ချင်းအမျိူးသားတပ်ဦး (CNF) ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီနှင့် အင်တာဗျူး

ချင်းအမျိူးသားတပ်ဦး (CNF) ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီနှင့် အင်တာဗျူး

ချင်းပြည်နယ် ပလက်ဝမြို့နယ်ရဲ့ စစ်ရေးပဋိပက္ခအခြေအနေ၊ စစ်ဘေးရှောင်ပြည်သူများ ကူညီပံ့ပိုးရေး၊ စားနပ်ရိက္ခာ သယ်ယူရေး၊ လက်ရှိ Covid-19 ရောဂါ ကာကွယ်မှုအခြေအနေတွေနဲ့ပတ်သက်ပြီး ချင်းအမျိူးသားတပ်ဦး (CNF) ပြောရေးဆိုခွင့်ရှိသူ လက်ထောက်အထွေထွေအတွင်းရေးမှူး-၂ ဆလိုင်းထက်နီကို ခိုနူမ်းသုန်သတင်းဌာနက ဆက်သွယ်မေးမြန်းထားပါတယ်။

မေး။    ။ Covid-19 နဲ့ပတ်သက်ပြီးတော့ CNF ဗဟိုဌာနချုပ်မှာဖြစ်ဖြစ်၊ တပ်စခန်းတွေမှာဖြစ်ဖြစ် ကြိုတင်ကာကွယ်မှုတွေ ဘယ်လိုဆောင်ရွက်ထားတာရှိပါသလဲ။

ဖြေ။       ။ Covid 19 နဲ့ပတ်သက်ပြီး ကျနော်တို့အခြေစိုက်တဲ့ နယ်မြေအားလုံးမှာ ကျေးရွာအုပ်ချုပ်ရေးမှူး၊ လူငယ်ခေါင်းဆောင်၊ ဘာသာရေးအသင်းအဖွဲတွေနဲ့ပူးပေါင်းပြီး လူဝင်/လူထွက် စိစစ်မှုတွေ၊ စာရင်းကောက်တာတွေလုပ်တယ်၊ အဓိက ခရီးသွားလာမှုတွေ နည်းနိုင်သမျှနည်းအောင်လုပ်တယ်၊ ကြိုတင်ကာကွယ်မှု နည်းနာတွေ တတ်နိုင်သမျှတော့ လုပ်တာပေါ့။ ကိုယ့်စခန်းတွင်းမှာလည်း ကြိုတင်ကာကွယ်မှုတွေ အတတ်နိုင်ဆုံးတော့ လုပ်ပါတယ်။  

မေး။    ။ ဗဟိုဌာနချုပ်မှာနေတဲ့ တပ်သားတွေဖြစ်ဖြစ်၊ အနီးပတ်ဝန်းကျင်ကျေးရွာမှာ နေထိုင်တဲ့လူတွေအတွက် ကျန်းမာရေးစစ်ဆေးမှုတွေ လုပ်ဆောင်ကြပြီလား။  

ဖြေ။       ။ ကျတော်တို့ဌာနချုပ်မှာကျတော့ ထန်တလန်မြို့နယ် ကျန်းမာရေးဌာနက ဆရာဝန်မတစ်ဦးနှင့် Nurse နှစ်ဦး (၃) ရက်လောက် ကျန်းမာရေးစောင့်ရှောက်မှု လာလုပ်ပေးတယ်၊ သူတို့ပြန်သွားတာကြာပြီ၊ ခုတော့ ကိုယ့်ဟာကိုယ်ပဲ Lockdown လုပ်တယ်၊ နေ့နေ့ညည လူဝင်လူထွက်စစ်တယ်။

မေး။    ။ ချင်းပြည်နယ်အစိုးရအဖွဲ့နဲ့ ပူးပေါင်းဆောင်ရွက်မှုတွေရှိလား။ ဒါမှမဟုတ် အစိုးရဘက်ကနေ လိုအပ်တဲ့ ဆေးဝါးထောက်ပံ့မှုတွေရှိလား။

ဖြေ။       ။  အစိုးရဖက်က ဆေးဝါးထောက်ပံ့တာတို့၊ ဆရာဝန်တွေ တာဝန်လာချပေးတာမျိုးမရှိဘူး၊ အစိုးရရဲ့ ကျန်းမာရေး စောင့်ရှောက်မှု အင်မတန် အားနည်းတယ်လို့ပြောရမှာပဲ၊ ဆရာဝန်၊ ဆေးဆရာ အင်အားကိုက မလုံလောက်တာပဲ။ ချင်းပြည်နယ်အစိုးရက အစာရေစာ ထောက်ပံ့တယ်ကြားလို့ ဝမ်းသာတယ်။

မေး။    ။ ချင်းအမျိုးသားတပ်မတော် (CNA) နဲ့ မြန်မာ့တပ်မတော်ပူပေါင်းပြီး ပလက်ဝမြို့နယ်မှာ ခြေကုပ်ယူလှုပ်ရှားနေတဲ့ ရက္ခိုင့်တပ်တော် (AA) ကို တိုက်ထုတ်မယ်ဆိုပြီး လူမှုကွန်ယက် (Social Media) တွေမှာ ပြန့်နှံ့နေတာတွေ့ရ တယ်။ ပြည်သူလူထုတွေကလည်း တကယ်ဟုတ်မဟုတ်သိချင်နေကြတယ်၊ ဘာများတုန့်ပြန်လိုပါသလဲ။

ဖြေ။       ။ မဟုတ်ပါဘူး။ အဲဒီကိစ္စက မဟုတ်မဟတ်သတင်းတွေပါ။ မြန်မာတပ်မတော်နဲ့ ပူးပေါင်းဖို့ဆိုတာ ပေါ်လစီမရှိပါဘူး။

မေး။    ။ ခုဆိုရင် ကျနော်တို့သိတဲ့အတိုင်းပါပဲ ပလက်ဝမြို့နယ်မှာ တပ်မတော်နဲ့ AA တပ်ဖွဲ့အကြားဖြစ်ပွားတဲ့ တိုက်ပွဲတွေကြောင့် စစ်ဘေးဒုက္ခသည်တွေ တစ်နေ့ထက်တစ်နေ့တိုးလာတယ်၊ စားနပ်ရိက္ခာပြတ်လပ်မှုတွေ ရင်ဆိုင်နေကြရတယ်၊ ဒီအပေါ်မှာ CNF အနေနဲ့ ပြည်သူလူထုအတွက် ဘာတွေ လုပ်ဆောင်ပေးဖို့ရှိပါသလဲ။

ဖြေ။       ။ CNF အနေနဲ့ နည်းလမ်းပေါင်းစုံအသုံးပြုပြီး ကမကထပြု ဆောင်ရွက်သွားဖို့ရှိပါတယ်၊  ချင်းစစ်ဘေးရှောင်တွေအတွက် Chin IDPs Support Committee ကို ဖွဲ့ပြီး Committee မှတဆင့် လူသားချင်း စာနာထောက်ထားမှု အကူအညီပေးဖို့ စတင်နေပါပြီ။ တိုက်ပွဲကြောင့် လူမှုဒုက္ခခံစားနေကြရတဲ့ ဒေသခံ ချင်းပြည်သူများအတွက် လိုအပ်တဲ့ လူမှုကူညီထောက်ပံ့မှုနဲ့ ပြန်လည်နေရာချထားနိုင်ရေးတွေကို ချင်းပြည်နယ်အစိုးရ၊ ပြည်တွင်း/ပြည်ပရှိ ချင်းအမျိုးသားများ၊ အဖွဲ့အစည်းများ၊ လူမှုအဖွဲ့အစည်းများ၊ ဘာသာရေးအသင်းအဖွဲ့များအနေဖြင့် အမျိုးသားရေးတာဝန်တစ်ရပ်အနေနဲ့ ဆက်လက် တာဝန်ယူဆောင်ရွက်ပေးကြဖို့မေတ္တာရပ်ခံလိုပါတယ်။

မေး။    ။ ပလက်ဝမြို့နယ်အတွင်းမှာ စားနပ်ရိက္ခာသယ်ယူရေးပတ်သက်ပြီး တပ်မတော်က တားဆီးပိတ်ပင်တာတွေရှိတယ်။ နောက်တစ်ခုက လုံခြုံရေးစိုးရိမ်ရတဲ့အခြေအနေကြောင့်ဆိုပြီး စားနပ်ရိက္ခာမသယ်နိုင်ကြဘူး၊ တပ်မတော်ကိုလည်း ကြောက်ရတယ်၊ AA ကိုလည်း ကြောက်နေကြတဲ့ အခြေအနေဖြစ်နေပါတယ်၊ ဒီကိစ္စအပေါ် CNF အနေနဲ့ ပြည်သူလူထုရဲ့အခက်အခဲကို ဘယ်လိုမျိုး ကူညီဖြေရှင်းပေးနိုင်မလဲ။

ဖြေ။       ။ ဟုတ်ကဲ့၊ မိမိတို့အနေနဲ့ စစ်ဘေးရှောင်ပြည်သူတွေထံ လူမှုအကူအညီများ လုံလုံခြုံခြုံရောက်ရှိနိုင်အောင် ဆောင်ရွက်သွားမယ်။ ခုချိန်မှာ ငါတို့အစိုးရိမ်ဆုံးကတော့ စုပြုံနေတဲ့ စစ်ဘေးရှောင်တွေအကြား Covid – 19 ကူးစက်မှာကိုပဲ။ ဒီတော့ တပ်မတော်ဖြစ်ဖြစ်၊ AA ဖြစ်ဖြစ် မိမိစစ်ရေးလုံခြုံဖို့ထက် ဒေသခံပြည်သူရဲ့ လူမှုဒုက္ခကို အလေးထားဖို့ ပြောချင်တယ်။

မေး။    ။ တပ်မတော်အနေနဲ့ တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့တွေနဲ့ တိုက်ပွဲဖြစ်တဲ့အချိန်မှာ လေကြောင်းတိုက်ခိုက်မှုတွေ ခတ်စိတ်စိတ်ပြုလုပ်လာတဲ့အပေါ် CNF ရဲ့ သဘောထားက ဘယ်လိုရှိလဲ။

ဖြေ။       ။ မလုပ်သင့်ဘူး၊ လုပ်ချင်းလုပ်ယင် အရပ်ဖက်ပြည်သူတွေ ထိခိုက်မှုအနည်းဆုံးဖြစ်အောင် လုပ်သင့်တယ်။ ပြီးတော့ Geneva Convention အရ ပြည်သူတွေကိုလည်း လူသားဒိုင်းအဖြစ် အသုံးမချသင့်ဘူး။

မေး။    ။ နိုင်ငံတော်အစိုးရမှ AA ကို အကြမ်းဖက်အဖွဲ့၊ မတရားအသင်းအဖွဲ့လို့ ကြေညာလိုက်တဲ့အပေါ် CNF ရဲ့ သဘောထားကို သိချင်ပါတယ်။

ဖြေ။       ။ နိုင်ငံတော်အစိုးရရဲ့ အကြမ်းဖက်အဖွဲ့ဆိုင်ရာ၊ မတရားအသင်းဆိုင်ရာ သတ်မှတ်စံနဲ့ ဥပဒေကို ကျတော် သိပ်မသိဘူးခင်ဗျ၊ ဆရာတို့ သတင်းသမားတွေ ပိုသိမယ်နော်။

မေး။    ။ သတင်းမီဒီယာမှာ လုပ်ကိုင်နေကြတဲ့ အယ်ဒီတာချုပ် (၃) ဦးကို AA တပ်ဖွဲ့နဲ့ အင်တာဗျူးလုပ်တာကြောင့်ဆိုပြီး အကြမ်းဖက်မှု တိုက်ဖျက်ရေးဥပဒေနဲ့ တရားစွဲဖမ်းဆီးတဲ့အပေါ်မှာ CNF ရဲ့ သဘောထားသိချင်ပါတယ်။

ဖြေ။       ။ NLD အစိုးရလက်ထက်မှာ မတရားအသင်းဆက်သွယ်မှု၊ အကြမ်းဖက်မှု တိုက်ဖျက်ရေးဥပဒေနဲ့ငြိတယ်ဆိုပြီး သတင်းသမားတွေဖမ်းဆီးတာ၊ တရားစွဲတာတွေ များနေသလိုပဲ။ ပြောနိုင်တာကတော့ ဒီအစိုးရလက်ထက်မှာ မီဒီယာလွတ်လပ်ခွင့် ပိုမိုအားနည်းလာတယ်ဆိုတာပါပဲ။

Most read this week

December 23, 2024
ချင်းပြည်နယ် တောင်ပိုင်း၊ ကန်ပက်လက်မြို့ကို ချင်းတော်လှန်ရေးအင်အားစုများက...
December 20, 2024
ချင်းညီနောင်စစ်ဆင်ရေးများအဖြစ် ဖော်ဆောင်နေသည့် မင်းတပ်မြို့နှင့် ဖလမ်းမြို့များတွင်...
December 12, 2024
ချင်းပြည်နယ်၊ မင်းတပ်မြို့နှင့် ဖလမ်းမြို့သိမ်းတိုက်ပွဲများ ဖော်ဆောင်နေသည့်...
December 11, 2024
ချင်းပြည်အစိုးရပူးပေါင်းတပ်က သိမ်းထားသည့် ဟားခါးမြို့အနီးက Kiamtlang စခန်းကုန်းကို စစ်ကောင်စီက...