မငြိမ်းချမ်းနိုင်သေးတဲ့ သယံဇာတခွဲဝေမှု နောက်ကွယ်

မငြိမ်းချမ်းနိုင်သေးတဲ့ သယံဇာတခွဲဝေမှု နောက်ကွယ်
မော်ချီးဒေသခဲလုပ်ငန်းမှာ ပင်ပင်ပန်းပန်းနဲ့ ခဲ ထုနေသူ အမျိုးသမီးတွေကို မြင်တွေ့ရစဉ်။ ဓါတ်ပုံ – ကန္တာရဝတီတိုင်း(မ်)
မော်ချီးဒေသခဲလုပ်ငန်းမှာ ပင်ပင်ပန်းပန်းနဲ့ ခဲ ထုနေသူ အမျိုးသမီးတွေကို မြင်တွေ့ရစဉ်။ ဓါတ်ပုံ – ကန္တာရဝတီတိုင်း(မ်)

စိုးထိုက်အောင်၊ အန်ထောနီ — တိုင်းရင်းသားဒေသတွေဘက်မှာ အမျိုးသမီးတွေ တန်းတူ ရပိုင်ခွင့် မရတာတွေ၊ ဘာ သတင်းအချက်အလက်မှ သိခွင့်မရတာတွေက ဒေသခံအမျိုးသမီးထုအတွက် ငြိမ်းချမ်းရေးမရတာနဲ့ အတူတူပဲလို့ ပပွာကလူ(ကရင်) လူမှုဖွံ့ဖြိုးတိုးတက်ရေး အမျိုးသမီးအဖွဲ့ ဥက္ကဋ္ဌ ဆရာမ မာဂရက်စိန်က ပြောကြားလိုက်ပါတယ်။

“ကျမတို့ ဒေသခံတွေ ဘာမှ သိပိုင်ခွင့် မရှိဘူးပေါ့နော်။ ဒါလေးတွေ ရှိတဲ့အတွက်ကြောင့်မို့လို့ ငြိမ်းချမ်းလားလို့ ပြောမယ်ဆိုလို့ရှိရင် သေနတ်သံ ရပ်စဲသွားတာတော့ ဟုတ်တယ်။ Peace (ငြိမ်းချမ်းရေး) ဆိုတာတော့ မရှိသေးဘူး။ ပြည်သူတစ်ယောက်ချင်းစီမှာ ငြိမ်းချမ်းလားဆိုလို့ရှိရင် ငြိမ်းချမ်းတယ်လို့မထင်ဘူးပေါ့” လို့ ဆရာမ မာဂရက်စိန်က ပြောပါတယ်။

ပပွာကလူ(ကရင်) လူမှုဖွံ့ ဖြိုးတိုးတက်ရေးအမျိုးသမီးအဖွဲ့ဟာ ကယားပြည်နယ် ဖားဆောင်းမြို့နယ် မော်ချီးဒေသဘက်က ကျေးလက်နေ ဒေသခံပြည်သူတွေ၊ အမျိုးသမီးထုတွေလိုအပ်တဲ့ ကျန်းမာရေးစောင့်ရှောက်မှုတွေကို  တစ်ဖက်တစ်လမ်း ဆောင်ရွက်ပေးနေတဲ့အဖွဲ့ ဖြစ်ပါတယ်။ ခဲမဖြူ၊ အဖြိုက်နက် အများဆုံး ထွက်တဲ့ မော်ချီးဒေသ ဖြစ်ပြီး သဘာဝသယံဇာတ ပေါကြွယ်တဲ့ နေရာ တွေမှာပါ။

သို့ပေမဲ့ ဒီသယံဇာတတွေကို ဒေသခံအမျိုးသမီးထုတွေ အကျိုးကျေးဇူး မခံစားရတဲ့အတွက် မော်ချီးဒေသဘက်က အမျိုးသမီးတွေဟာ လက်ရှိမှာ အခုချိန်ထိ မငြိမ်းချမ်းနိုင်သေးတာ ဖြစ်တယ်လို့ ဆရာမ မာဂရက်စိန်က ပြောဆိုလိုက်တာ ဖြစ်ပါတယ်။

အဓိက ဦးပိုင်ကုမ္ပဏီတွေ ၊ လက်နက်ကိုင်အဖွဲ့အစည်းတွေပဲ အကျိုး ခံစားခွင့် ရှိကြပြီး ဒေသခံပြည်သူလူထုတွေက အကျိုးခံစားခွင့်မရတာဟာ ငြိမ်းချမ်းရေး မရတာ ဖြစ်တယ်လို့ ဆိုပါတယ်။

မော်ချီး ခဲသတ္တုသယံဇာတကနေ ပြည်သူတွေအတွက် အကျိုးကျေးဇူး တန်းတူမရလို့လည်း ဒေသခံအမျိုးသမီးထုတွေမှာ အေးအေးချမ်းချမ်း မနေရဘဲ ပင်ပင်ပန်းပန်းနဲ့ အသက်မွေးဝမ်းကျောင်း ပြုနေကြရတယ်လို့ မောချီးဒေသခံ ကျပန်းအလုပ်သမ ဒေါ်လွမ်းပိုက အခုလိုပြောပါတယ်။



မော်ချီးဒေသ ယူကော်ခိုကျေးရွာရှိ အမျိုးသမီးများ။ ဓါတ်ပုံ – ကန္တာရဝတီတိုင်း(မ်)

“လွတ်လပ်ခွင့် မရှိဘဲနဲ့ သားသမီးတွေ ရှေ့ရေးအတွက်ကော၊ ကိုယ့်ရဲ့စားဝတ်နေရေးအတွက်ကော ပြေလည်အောင် အန္တရာယ်ကြားထဲကနေ ပြီးတော့မှ ဒီလိုပဲပေါ့၊ အသက်ကြီးလည်း လုပ်စားနေရတယ်ပေါ့။ ပင်ပင်ပန်းပန်း လုပ်စားရတယ်ပေါ့။ ကိုယ့်အတွက်က ငြိမ်းချမ်းရေးမရဘူးပေါ့နော်။ အဲလိုမျိုး ပုံစံပေါ့နော” လို့ပြောပါတယ်။

မော််ချီးဒေသတွေဘက်က ကျေးရွာတွေ အတော်တော်များများဟာဆိုရင် တိုက်ပွဲတွေ မကြာမကြာ ဖြစ်ခဲ့ပြီး အခုချိန်ထိ အမည်းနယ်မြေလို့ သတ်မှတ်ထားတာကြောင့် ဖွံ့ဖြိုးမှု အစစအရာရာ နောက်ကျကျန်နေသေးတဲ့ နေရာတွေလည်းဖြစ်ပါတယ်။

တစ်ဖက်မှာလည်း မြေပေါ်မြေအောက် သယံဇာတပေါကြွယ်တဲ့ မော်ချီး ခဲသတ္တုလည်း ရှိနေပြန်တော့ ပြည်သူတွေ အကျိုးမခံစားရတဲ့အပြင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေနဲ့ အစိုးရစစ်တပ်တို့မှာ နယ်မြေခွဲဝေမှု ထိပ်တိုက် ရင်ဆိုင်ကြုံတွေ့လာရတဲ့ အခြေအနေမျိုးတွေ ရှိလာပြန်တော့ စစ်ပွဲတွေ ဖြစ်မှာကိုလည်း ဒေသခံတွေ စိုးရိမ်နေကြပါတယ်။

မော်ချီးဒေသဘက်မှ မငယ်ငယ်က “တခြားနေရာမှာ ဖြစ်တယ်ဆိုရင် ဒီနေရာမှာ မဖြစ်ဘူးလို့ ပြောလို့မရဘူးလေ။ ဒါလည်း ပြောရမယ်ဆိုရင် သူများအမြင်မှာ အမည်းရောင်နယ်မြေပဲကော။ အဲဒါကြောင့် စိုးရိမ်တယ်” လို့ ပြောပါတယ်။

မော်ချီးဒေသဘက်မှာ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းတွေဖြစ်တဲ့ ကရင်နီအမျိုးသားတိုးတက်ရေးပါတီမှ ကရင်နီတပ်၊ မြန်မာအစိုးရစစ်တပ်နဲ့ ကရင်နီ အမျိုးသား သွေးစည်းညီညွတ်ရေး အဖွဲ့ (KNSO) ခေါ် ကြယ်ဖြူ ပြည်သူ့စစ်အဖွဲ့တို့ရဲ့တပ်စခန်းတွေ ရှိပါတယ်။

ငြိမ်းချမ်းရေး မရှိလို့ရှိရင် အမျိုးသမီးတွေ ဆိုးကျိုး ပိုပြီးခံနေရတယ်ဆိုတဲ့ အကြောင်းတွေကို မော်ချီးဒေသဘက်မှာ နေထိုင်တဲ့ အမျိုးသမီးထုတွေက ပြောဆိုထားကြပါတယ်။

နယ်မြေဒေသ မအေးချမ်းလို့ ရှိရင် အမျိုးသမီးတွေအတွက် လုံခြံမှု မရှိတော့တဲ့အတွက် ငြိမ်းချမ်းရေးရဖို့ မရှိမဖြစ် လိုအပ်တယ်ဆိုတဲ့အကြောင်းကို မော်ချီးဒေသ ညောင်သာယာရွာ ကျေးရွာအတွင်းရေးမှူး ဒေါ်နော်စတာက အခုလို ပြောပါတယ်။

“ငြိမ်းချမ်းရေး မရှိဘူးဆိုရင် အမျိုးသမီးတွေအပေါ်မှာတော့ ဆိုးကျိုးတွေ အများကြီးဖြစ်ပေါ်လာနိုင်တယ်။ ဘာဖြစ်လို့လဲဆိုလို့ရှိရင် အရင်တုန်းကဆိုရင် သက်ငယ်မုဒိမ်းမှုတွေ မကြားဖူးဘူး။ ဒီနောက်ပိုင်းမှာမှ သက်ငယ်မုဒိမ်းတွေ။ အရင်တုန်းကဆိုရင် ကိုယ့်မိဘတွေက ကိုယ့်ကို အိမ်မှာထားခဲ့တယ်။ ဘာမှမဖြစ်ဘူး၊ စိတ်ချတယ်။ တကယ်လည်း ဘာမှမဖြစ်ဘူး။ အခုဆိုရင် မိဘတွေက စိတ်မချရတဲ့ အဆင့်တွေ ရောက်နေပြီ။ သားသမီးတွေဆိုရင် လွတ်လွတ်လပ်လပ် သူတို့ကို သီးသန့် မထားခဲ့နိုင်ဘူးပေါ့နော်။ တခုခုဖြစ်မှာစိုးလို့။ အဲဒါလည်း မငြိမ်းချမ်းဘူးပေါ့နော်” လို့ပြောပါတယ်။

၂၀၁၂ ခုနှစ် မတ်လက အစိုးရ ငြိမ်းချမ်းရေးဖော်ဆောင်ရေးအဖွဲ့နဲ့ ကရင်နီအမျိုးသား တိုးတက်ရေးပါတီ (KNPP) တို့ အပစ်အခတ် ရပ်စဲရေး သဘောတူ လက်မှတ်ရေးထိုးတဲ့အထဲမှာတော့ စစ်မှန်တဲ့ငြိမ်းချမ်းရေး ဒီလိုအကြီးစားစီမံကိန်းတွေကို ဆက်မလုပ်ဖို့ ပါရှိထားပါတယ်။ သို့ပေမယ့်လည်း နောက်ပိုင်းမှာက သတ္တုတူး ဖော်ရေးလုပ်ငန်း သက်တမ်းတိုးမြှင့်ထားတဲ့အတွက် အကောင်အထည်ဖော်မှု များပြားလာပါတယ်။

Most read this week

October 31, 2024
ရှမ်းပြည်နယ်တောင်ပိုင်း ညောင်ရွှေမြို့ထဲကို  လာရောက် စစ်ဘေးတိမ်းရှောင်နေကြတဲ့...
October 30, 2024
ကရင်နီပြည်၊ ဒီးမော့ဆိုမြို့နယ်အနောက်ဘက်ခြမ်းက စစ်ဘေးရှောင်စခန်းတချို့မှာ ၈နှစ်အောက်ကလေးငယ်တွေ...
October 29, 2024
ရှမ်းပြည်နယ်တောင်ပိုင်း ပင်လောင်း – ဖယ်ခုံမြို့နယ်ရဲ့ အစပ်မှာရှိတဲ့ ကျေးရွာအများစုမှာ လတ်တလော...
October 28, 2024
ကရင်နီပြည် ကြားကာလ‌ အုပ်ချုပ်ရေးကောင်စီ (IEC) ပြည်ထဲရေးဌာန ၊ လူသားချင်းစာနာ ထောက်ထားရေးနှင့်...