ဒုတိယကမ္ဘာစစ်အပြီးတွင် ကိုလိုနီနယ်ချဲ့များ၏ ဆုတ်ခွာမှုနှင့်အတူ လွတ်လပ်ရေးရရှိလာသော နိုင်ငံအများအပြားသည် နိုင်ငံတွင်း စုပြုံကျန်ရစ်သော တိုင်းရင်းသားလူမျိုးစုများ၊ ကွဲပြားသော ဘာသာရေး အုပ်စုများအား ပေါင်းစည်းရာတွင် ပြဿနာမျိုးစုံ ရင်ဆိုင်ရလျှက်ရှိသည်။
ပါကစ္စတန်နိုင်ငံသည် ၁၉၇၁ ခုနှစ်တွင် ပါကစ္စတန်နှင့် ဘင်္ဂလားဒေ့ရှ်အဖြစ် နှစ်နိုင်ငံ ကွဲသွားသည်။ အခြားနိုင်ငံအများအပြားသည်လည်း ဆူပူအုံကြွမှု၊ လက်နက်ကိုင်ပုန်ကန်မှုများနှင့်အတူ တိုက်ပွဲများဖြစ်ပွားသည်အထိ တွေ့ကြုံခဲ့၊ တွေ့ကြံုနေရဆဲဖြစ်သည်။ အချို့နိုင်ငံများတွင် အုပ်ချုပ်သူအစိုးရက အပစ်အခတ်ရပ်စဲပြီး ညှိနှိုင်းဆွေးနွေးမှုများ ရှိသလို အချို့နိုင်ငံများကမူ လက်နက်ကိုင်ပုန်ကန်သူများအား အင်အားသုံး ချေမှုန်းလျှက်ရှိသည်။
ကိုလိုနီခေတ်လွန်ကာလ အမျိုးသားစည်းလုံးညီညွတ်ရေး ပြဿနာ၏ အကြောင်းရင်းများသည် အတိတ်နှင့် ပစ္စုပ္ပန်ကာလရှိ အောက်ပါအချက်များပေါ်တွင် မူတည်လျက်ရှိသည်။
(၁) ဥရောပတိုက်သားများသည် အာရှနှင့် အာဖရိကရှိ ကိုလိုနီနယ်မြေများအား အဆင်ပြေသလို ပိုင်းဖြတ်အုပ်ချုပ်ခဲ့ကြသည်။ ၎င်း၏ ရလဒ်မှာ မတူကွဲပြားသော မျိုးနွယ်စုများသည် အချင်းချင်း စစ်မှန်သောစည်းလုံးညီညွတ်မှု မရှိကြဘဲ နိုင်ငံတစ်နိုင်ငံအတွင်း၌ စုပြုံ အုပ်စုဖွဲ့မိကြခြင်းဖြစ်သည်။
(၂) ကိုလိုနီအုပ်ချုပ်ရေးကာလတွင် လုပ်ပိုင်ခွင့်အာဏာသည် အုပ်ချုပ်သူလူတန်းစား၏ လက်ထဲတွင်သာ ရှိသဖြင့် သဘောထားကွဲလွဲမှုများနှင့် မတူညီမှုများအား ဖိနှိပ်ထိန်းချုပ်ထားနိုင်ခဲ့သည်။ ကိုလိုနီဘဝမှ လွတ်မြောက်လာပြီးနောက်တွင်မူ ဆက်ခံသည့်အစိုးရများသည် ၎င်းတို့နှင့်သဘောထားကွဲလွဲသော တိုင်းရင်းသားအုပ်စုများအား ဖိနှိပ်ထိန်းချုပ်နိုင်ခြင်း မရှိတော့ပေ။
(၃) ကိုလိုနီအုပ်ချုပ်မှုအောက်မှ လွတ်မြောက်လာသော နိုင်ငံများသည် အနောက်ကို အတုယူကာ ဒီမိုကရေစီစနစ်သို့ ပြောင်းလဲကျင့်သုံးခဲ့ကြသည်။ သို့သော် ဒီမိုကရေစီစနစ်သည် တိုင်းရင်းသားလူမျိုးစုများအား ၎င်းတို့၏ ရပိုင်ခွင့်များ၊ ဘာသာရေးလွတ်လပ်ခွင့်များကိုပါ သိနားလည်လာစေပြီး ထိုမှတစ်ဆင့် တောင်းဆိုမှုများ ထွက်ပေါ်စေခဲ့သည်။ ဒီမိုကရေစီစနစ်နှင့်အတူ အရေအတွက်သာလွန်ပြီး စီးပွားရေးတောင့်တင်းသော လူမျိုးစုများနှင့် ဘာသာရေးအုပ်စုများလည်း ပေါ်ထွက်လာကာ ထိုအုပ်စုများသည် ၎င်းတို့လက်ထဲသို့ ရောက်လာသော လုပ်ပိုင်ခွင့်အာဏာများ ဆက်လက်တည်မြဲအောင် ကြိုးစားခဲ့ကြသည်။ အာဏာခွဲဝေရေး မညီမျှမှုကြောင့် ကျန်အုပ်စုများသည်လည်း ဆင်းရဲချို့တဲ့မှုများသာ ခံစားလာကြရတော့သည်။
(၄) ကိုလိုနီဘဝမှ လွတ်မြောက်လာသောနိုင်ငံများသည် ပြည်တွင်းပြည်ပ ခြိမ်းခြောက်မှုများအား တွန်လှန်နိုင်ရန်အတွက် ညီညွတ်ပြီး ဗဟိုချုပ်ကိုင်မှုအားကောင်းသော နိုင်ငံတော်ဖြစ်လာအောင် တည်ဆောက်လိုခဲ့ကြသည်။ သို့သော်လည်း ထိုအခြေအနေသည် ဗဟိုချုပ်ကိုင်မှု ရရှိထားသော လူများစုနှင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့် ရယူလိုသော လူနည်းစုများအကြားတွင် ဆိုးဝါးသောတင်းမာမှုများသာ ဖန်တီးပေးခဲ့သည်။ အုပ်ချုပ်သူများ၏ “နိုင်ငံတော်” အပေါ် အဓိပ္ပာယ်ဖွင့်ဆိုချက် အယူအဆများသည်လည်း လူများစုတိုင်းရင်းသားအုပ်စု သို့မဟုတ် ဘာသာရေးအုပ်စု၏ ထင်မြင်ယူဆချက်များပေါ်တွင်သာ အခြေခံထားပြီး ကျန်တိုင်းရင်းသားအုပ်စုများ၏ ဆန္ဒသဘောထားများ မပါဝင်တော့ပေ။
လူများစုက ၎င်းတို့ရရှိထားသော လုပ်ပိုင်ခွင့်အား လူနည်းစုနှင့် မျှဝေရမည်ကို မလိုလားပေ။ သို့ဖြင့် လူနည်းစုအုပ်စုများသည် ဒုတိယတန်းစားနိုင်ငံသားအဖြစ်သို့ တဖြည်းဖြည်း ရောက်ရှိသွားကြရတော့သည်။ ထိုအခြေအနေသည် ငြိမ်းချမ်းစွာတောင်းဆိုမှုသို့ ဦးတည်သွားနိုင်သော်လည်း လက်နက်ကိုင်တောင်းဆိုသော ဖြစ်စဉ်များလည်း အများအပြား ပေါ်ထွက်လာစေခဲ့သည်။
မြန်မာနိုင်ငံမှ အာရကန်(ရခိုင်)လူမျိုးတို့၏ အရေး
ဗြိတိသျှကိုလိုနီအုပ်ချုပ်မှုအောက်မှ လွတ်မြောက်လာသည့် မြန်မာနိုင်ငံတွင်လည်း လူများစု ဗမာတိုင်းရင်းသားများအပြင် ကချင်၊ ကရင်၊ ရှမ်း၊ အာရကန် အပါအဝင် တိုင်းရင်းသားလက်နက်ကိုင်အုပ်စုများ အများအပြားရှိနေကြသည်။ နိုင်ငံအလယ်ပိုင်းနှင့် တောင်ပိုင်းတို့တွင် ဗမာတိုင်းရင်းသား အများစုနေထိုင်ကြပြီး ကျန်တိုင်းရင်းသားများမှာ များသောအားဖြင့် နိုင်ငံမြောက်ပိုင်းနှင့် အရှေ့ပိုင်းတွင် နေထိုင်ကြသည်။
မတ်လအစောပိုင်းတွင် အာရကန်တပ်မတော် (အေအေ) နှင့် အစိုးရတပ်အကြား ဖြစ်ပွားသည့် တိုက်ပွဲများကြောင့် သုံးရက်အတွင်း အရပ်သား ၂၁ ဦး သေဆုံးခဲ့ရသည်။ ချင်းပြည်နယ် ပလက်ဝမြို့နယ်တစ်ဝိုက် အပါအဝင် ရခိုင်ပြည်နယ်မြောက်ပိုင်းတွင် အေအေနှင့် မြန်မာ့တပ်မတော်တို့၏ တိုက်ပွဲများကြောင့် နေရပ်စွန့်ခွာ ထွက်ပြေးနေရသူနှင့် သေဆုံးသူဦးရေ အများအပြား ရှိနေပြီဖြစ်သည်။ အေအေ အင်အားကြီးထွားလာသည်နှင့်အမျှ မြန်မာ့တပ်မတော်ကလည်း အေအေကို ချေမှုန်းရန် လက်နက်ကြီးများအသုံးပြုသလို လေကြောင်းတိုက်ခိုက်မှုများလည်း အများအပြားရှိလာသည်။ ထိုအချက်ကြောင့်ပင် ပျက်စီးဆုံးရှုံးမှုများ၊ အသေအပျောက်များ များပြားလာရခြင်းဖြစ်သည်။
အေအေကို ကချင်လွတ်မြောက်ရေးတပ်မတော် (ကေအိုင်အေ) က လေ့ကျင့်ပျိုးထောင်ပေးခဲ့သည်။ ကေအိုင်အေ သည် မြန်မာစစ်တပ်ကို တွန်းလှန်တိုက်ပွဲဝင်နေသည့် အကြီးဆုံးတိုင်းရင်းသားလက်နက်ကိုင် တပ်ဖွဲ့များထဲမှ တစ်ခုဖြစ်သည်။ အေအေသည် မြောက်ပိုင်းမဟာမိတ်တပ်ဖွဲ့ဝင်လည်း ဖြစ်ပြီး ကေအိုင်အေ နှင့် လက်တွဲ၍ မြန်မာစစ်တပ်အား ၂၀၁၆ နှောင်းပိုင်းကာလများတည်းက ရင်ဆိုင်တိုက်ခိုက်လာခဲ့ခြင်းဖြစ်သည်။
ရခိုင်မြောက်ပိုင်းတွင် ရှိသော နောက်ထပ်လက်နက်ကိုင်အဖွဲ့တစ်ဖွဲ့မှာ အာဆာ (ARSA) ခေါ် အာရကန်ရိုဟင်ဂျာကယ်တင်ရေးတပ် ဖြစ်သည်။ အေအေနှင့် မြောက်ပိုင်းမဟာမိတ်အုပ်စုမှာ တရုတ်၏အထောက်အပံ့ကို ရရှိသော်လည်း အာဆာမှာ ပြည်ပအထောက်အပံ့မရှိပေ။ မြန်မာအစိုးရသည် အေအေအရေးကို တရုတ်နှင့် ဆွေးနွေးလိုသော်လည်း မွတ်ဆလင်အရေးကို ကိုင်တွယ်မှုကြောင့် ကမ္ဘာ့အလယ်တွင် မျက်နှာပန်းမလှသော မြန်မာအစိုးရအား တရုတ်က ထောက်ခံပေးထားမှုကြောင့် ဆွေးနွေးရန် အခွင့်မသာဖြစ်နေရသည်။
အေအေက ထုတ်ပြန်ထားသည့် ဗီဒီယိုဖိုင်တစ်ခုတွင် တွေ့ရသည့် တပ်ဖွဲ့ဝင်များ။ (ဓာတ်ပုံ - AA Info Desk)
အာရကန်တို့၏ နာကြည်းချက်
အာရကန်လူမျိုးတို့သည် ဗမာလူမျိုးများထံတွင် အမြတ်ထုတ်ခံနေရသည် ဆိုသည့် ခံစားချက်များရှိကြကြောင်း အစီရင်ခံစာ အများအပြားတွင် ဖော်ပြထားသည်။ လောင်စာဆီနှင့် သဘာဝအရင်းအမြစ်များ ကြွယ်ဝသည့်အပြင် တရုတ်၏ ရပ်ဝန်းနှင့်လမ်းစီမံကိန်းအတွက်လည်း အရေးပါသောနေရာတွင် တည်ရှိနေသည့် အာရကန်ဒေသ (ယခုအခေါ် ရခိုင်) သည် မြန်မာနိုင်ငံတွင် အဆင်းရဲဆုံးဒေသများထဲမှ တစ်ခုဖြစ်နေဆဲရှိသည်။ ကမ္ဘာ့ဘဏ်၏ ထုတ်ပြန်ချက်အရ ဆိုလျှင် ရခိုင်တွင် တစ်နှစ်ပတ်လုံး ကောင်းမွန်သောသောက်သုံးရေ ရရှိသည့် အိမ်ထောင်စုပေါင်း ၁၇ ရာခိုင်နှုန်းသာရှိသည်။ မြန်မာနိုင်ငံရှိ အခြားနေရာများနှင့် နှိုင်းယှဉ်လျှင် အလွန်နိမ့်ပါးနေသေးသည့် ပမာဏဖြစ်သည်။ သန့်ရှင်းသောအိမ်သာစနစ် မရှိသော အိမ်ထောင်စုပေါင်း ၃၀၀,၀၀၀ နီးပါးရှိသည်။
ရခိုင်သည် သမိုင်းတွင် လွတ်လပ်သော ဘုရင့်နိုင်ငံတော်တစ်ခု ဖြစ်ခဲ့သည်။ ဤဒေသအား ၁၈ ရာစုတွင် ဗမာတို့ တိုက်ခိုက်သိမ်းပိုက်ခဲ့သည်။ ထိုကဲ့သို့သိမ်းပိုက်ခံရမှုအတွက် ဝမ်းနည်းသည့်အထိမ်းအမှတ်ပွဲ ကျင်းပရာတွင်လည်း အာရကန်အမျိုးသားပါတီ (ရခိုင်အမျိုးသားပါတီ - ANP) ဥက္ကဌသည် ဖမ်းဆီးခံရပြီး နိုင်ငံတော်သစ္စာဖောက်မှုဖြင့် စွဲချက်တင်ကာ အကျဉ်းချခံခဲ့ရသည်။
အာရကန်တပ် (အေအေ) အကြီးအကဲ ဗိုလ်ချုပ်ထွန်းမြတ်နိုင်ကမူ ဒေသခံသတင်းဌာနတစ်ခုဖြစ်သည့် ဧရာဝတီ နှင့် အင်တာဗျူးတစ်ခု၌ “ရခိုင်ပြည်မှာ ကိုယ်ပိုင်စစ်တပ်ရှိရမယ်” ဟု ထုတ်ဖော်ပြောကြားထားသည်။ ရခိုင်တိုင်းရင်းသားများ လွတ်မြောက်ရေးအတွက် ရခိုင်လက်နက်ကိုင်တပ် ရှိလာခြင်းဖြစ်ကြောင်း ၎င်းကဆိုသည်။
အေအေ၏ ပြောခွင့်ရပုဂ္ဂိုလ် ခိုင်သုခကလည်း “ဒါက ကျွန်တော်တို့ရဲ့နယ်မြေပဲ။ မြန်မာတွေ သူ့နေရာသူပြန်သွားရင် ဘာတိုက်ပွဲမှ ထပ်ဖြစ်စရာအကြောင်းမရှိဘူးဟု” အင်တာဗျူးတစ်ခုတွင် ဖြေကြားခဲ့သည်။
အာရကန်လူမျိုးတို့ လက်နက်ကိုင်တော်လှန်လာခြင်းသည် ဗမာအများစုကြီးစိုးထားသည့် တပ်မတော်အတွက်လည်း ခေါင်းခဲစရာတစ်ခု ဖြစ်သည်။ တပ်မတော်အတွက် ပို၍သတိထားစရာ ဖြစ်လာသည်မှာ အေအေနှင့် ကေအိုင်အေတို့ မဟာမိတ်အဖြစ် တည်ရှိနေမှုဖြစ်သည်။ မြန်မာသမိုင်းပညာရှင် သန့်မြင့်ဦးကလည်း အေအေ ထွက်ပေါ်လာမှုသည် မြန်မာ့သမိုင်းတွင် အကြီးဆုံး လက်နက်ကိုင်ပဋိပက္ခများထဲမှ တစ်ခုဖြစ်ပြီး စနစ်အပေါ် ကြီးမားစွာရိုက်ခတ်မှုရှိကြောင်း ပြောကြားသည်။
အာရကန် ခေါ် ရခိုင်သည် မြန်မာနိုင်ငံတွင် အစိုးရက ဒေသခံတိုင်းရင်းသားအဖြစ် တရားဝင်အသိအမှတ်ပြုထားသော လူမျိုးစုတစ်ခုဖြစ်သည်။ ကချင်နှင့် ရှမ်းတို့ကဲ့သို့ပင် ရခိုင်တို့သည်လည်း ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်နှင့် လွတ်လပ်ရေးကို လိုလားကြသည်။ ရခိုင်တို့သည် ၁၇၈၄ အထိ တည်ရှိခဲ့သည့် ၎င်းတို့၏လွတ်လပ်သောနယ်မြေကို ပြန်လည်ထူထောင်လိုကြသလို မြန်မာမင်းက သိမ်းပိုက်ယူဆောင်သွားသည့် မဟာမုနိဆင်းတုတော်ကိုလည်း အမှတ်ရနေကြဆဲဖြစ်သည်။
ရခိုင်ဒေတွင် တရုတ်၏ရင်းနှီးမြှုပ်နှံမှု အများအပြားရှိသည်။ ရခိုင်ဒေသခံများကလည်း ဒေသဖွံ့ဖြိုးရေး၏ အသီးအပွင့်ကို တစိတ်တစ်ပိုင်း ခံစားလိုသောဆန္ဒရှိနေကြသည်။ ရခိုင်ပြည်နယ်လွှတ်တော်သည် ဗဟိုအစိုးရအပေါ် လွှမ်းမိုးနိုင်ခြင်းမရှိပေ။ ထိုကဲ့သို့သော အချက်များသည်ပင် အေအေ၏ “ရက္ခိတလမ်းစဉ်” နှင့် “Arakan Dream 2020” အပေါ် ရခိုင်လူထု၏တိမ်းညွတ်မှု ပိုမိုမြင့်တက်လာအောင် ဖန်တီးသကဲ့သို့ ရှိနေခြင်း ဖြစ်လေသည်။
စောသန္တာအေး
(Daily Mirror သတင်းဌာနတွင် ဖော်ပြထားသော Roots of unrest in ethnically diverse post-colonial countries ဆောင်းပါးကို ဆီလျော်အောင် ကောက်နုတ်ပြန်ဆိုပါသည်။)
မှတ်ချက် ။ ။ ဆောင်းပါးတွင် ဖော်ပြထားသော အချက်အလက်နှင့် အသုံးအနှုန်းများသည် မူရင်းဆောင်းပါးရှင်၏ အာဘော်သာဖြစ်ပြီး DMG သတင်းဌာန၏အာဘော် မဟုတ်ကြောင်း အသိပေးအပ်ပါသည်။