ယနေ့မြန်မာနိုင်ငံသည် ယခင်ကလို မဟုတ်တော့ပေ။ နိုင်ငံရေးစနစ်သည်လည်း ဒီမိုကရေစီဘက်သို့ တဖြည်းဖြည်း ကူးပြောင်းလို့လာခဲ့သည်။
လူမျိုးတိုင်းသည် မိမိတို့၏ ရသင့်ရထိုက်သော အခွင့်အရေးတွေကို တောင်းဆိုလာကြသည်။ နှစ်ပေါင်း ငါးဆယ်၊ ခြောက်ဆယ် ဖိနှိပ်ခံရမှု၏ ပြယုဂ်ပင်ဖြစ်သည်။ ဆန္ဒပြ တောင်း ဆိုကြသည်။ ဆွေးနွေးခြင်းဖြင့်လည်း အဖြေရှာကြသည်။ စာရေးသားခြင်းဖြင့်လည်း တင်ပြကြသည်။ တချို့လည်း ဆွေးနွေးပွဲကို အယုံအကြည်မရှိဘဲ လက်နက်ကိုင်ကာ တိုက်ပွဲဝင် နေကြတုန်းပင် ရှိသေးသည်။ ငြိမ်းချမ်းရေးသည် နီးတော့မလိုလိုနှင့် ဝေးလာနေပြီလားဟု တွေးမိသည်။
၂၁ရာစုထဲသို့ ရောက်လာသည်နှင့် စစ်ပွဲသည် မရှိသင့်တော့ပေ။ ပညာခေတ်သို့ ရောက်လာသည်။ ပညာ ခေတ်တွင် မိမိဖြစ်လိုသည်များကို ပညာရှိပီပီ ဆွေးနွေးခြင်းဖြင့် အဖြေရှာဖွေလာကြသည်။ အနိုင်အထက် ပြုကျင့်မှုသည် လူသားမဆန်တော့ပေ။ ကမ္ဘာဦးလူသားတို့၏ အရိုင်းအစိုင်း လုပ်ရပ်ပင် ဖြစ်သည်။ တရားမျှတမှုကိုရရှိရန် စားပွဲဝိုင်းတွင် ဆွေးနွေးလာကြသည်။
နှစ်ဖက်စလုံး ပျက်စီးနစ်နာ မှုတွေကို ရှောင်ကြဉ်လာကြသည်။ ပညာအစွမ်းပြ၍ စားပွဲဝိုင်းစစ်ပွဲကို ခင်းကျင်းလာကြသည်။ နှစ်ဦးနှစ်ဖက် အရှည်ကိုကြည့်လျက် ငြိမ်းချမ်းမှုကို ဆောင်ရွက်လာကြသည်။ ပညာခေတ်တွင် ပညာကို အသုံးမချတတ်ပါက ပညာတတ်သည့် နိုင်ငံများက မိမိနိုင်ငံကို ဝါးမျိုသွားလိမ့်မည်။ စစ်တိုက်၍ဝါးမျိုမည် မဟုတ်ပေ။
ပညာဖြင့် ဝါးမျိုပြီး တပါးသူ ဩဇာခံ ဖြစ်သွားလိမ့်မည်။ စိတ်ကောင်း စေတနာကောင်း ရှိသော သူတို့သည် ညီတူညီမျှ ခွဲဝေပေးကြ၍ တရားမျှတမှုကို လိုလားကြသည်။ သို့သော်လည်း ကမ္ဘာကို ဗိုလ်ကျ စိုးမိုးလိုသည့် နိုင်ငံများလည်း ရှိနေသလို လူမျိုးတစ်မျိုးနှင့်တစ်မျိုး ဗိုလ်ကျလိုမှုများလည်း ရှိနေသေးသည်ကို တွေ့ရသည်။
လောက၌ တည်ငြိမ်အေးချမ်းခြင်း (သို့) ငြိမ်းချမ်းခြင်းကို လူတိုင်းလိုချင်ကြသည်။ ငြိမ်းချမ်းခြင်း သည် လူသားတို့၏ ကိုယ်စိတ်ချမ်းသာမှုကို ရရှိစေပါသည်။ ငြိမ်းချမ်းခြင်းမရှိပါလျှင် မိမိတို့၏မိသားစု၊ ပတ်ဝန်းကျင်၊ ကျေးရွာဒေသ၊ မြို့နယ်နှင့် တိုင်းနိုင်ငံတို့သည် မည်သည့်အခါမှ တိုးတက်မှုနှင့် နီး လာမည် မဟုတ်ဘဲ ဝေးနေဦးမည်သာဖြစ်သည်။ လောက၌ တရားမျှတမှုမရှိသရွေ့ တစ်ဦးနှင့်တစ်ဦး ညှင်းဆဲသတ်ဖြတ်မှု၊ အနိုင်အထက်ပြုလိုမှု၊
စစ်ခင်းပြီးတွန်းလှန်တိုက်ခိုက်မှုများသည် ဖြစ်ပေါ် လာရစမြဲပင်ဖြစ်သည်။
ထိုအခါ တရားမျှတမှုသည် လိုအပ်လာသလို ငြိမ်းချမ်းရေးသည်လည်း လိုအပ် လာတော့၏။
စစ်ပွဲဟူသည် အကြောင်းမရှိဘဲ ဖြစ်ပေါ်လာစရာ အကြောင်းမရှိချေ။ မည်သည့်စစ်ပွဲမဆို အကြောင်းတရားရှိခြင်းကြောင့်သာလျှင် စစ်ပွဲ ဖြစ်လာခဲ့ရသည်။ စစ်ပွဲတွင် ပြည်သူများသည် မြေဇာပင်ဖြစ်ခဲ့ကြရသည်။ သေကြေပျက်စီးကြရပြီး အတိဒုက္ခရောက် ကြရသည်။ တိုင်းပြည်၏ သားကောင်းရတနာ နှစ်ဖက်စစ်သားများသည်လည်း အသက်ပေါင်းများ စွာစွန့်လွတ်သေဆုံးကြရသည်။ စစ်ပွဲကို မည်သည့် လူမျိုးမှ မနှစ်သက်ကြပေ။
ထိုအခါ စစ်ပွဲဖြစ်ရသည့် အကြောင်းရင်းကို ရှာဖွေပြီးခေတ်အဆက်ဆက်သော လူသားတို့သည် ငြိမ်းချမ်းရေးကို ကြိုးပမ်းလုပ်ဆောင်ခဲ့ကြလေသည်။ ရာသက်ပန်မငြိမ်းချမ်းဘဲ ထာဝရ စစ်ပွဲ ဖြစ်ရသည့်ထုံးစံ မရှိချေ။ ပထမကမ္ဘာစစ်၊ ဒုတိယကမ္ဘာစစ်တို့ ပေါ်ပေါက်ခဲ့သော်လည်း ငြိမ်း ချမ်းမှုကိုပင် ရရှိစေခဲ့ပါသည်။
မည်သည့်ဒေသမဆို ကမ္ဘာစစ်၊ ပြည်တွင်းစစ်များ မည်သို့ပင်ဖြစ်ပါစေ၊ အချိန်တစ်ခုအတွင်း၌ ငြိမ်းချမ်းရေးရရှိသွားကြလေသည်။ ပညာရှင်များက ‘စစ်ပွဲသည် ရေရှည်စစ်ပွဲ ဖြစ်နေပါလျှင် စစ်ပွဲမဟုတ်တော့ဘဲ မိမိ၏အကျိုးစီးပွား ဖြစ်လာတတ်သည်’ဟု ဆိုကြလေ့ရှိသည်။
ပြည်ပနိုင်ငံများတွင် စစ်ပွဲသည်မကြာခဏ ဖြစ်ပေါ်လျက်ရှိခဲ့သည်ကို တွေ့ဘူးကြပေလိမ့်မည်။ မည်သို့ပင်စစ်ပွဲဖြစ်ပါစေ၊ စစ်ပွဲ၏နောက်ကွယ်တွင် ငြိမ်းချမ်းရေးအရုဏ်ဦးသည် ပေါ်ထွက်လာစမြဲပင် ဖြစ်သည်။ မြန်မာနိုင်ငံတွင် စစ်ပွဲသည် နှစ်ပေါင်း ခုနစ်ဆယ်ကျော်၍ တစ်ရာပင် ပြည့်တော့မည်။ ငြိမ်း ချမ်းရေးသည် အပြီးပြတ်ပေါ်ပေါက်လာခြင်းမရှိဘဲ ရောင်ခြည်သန်းရုံပင်ရှိပြီး နှင်းထုတွေက ဖုံးအုပ်ထားလျက်ရှိသည်။ စစ်ပွဲခဏရပ်လိုက် ပြန်ဖြစ်လိုက်နှင့် မဆုံးနိုင်သော စစ်ပွဲသံသရာအတွင်း ရုန်းမထွက်နိုင် ကြရှာဘဲ အစိုးရအဖွဲ့တစ်ဖွဲ့ပြီးတစ်ဖွဲ့သာ ပြောင်းသွားကြသည်။ မြေပြင်စစ်ပွဲမှာတော့ အပြီးပိုင်ပြောင်းလွဲခြင်းမရှိသေးဘဲ တစ်နေရာမဟုတ် တစ်နေရာ စစ်ပွဲက အစွမ်းပြနေကြတုန်းပင် ရှိသေးသည်။
လွတ်လပ်ရေးရခါစ ပါလီမန်ဒီမိုကရေစီခေတ်၊ အိမ်စောင့်အစိုးရခေတ်၊ တော်လှန်ရေးကောင်စီခေတ်၊ မြန်မာဆိုရှယ်လစ်လမ်းစဉ်ပါတီခေတ်၊ နိုင်ငံတော် ငြိမ်ဝပ်ပိပြားမှုတည်ဆောက်ရေးခေတ်၊ နိုင်ငံတော် ဖွံ့ဖြိုးတိုးတက်ရေးနှင့် အေးချမ်းသာယာရေးခေတ်၊ ယခု ပါတီစုံဒီမိုကရေစီခေတ် စသောခေတ်စနစ် တွေ အမျိုးမျိုး၊ အစိုးရအမျိုးမျိုး ပြောင်းသွားခဲ့ကြသည်။ ရပ်စဲမှုမရှိသော စစ်ပွဲနေမင်းကြီးက အပူ ပြင်းနေဆဲပင် ဖြစ်သည်။ သို့အတွက်ကြောင့် တစ်ခုခုမှားယွင်းမှု ရှိနေပြီဟု ဆိုရပါမည်။
တချို့အသက်ငယ် အသက်ကြီးသူတွေလည်း စစ်ကြောင့်ပြေးလွှားကြရင်း သေကုန်ကြပြီး။ တချို့ လည်း ခြေပြတ်လက်ပြတ်ဖြင့်ရှင်သန်လျက် ဘဝ ဒုက္ခတွေကို ရင်ဝယ်ပိုက်ကာ နေကြရရှာသည်။ နယ်စပ်ရှိ နိုင်ငံသူနိုင်ငံသားတို့သည် စစ်ကြောင့် ဒုတိယနိုင်ငံ၊ တတိယနိုင်ငံသို့လည်း ရွှေ့ပြောင်းသွား ကုန်ကြပြီ။ အဘယ်မျှ ဝမ်းနည်းစရာ ကောင်းသနည်း။
ခေတ်အဆက်ဆက် ကျင့်သုံးခဲ့သော စနစ်၏မှန်ကန်မှု မရှိခြင်းကို ဖော်ပြလို့နေသည်။ ကမ္ဘာနှင့်ယှဉ် ကြည့်လျှင် ရှက်စရာပင်ကောင်းလှ ပေသည်။
မိမိတို့၏ သားစဉ်မြေးဆက်မြစ်များက စစ်ပွဲ၏ ဒဏ်ကို ဆက်လက်ပြီး ခံစားနေရ ဆဲပင်ဖြစ်သည်။ မြန်မာ နိုင်ငံသည် စစ်ပွဲကျိန်စာများမိနေသလား တွေးမိသည်။
ထို့ကြောင့် ဗိုလ်ချုပ်ကျော်ဇောက ‘ကျွန်တော်တို့ တိုင်းပြည်၏ ပြည်တွင်းစစ်ကြီးအပေါ် ပြန်ဆင် ခြင်တွေးတောမိပြီး များစွာရင်နာ စိတ်မကောင်း ဖြစ်မိပါသည်။ ကျွန်တော်သည် နောက်ကြောင်း ဖြစ် ရပ်တွေကို ပြန်စဉ်းစားပြီး များစွာလည်း စိတ်ထိခိုက် မိသည်။
ပြည်တွင်းစစ်ကြီးအတွင်းမှာ တချိန်က ဗမာ့လွတ်လပ်ရေးအတွက် အတူတိုက်ပွဲ ဝင်လာခဲ့ကြသူများ အချင်းချင်းအကြား ပြန်လည် တိုက်ခိုက်ကြရပြီး ဗမာ့သားကောင်း သမီးကောင်း မြောက်မြားစွာ သေကြေခဲ့ကြရပေသည်။ ဤတိုင်းပြည်အတွက် နှမြောတသစရာ ဆုံးရှုံးမှုကြီးပင်ဖြစ်သည်။ အချင်းချင်းကြား မတိုက်ကြရဘဲ မသေဆုံးကုန်ကြဘဲ အားလုံးတိုင်းပြည် ပြန်လည်ထူထောင်ရေး တည်ဆောက် ရေးများမှာသာ ဝိုင်းအလုပ်လုပ်ကြမည်ဆိုလျှင် တိုင်းပြည်အတွက် ဘယ်လောက် ကောင်းလိုက်မလဲ ဟုလည်း ယူဆစဉ်းစားနေမိသည်။
ပြည်တွင်းစစ်သည် ကျွန်တော်တို့ တိုင်းပြည်တိုးတက်ရေးအတွက် အနှောင့်အယှက်ဖြစ်ခဲ့သော အကြောင်းဆိုးကြီး ဖြစ်ခဲ့သည်’ဟု သူ၏ကိုယ်ရေးစာအုပ်၌ ပြည်တွင်း စစ်နှင့် ပတ်သက်၍ သံဝေဂရစရာ အဖြစ်ရေးသားခဲ့သည်။
မြန်မာနိုင်ငံ၏ ပြည်တွင်းစစ်သည် အိမ်နီးနား ချင်းနိုင်ငံနှင့် ယှဉ်ကြည့်သင့်ပေသည်။ အိန္ဒိယနိုင်ငံတွင် စစ်ပွဲအနည်းငယ် ပေါ်ပေါက်ခဲ့သော်လည်း ငြိမ်းချမ်းရေးသည် ရရှိသွားလေ့ရှိသည်။ အိန္ဒိယနှင့် ပါကစ္စတန်သည်ပင် ယခင်ကမကြာခဏ စစ်ပွဲဖြစ်ခဲ့ဘူးပါသည်။ သို့သော် စစ်ပြေငြိမ်းသွားလျက်ရှိ သည်။ နှစ်ပေါင်းများစွာ စစ်ပွဲများဖြစ်ပွားခြင်း မရှိခဲ့ပေ။ တစ်ဖက်နှင့် တစ်ဖက်သီးခံခြင်း၊ ခွင့်လွတ်ခြင်း တရားများကိုလက်ကိုင်ထားပြီး စစ်ပွဲကြီး မပေါ်ပေါက်ရန် ထိန်းသိမ်းတားဆီးလျက် နေထိုင်ခဲ့ကြ သည်။
မြောက်နှင့် တောင်ကိုးရီယားသည်လည်း စစ်ပွဲပြီးဆုံးခြင်း မရှိသေးဟုဆိုကြသော်လည်း ယနေ့ထိစစ်ပွဲက ပြန်လည်ပေါ်ပေါက်လာခြင်း မရှိသည်ကို တွေ့ရလေသည်။ ထိခိုက်နစ်နာမှု၊ သေ ကြေပျက်စီးမှုများကို ရှောင်ရှားခဲ့ကြသည်။
၂၀၁၉ ခုနှစ် မကုန်မီအချိန်တွင် အိန္ဒိယနယ်စပ်ရှိ လက်နက်ကိုင် ထကြွတော်လှန်နေသော အိန္ဒိယ နာဂလူမျိုး သူပုန်သည် အိန္ဒိယအစိုးရနှင့် ငြိမ်းချမ်းရေး ရရှိခဲ့ပြီးဖြစ်သည်။ အင်အားကြီးမားသော အိန္ဒိယအစိုးရသည်ပင် အင်အားနည်းသော နာဂသူပုန်ကို နားလည်ခြင်း၊ ခွင့်လွတ်ခြင်းဖြင့် လိုက် လျောခဲ့၍ ငြိမ်းချမ်းရေး ရရှိခဲ့ခြင်းဖြစ်သည်ဟု ဆိုနိုင်ပါသည်။
အိန္ဒိယပြည်တွင်းစစ်၌ ငြိမ်းချမ်းရေး ရရှိခဲ့သော်လည်း မြန်မာနိုင်ငံ ပြည်တွင်းစစ်သည် ယခုထိ ငြိမ်းချမ်းရေး မရသေးချေ။ အိန္ဒိယနှင့် မည်သို့ ကွာခြားပါသနည်း။ အိန္ဒိယနိုင်ငံသည် ဖက်ဒရယ်ပြည်ထောင်စုကို ကျင့်သုံးလာခဲ့ကြသည် မဟုတ်ပါလား။ မြန်မာနိုင်ငံသည် လွတ်လပ်ရေးရကတည်းက ဘာကြောင့် ဖက်ဒရယ်ပြည်ထောင်စုကို မကျင့်သုံးခဲ့ကြသနည်း။ တစ်ပြည်ထောင်စနစ်နှင့် ပြည်ထောင်စုစနစ်ကို ခွဲခြားပြီးမသိခဲ့လေသလား စဉ်းစားစရာတွေက များစွာပင်တည်း။
တရားမျှတစွာ တိုင်းရင်းသားများနှင့် ပြည်မအစိုးရ ခေတ်အဆက်ဆက် ညီတူညီမျှစွာ မျှဝေကြပြီး ဘာ့ကြောင့် မပြုလုပ်နိုင်ခဲ့ကြပါသနည်း။
မြန်မာနိုင်ငံသည် လွတ်လပ်ရေးရခါစ ဆယ်နှစ်ကျော်ကျော် အတွင်းတွင် ဖွံ့ဖြိုးတိုးတက်လာခဲ့သည်မှာ အားလုံး အသိပင်ဖြစ်သည်။ သို့သော် ခြောက်ဆယ့်နှစ်ခု နောက်ပိုင်းတွင် ကျဆင်းလာခဲ့သည်။ လွတ်လပ်ရေးရရှိကာစ အချိန်ကဲ့သို့ ပညာရေး၊ စီးပွားရေး စသည်တို့မှာ ပြန်လည် ဦးမော့လာနိုင်ခြင်း မရှိတော့ပေ။ အဆက်မပြတ် ကျဆင်းလာခဲ့သည်။
ပြန်လည်ဖွံ့ဖြိုး တိုးတက်ရန် ပညာရှင်များလည်း ကူညီကယ်မလို့ မရတော့ဘဲ နောက်ဆုံးတွင် အဆင်းရဲဆုံး တိုင်းပြည် စာရင်းထဲ ဝင်သွားလေသည်။
သင်ခန်းစာများစွာ ရရှိသင့်ပြီ။ ထို့ကြောင့် မြန်မာနိုင်ငံသားများသည် နေ့စဉ်နှင့်အမျှ စီးပွားရေး အဆင်ပြေသော အိမ်နီးနားချင်းနိုင်ငံများသို့ သွားရောက်အလုပ် လုပ်နေကြ ရသဖြင့် ဒုက္ခပေါင်းစုံ ဝမ်းနည်းစွာဖြင့် ခံစားကြရ သည်။ စစ်ပွဲတွေရပ်လျက် တစ်ဖွဲ့နှင့်တစ်ဖွဲ့ ထာဝရ ငြိမ်းချမ်းရေး ရသင့်ပေသည်။
နိုင်ငံတော်သီချင်းတွင် တွေ့ကြုံညီမျှ ဝါဒတူယှဉ်ခဲ့ပေ ဒို့ပြေဟု နေ့စဉ်နှင့်အမျှ ငယ်စဉ်ကတည်းက သီဆိုလာခဲ့ကြရသည်။ အဘယ်ကြောင့် ယနေ့အထိ တွေ့ကြုံညီမျှ ဝါဒတွေမတူညီဘဲ ပဋိပက္ခ အသွင်တွေ ဖြစ်နေကြရပါသနည်း။
စင်စစ်မှာမူ မြန်မာနိုင်ငံသည် ဗုဒ္ဓဘာသာနိုင်ငံဟု ကြွေးကြော် ထားကြပြီး တစ်ဦး နှင့်တစ်ဦး၊ တစ်ဖွဲ့နှင့်တစ်ဖွဲ့ အဘယ့်ကြောင့် အတ္တ ဝါဒကြီးစိုး လွှမ်းမိုးခြင်းကို ကျင့်သုံးနေကြပါသနည်း။ တစ်ဦးနှင့်တစ်ဦး တစ်ဖွဲ့နှင့်တစ်ဖွဲ့ အဘယ့်ကြောင့် အကြင်နာ မေတ္တာ တရား ကင်းမဲ့လာကြပါသနည်း။
စဉ်းစားမိလေ အဖြေကဖြေရ ကြပ်လေဖြစ်နေသည်။ မိမိတို့၏ လောဘမာနအတ္တ ကြီးစိုးလွှမ်းမိုးနေသမျှ ကာလပတ်လုံး နိုင်ငံတော်သည် တိုးတက်ရန် အကြောင်း မရှိချေ။
ဗုဒ္ဓခေတ်က အိန္ဒိယနိုင်ငံတွင် စစ်ရေးပြင်ဆင်နေသည့် မိမိဆွေတော်မျိုးတော်ဆီသို့ ကြွရောက်ပြီး တရားဟောခဲ့သည်။ ရေလုပွဲတွင် ရေနှင့် မိမိတို့ လူမျိုး၏ အသက်သည် မည်သူက တန်ဖိုးရှိသနည်း။ အစရှိသော တရားတော်ကို ဟောပြောပြီးလယ်ယာ၌ သွင်းယူကြသောရေကို အညီအမျှ ခွဲဝေကာ ငြိမ်း ချမ်းရေးကို ရရှိစေခဲ့သည်။ မြန်မာနိုင်ငံတွင်တိုင်းရင်းသား ညီအစ်ကိုမောင်နှမများသည် အေးအ တူပူအမျှ အတူတကွ နေထိုင်လာခဲ့ကြသည် မဟုတ်ပါလော။ မိမိတို့နယ်မြေဒေသအပါအဝင် မြေပေါ်မြေအောက် သယံဇာတများကို မြန်မာတိုင်းရင်းသားအားလုံး အညီအမျှအဘယ့်ကြောင့် မခွဲဝေနိုင်ကြသနည်း။ အုပ်ချုပ်ရေးအပါအဝင် အခြားသော ကိစ္စရပ်များကို အညီအမျှခွဲဝေ ကျင့်သုံး နိုင်ပါလျှင် ညီအစ်ကို အချင်းချင်း ညီညွှတ်မှုရရှိနိုင်မည်ဖြစ်သလို ငြိမ်းချမ်းရေးသည်လည်း မလွဲမသွေ ရရှိစေနိုင်မည် ဖြစ်သည်။
မည်သည့်ဘာသာဝင်များပင်ဖြစ်ပါစေ၊ တရား သဘောအရ မည်သည့်လူမျိုးမှ မိမိပိုင်ဆိုင်ပါသည် ဆိုသော အိုးအိမ်တိုက်တာ မြေယာနိုင်ငံတို့သည် သေသွားသည့်အခါ ယူဆောင်လို့ ရမည်မဟုတ်ချေ။ ယူဆောင်လို့ မရသည့်ပစ္စည်းတွေကို မြန်မာတိုင်းရင်းသားအချင်းချင်း ညီတူညီမျှ ခွဲဝေသုံး ဆောင်သင့်ပါသည်။ ၂၀၂၀ ပြည့်တွင် ထာဝရငြိမ်းချမ်းရေးကို ရရှိအောင်ကြိုးပမ်းနိုင်ကြပါလျှင် မြန်မာနိုင်ငံ၏ ကောင်းမြတ်သော ငြိမ်းချမ်းရေးသမိုင်းသစ်တစ်ခုကို ကမ္ဗည်းထိုးကျန်ရစ်ခဲ့မည် ဖြစ်သည်။
တကယ်တော့ မြန်မာနိုင်ငံသည် အနောက်ဥရောပ နိုင်ငံများ၏ နိုင်ငံရေးနည်းနာတွေကို ယူသည်ဖြစ်စေ၊ မယူသည်ဖြစ်စေ အာရှဒေသတွင် ရှိသောနိုင်ငံများကို နည်းနာယူသင့်ပေသည်။ ဂျပန်နိုင်ငံ၊ ဖိလစ်ပိုင်နိုင်ငံ အပါအဝင် အိမ်နီးနားချင်းဖြစ်သော ထိုင်းနိုင်ငံ၊ အိန္ဒိယတို့ကို နည်းယူ သင့်ပေသည်။ ကိုယ်ပိုင် ပြဋ္ဌာန်းခွင့်၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်များကို တရားမျှတ သောနည်းလမ်းဖြင့် စနစ်တကျ ခွဲဝေသတ်မှတ်ပြီး ကျင့်သုံးရန်လိုအပ်ပေသည်။
သို့မှသာ ပြည်နယ်နှင့် တိုင်းဒေသကြီး တို့၏ တိုးတက်မှုမှာ ညီမျှမှုရှိမရှိကို သိရှိပါလိမ့်မည်။ မတိုးတက်သော ပြည်နယ်နှင့်တိုင်း ဒေသကြီးတို့ကို တိုးတက်အောင် ကူညီပေးနိုင်ရမည်။ တစ်ပြည်နယ်နှင့် တစ်ပြည်နယ်၊ တစ်တိုင်း နှင့်တစ်တိုင်း ဖွံ့ဖြိုးတိုးတက်မှုသည် ညီမျှမှုမရှိသမျှ ကာလ ပတ်လုံး ပဋိက္ခအသွင် ရှိနေဦး မည်ဖြစ်သည်။ ပြည်တွင်းစစ်သည်လည်း အပြီးတိုင် ရပ်စဲဘို့ မလွယ်ကူသေးချေ။
စင်စစ် စစ်ပွဲများ၌ အနိုင်ရရှိသော သူတို့သည် ရန်များလျက်ရှိကြ၏။ အသက်ဆုံးရှုံးမှုလည်း ရှိလေ၏။ ရှုံးနိမ့်သော သူတို့သည် ဆင်းရဲစွာဖြင့် နေရသလို အသက်ဆုံးရှုံးမှုများလည်း ရှိကြ၏။ နှစ်ဖက်စလုံး မည်သူမှ ချမ်းသာစွာနေထိုင်ကြရလျက် မရှိချေ။ အနိုင်အရှုံးမရှိဘဲ ညီညွတ်မျှတစွာကျင့်သုံးနေ ထိုင်နိုင်မှသာလျှင် အားလုံး(နှစ်ဖက်စလုံး) ငြိမ်းချမ်းရေး (သို့) ငြိမ်းချမ်းခြင်း အရသာကို ခံစားရမည်ဖြစ်သည်။
အထူးသဖြင့် ငြိမ်းချမ်းခြင်းမရှိဘဲ စစ်၏အနိဋ္ဌာရုံများကို ခံစားကြရသည်မှာ တိုင်းရင်းသားဒေသများတွင်ဖြစ်သည်။ အသိတရားရှိသော လူသားချင်းချင်း တစ်ဦးနှင့်တစ်ဦး ကရုဏာ၊ မေတ္တာတရား ထားသင့်ပေသည်။
ပြည်တွင်းစစ်ကြောင့် ဖွံ့ဖြိုးတိုးတက်မှု မရှိသည်ကိုလည်း အားလုံးအသိပင် ဖြစ်သည်။ ထိုသို့သိနေကြလျှင် ပြည်တွင်းစစ်ကို မည်သို့ ငြိမ်းသတ်ကြမည်နည်း။ ငြိမ်းချမ်းရေးရရှိအောင် မည်သို့ဆောင်ရွက်ကြမည်နည်း။
ထို့ကြောင့် ၂၀၂၀ပြည့်နှစ်တွင် အပြီးတိုင် မြန်မာနိုင်ငံသားများသည် ငြိမ်းချမ်းရေးအတွက် ကြိုးပမ်းဆောင်ရွက်ကြရန် တိုက်တွန်းလိုက်ရပါသည်။
စရှူခလိန်(ထီးထာကလုန်း)