောင်းရတယ်။ မျက်နှာကို ကာကွယ်တဲ့ဟာတပ်ရတယ်။ လူနာ နားသွားရင် ဘွတ်ဖိနပ် စီးရတယ်။ အဲ့တော့ အခြေခံ ကာကွယ်တဲ့ ၆ မျိုးတော့ ပါရတယ်။ဒါကတော့ လူနာ သွားကုတဲ့ခါမှာ။
နောက်တစ်ခုက ဆရာမ တို့ ဘာတွေရှိသေးလဲ ဆိုတော့ quarantine center ဆိုတာ ရှိသေးတယ်။ သူတို့က လူနာတော့မဟုတ်ဘူး။ ဒါပေမယ့် သူတို့သည် ရောဂါကို သယ်ဆောင်လာတဲ့သူ ဖြစ်နိုင်တယ်။ ဒီလူတွေနား သွားတဲ့ခါမှာတော့ သူတို့နဲ့ အနီးကပ်မနေဘူး ပြီးတော့ အနည်းဆုံး ဆရာမ တို့ mask တပ်ရတယ်။ မိန်းကလေး ဆိုရင် ဆံပင်ကနေ ထိတွေ့မှာဆိုးလို့ cap ဆောင်းရတယ်။
မေး။ ။ COVID-19 ကာကွယ်ဖို့အတွက် မြို့အဝင်အထွက်တွေ ဘယ်လိုဆောင်ရွက်ထားပါသလဲ။
ဖြေ။ ။ တောင်ကြီးမှာဆိုရင် မြို့ဝင်မြို့ထွက် ၄ နေရာပေါ့ သူ့မြို့အဝင်အထွက် စောင့်ကြည့်တာလေးတွေရှိတယ်။
အဓိက စောင့်ကြည့်ရတဲ့ ရည်ရွယ်ချက်ကတော့ ၁ က ပြည်တော်ပြန်တွေကို ရှာတာပေါ့ ယိုးဒယားဘက်ကနေ ပြန်လာတယ်။ တရုတ်ဘက်ကနေ ပြန်လာတဲ့သူတွေ အဓိကက သူတို့ ပြန်သွားပီဆိုတာနဲ့ သူတို့ရဲ့ Quarantine center ထဲရောက်သွားအောင်ပေါ့။
ဆရာမ တို့က ချိတ်ဆက်ပြီးလုပ်တာ အဓိကပါ။
၂ အချက်က အဖျားတိုင်းတာ လုပ်တယ်။ ဒါပေမယ့် အဖျားတိုင်းတာ အရမ်းကို ထိရောက်ရဲ့လားဆိုတာ မသေချာဘူးပေါ့။ အဖျားတိုင်းလိုက်တော့ ဖျားရင် ဘာလုပ်ပေးမှာလဲ ဆိုတဲ့ တိတိကျကျ guide line တော့မရှိဘူး။
မေး ။ ။ ကျန်းမာရေး အထောက်အကူပြုအတွက် စုံစုံလင်လင်ရှိပါသလား။
ဖြေ ။ ။ ဒီရောဂါကလေ တစ်နိုင်ငံလုံး စစ်ပေးတဲ့နေရာ တစ်နေရာပဲ ရှိတယ်။ အမျိုးသားကျန်းမာရေး ဓါတ်ခွဲဌာန ရန်ကုန်မှာ ရှိတယ်။
ဆရာမ တို့က တစ်နိုင်ငံလုံးမှာ ရှိတဲ့ သံသယလူနာ ဓါတ်ခွဲနမူနာတွေတော့ ရန်ကုန် ကို အကုန်လုံး ပို့ရတယ်။ စစ်လို့ရတာ တစ်နေရာပဲရှိတယ်။ အဲ့ဒါလေးကိုစစ်ရတာ ဆရာမတို့ VTM Tube လို့ခေါ်တယ်။ အဲ့ဒါလေးထည့်ပြီးတော့မှ အဲ့တော့ ဆရာမ တို့ သျှမ်းတောင်မှာ အလုံအလောက်ရှိတာပေါ့နော်။ အခု ၂၀၀ ရှိတယ်။ လူနာ ၂၀၀ စစ်လို့ရတာပေါ့နော်။ ဒါမယ့် ဆရာမ တို့ သျှမ်းတောင်မှာ လူနာ အဲ့လောက်အများကြီးမရှိသေးဘူး။
မေး။ ။ ဓာတ်ခွဲခန်းကို ပို့ဖို့ရော ဒေါက်တာ တို့ အနေနဲ့ ဘယ်လို အခက်အခဲ တွေရှိပါသလဲ။
ဖြေ။ ။ အခုကတော့ ဓါတ်ခွဲနမူနာ ပို့စစ်ရတာက လူကိုယ်တိုင် ပို့ရတာတော့ ခက်ခဲတာပေါ့နော်။ ဥပမာ မြို့နယ်မှာ ရှိတဲ့သူက မောက်မယ်ဘက်က ကျေးသီးဘက်က ဆိုရင် ဗမာစကား ကောင်းကောင်း မကျွမ်းတဲ့သူတွေ ဝန်ထမ်းတွေက သျှမ်းလိုပဲ တတ်တဲ့ခါကျတော့ ရန်ကုန်ထိ သွားရတဲ့ခါ အခက်ခဲ ရှိပါတယ်။
ဒါပေမယ့် ဟိုကိုရောက်တဲ့ခါမှာတော့ အဖြေက ၂၄ နာရီ နဲ့ ၄၈ နာရီအတွင်း အဖြေထွက်တော့လေ အဲ့ဒီတွက်တော့ အခက်ခဲ မရှိဘူး။ ဒီ သွားမယ့်ချိန်တော့ ကျန်းမာရေးဝန်ထမ်းတွေ အတွက် ခက်ခဲတာပေါ့ ။ ဒီ ဓါတ်ခွဲနမူနာတွေက ကျန်းမာရေးဝန်ထမ်း ကိုယ်တိုင် ရန်ကုန်ထိ သွားပို့ရတယ်။
မေး ။ ။ ကျန်းမာရေး ဝန်ထမ်းကိုယ်တိုင် ဘာကြောင့် ရန်ကုန်ထိ ဓါတ်ခွဲနမူနာ သွားပို့ရတာလဲ။
ဖြေ ။ ။ ဒီဓါတ်ခွဲနမူနာတွေက ပိုးတွေ ရှိ မရှိ သွားစစ်ရမယ့် ပစ္စည်း ဒီဟာတွေ ဒီလိုမျိုး ကားပေါ်တင်လိုက်ရတာနဲ့စိတ်မချရဘူးပေါ့။ တခြား ရောဂါတွေ စစ်တဲ့ခါမှာကျတော့ လေယာဉ် နဲ့ ကားတွေ နဲ့ ပို့သွားလို့ရတယ်။
ဒီ COVID-19 ကိုကျတော့ ကျန်းမာရေး ဝန်ထမ်းတွေကို ရန်ကုန် အမျိုးသား ကျန်းမာရေး ဓါတ်ခွဲဌာန ထိ သွားခိုင်းရတယ်။
မေး ။ ။ ကျန်းမာရေး အထောက်အကူပြု ပစ္စည်းတွေက ပြည်သူတွေဘက်ကနေ ဘယ်လို ထောက်ပံ့နေတာပါလဲ။
ဖြေ ။ ။ အခုကျတော့လေ ဆရာမ တို့က ပညာပေးတွေကို အဓိက လုပ်နေရတာ လူတွေက တခါတည်းပြောလို့ရှိရင်လည်း မမှတ်မိဘူး။ ထပ်ခါထပ်ခါ သူတို့ကို ပြောဖို့လိုတဲ့ခါကျတော့ ဆရာမ တို့ဆိုရင် Hang speaker လေးနဲ့ ညတိုင်း ညတိုင်း လှည့်ပြီး ကြေညာပေးတာလုပ်တယ်။
ရွာမှာ ဆိုလို့ရှိရင် ဘုန်းကြီးကျောင်းကနေ မနက်တစ်ခါ ညတစ်ခါ လွှင့်ပေးတာရှိတယ်။ ပြည်သူတွေ သိဖို့ အရေးကြီးတာပေါ့နော်။
မေး ။ ။ လာမယ့်ပတ်တွေမှာ COVID-19 ရောဂါ အခြေအနေ ဘယ်လို ရှိလာနိုင်မလဲရှင့်။
ဖြေ ။ ။ ရှေ့တပတ်မှာ တော်တော်လေးကို သတိထားရမယ့် အပတ်လို့ ဆရာမတို့တော့ မြင်တယ်။ ဘာကြောင့်လဲဆိုတော့ အိမ်မှာ ၁၄ ရက်နေတဲ့ သူတွေလည်း ပြည့်သွားပြီးတဲ့ဟာတွေလည်း ရှိတာပေါ့။
ဆရာမ တို့ ဖေဖော်ဝါရီ ၂၃ နောက်ပိုင်းမှာ facility quarantine မှာ ထည့်ထားတဲ့သူတွေ လည်းရှိတယ်။
ဒီလူတွေက အခုထက်ထိတော့ ဘာမှ ရောဂါ လက္ခဏာ မပြသေးဘူး။
ဒါပေမယ့် ဆရာမ တို့က ဒီ ၂ ပတ်အတွင်းမှာတော့ ရောဂါ လက္ခဏာတွေ ပြနိုင်တယ် ဆိုပေမယ့် ၂ ပတ်လို့သာ သတ်မှတ်လိုက်ပေမယ့် တကယ်တော့ ဒီရောဂါပိုးက ခန္ဓာကိုယ်ထဲ ရှိနေနိုင်တယ်။
အဲ့ကြောင့် quarantine ပြီးသွားပြီဆိုပေမယ့် ပျော်ပျော်ပါးပါးမလုပ်ဖို့ ဆရာမ တို့ စာတွေ ထပ်ထုတ်ထားတာရှိတယ်။
သူတို့ကို ဒီ quarantine center မဝင်ခင်မှာလည်း ၁၄ ရက်စောင့်ကြည့်ရတဲ့ ရည်ရွယ်ချက်ကို ပြောပေးရတယ်။
ပိုပြီးအရေးကြီးတာက ၁၄ ရက်ပြည့်လို့ အိမ်မှာပြန်သွားလို့ရှိရင် ဘယ်လိုနေရမလဲဆိုတာ ဆရာမ တို့ သေသေချာချာ ကိုမှာထားတယ် အရေးကြီးလို့လေ။
ဒီ ၁၄ ရက်မတွေ့တာနဲ့ ဒီရောဂါပိုး မရှိတော့ဘူးလို့ ပြောလို့မရဘူး။ ဘာလို့လဲဆိုတော့ သူတို့က ရောဂါ လက္ခဏာမပြထားတော့ ရောဂါ ရှိလား မရှိလားဆိုတာ ပြောလို့မရဘူး။ အဲ့တော့ အရမ်းတော့ အရေးကြီးတယ် ဒီတစ်ပတ်အတွင်းမှာ ဆရာမ တို့စောင့်ကြည့်ပြီးတဲ့ လူတွေထဲကလဲ ရောဂါလက္ခဏာ ဖြစ်လာနိုင်တယ်။
နောက်တစ်ခုက ဆရာမတို့ quarantine center ထဲမှာ တစ်ချို့ကလည်း စည်းကမ်းတစ်ကျ ဆရာမ တွေပြောနေတာကို နားထောင်တယ်။
တစ်ချို့ကလည်း ဆရာမ တို့ ကာကွယ်ထိန်းချုပ်တဲ့အခါမှာ ကူးစက်ရောဂါ ကောင်းကောင်းသဘောမပေါက်တဲ့ခါကျတော့ အထဲမှာ ပျော်ပျော်ပါးပါး နီးနီးကပ်ကပ်နေ တာတွေလည်း ကူးစက်နိုင်တယ်။
ဒါကြောင့်မို့လို့ ဒီတစ်ပတ်အတွင်းမှာ ဆရာမ တို့လူနာ နည်းသွားတယ်ဆိုပေမယ့် ဒီရှေ့လာမယ့် အပတ်မှာ ဆရာမတို့ အခြေအနေ တစ်မျိုးပြောင်းလဲနိုင်တာပေါ့ ။ အဲ့ဒါစောင့်ကြည့်ဖို့ လိုတယ်။ သတိထားရမှာပေါ့။
မေး ။ ။ Quarantine center မှာ ရှိနေတဲ့သူတွေကို ဘယ်လို အားပေးစကားပြောချင်ပါသလဲ?
ဖြေ ။ ။ ဘယ်လို အားပေးချင်လဲဆိုတော့ ၁၄ ရက် လုံးလုံးကို တစ်နေရာတည်း ငြိမ်ငြိမ်လေး နေရတာဆိုတော့ တကယ်တော့ မလွယ်ဘူး။
အဲဒီအတွက်လည်း quarantine center တိုင်းမှာ အလုပ်လုပ်ပေးနေတဲ့ ကျန်းမာရေး ဝန်ထမ်းတွေရော၊ စေတနာ့ဝန်ထမ်းတွေရော ၊ အုပ်ချုပ်ရေးမှူးတွေရော သူတို့ ဟာ နဲ့ သူတို့တော့ အားပေးနေတာ လုပ်နေတာပေါ့နော်။
အနည်းဆုံး သူတို့ကို ဖုန်းဘေ လ် တွေ ထည့်ထားပေးတယ်။ အမြဲတမ်း မချိတ်ဆက်နိုင်ရင်တောင် စကားတွေ ပြောတာတွေ ရှိတယ်။ အခုဆို သီချင်းတွေ သွားဆိုပေးတာတွေ ရှိတယ်။
ဒီ ၁၄ ရက်က ငါ့အတွက်ပဲလိုဟာမျိုး နဲ့ မကြာဘူးပေါ့နော်။ အပြင်မှာဆို ၁၄ ရက် နားဖို့ဆိုတာ မနားရဘူး တကယ်တမ်း ဒီ ၁၄ ရက်က အနားယူတဲ့ချိန်ဆိုတာ အဲ့လိုစိတ်လေးထားပြီးနေမယ်ဆိုရင် အရမ်းအဆင်ပြေပါတယ်။ အချိန်မှန်အိပ်မယ် ။စိတ်ကို အေးအေးဆေးဆေးထားမယ်။ ၁၄ ရက်ဆိုတာ တကယ်တမ်းတော့ မကြာပါဘူး။ ရောဂါ ကူးစက်သူတွေကို ကြည့်လိုက်ရင် တကယ်တမ်း ဒီ ၁၄ ရက်က မကြာပါဘူး။
မေး ။ ။ နောက်ဆုံး အနေနဲ့ ပြည်သူတွေကို ဘယ်လို အားပေးစကားပြောချင်တာလဲ?
ဖြေ ။ ။ ပြည်သူတွေ အစွန်းမရောက်စေချင်ဘူး။ ငါ တို့ကတော့ မကူးလောက်ဘူးထင်တယ်။ ပေါ့ပေါ့လေး မနေကြပါနဲ့။ နောက်တစ်ခုက အရမ်းထိတ်လန့်ပြီးတော့ ဆေးတွေ ဖြန်းချင်တာတို့ ။ ကြောက်တော့ကြောက်တယ်။ ဒါပေမယ့် ဒီအကြောက်တရားပေါ်မှာ ဘယ်လိုနေရမလဲ ဆိုတဲ့ လမ်းညွန်ချက်တွေက ရှိပြီးသား အရမ်းကြောက်တာနဲ့ အစိုးရိမ်လွန်တာနဲ့ ပိုးသတ်ဆေးတွေကို မလိုဘဲနဲ့ ဖြန်းချင်တာမျိုးတွေ အဲဒီလိုမျိုးတော့ မဖြစ်သင့်ဘူးပေါ့နော်။
ပြီးရင် လူတွေက အရမ်းကြောက်ရင် ဒေါသတွေ ထွက်လာတယ်လေ။ သူတို့ရဲ့ အကြောက်တရား ဒေါသတွေ ရောက်ပြီးတော့မှ ဟိုလူ့ကို မကျေနပ် ၊ ဒီလူကို မကျေနပ် ။ တကယ်တမ်းကျတော့ ဒီလိုအချိန်အခါမှာ လုံးဝ အလုပ်မဖြစ်တဲ့ဟာမျိုးပေ့ါနော်။
အဲဒီတော့ ဆရာမ တို့ ပြောချင်တာက ကြောက်ဖို့လိုတယ်လေ၊ ဒါ ရောဂါ ၊ အချိန်မရွေးကူးနိုင်တယ်။ ကြောက်ဖို့ လိုတဲ့အတွက်ကြောင့် သတိထားပြီးတော့ နေရမယ်။ ဒါပေမယ့် အရမ်းကြောက်လွန်းလို့ ဟိုလူ့ကို အပြစ်တင် တဲ့ခါကျတော့ ဒီချိန်မှာ လုံးဝ အလုပ်မဖြစ်ဘူး။ အဲ့ဒါလေးကို သတိထားစေချင်တယ်။
ဆရာမ အချိန်ပေးပြီး ဖြေကြားပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။