တပ်မတော် ထိုးစစ်ဆင်မှုကြား ပလက်ဝမြို့နယ် စားနပ်ရိက္ခာသယ်ယူရေးနှင့်ပတ်သက်၍ AA ပြောရေးဆိုခွင့်ရှိသူ ဦးခိုင်သုခ ပြောကြားချက်

တပ်မတော် ထိုးစစ်ဆင်မှုကြား ပလက်ဝမြို့နယ် စားနပ်ရိက္ခာသယ်ယူရေးနှင့်ပတ်သက်၍ AA ပြောရေးဆိုခွင့်ရှိသူ ဦးခိုင်သုခ ပြောကြားချက်

ချင်းပြည်နယ်တောင်ပိုင်း ပလက်ဝမြို့နယ်တွင် မြန်မာ့တပ်မတော်နှင့် ရက္ခိုင့်တပ်တော် (AA) တိုက်ပွဲပြင်းထန်လာသည့်အတွက် ရခိုင်ပြည်နယ်နှင့် ဆက်သွယ်သည့် ရေလမ်း၊ ကုန်လမ်းများ ပြတ်တောက်သောကြောင့် စားနပ်ရိက္ခာသယ်ယူပို့ဆောင်၍ မရတော့သည်မှာ မတ်လ ဒုတိယပတ်တွင် တစ်လကျော်ကြာမြင့်နေပြီဖြစ်သည်။

စားနပ်ရိက္ခာ ဝယ်ယူရရှိရန် ရခိုင်ပြည်နယ်ကို အဓိက အမှီပြုနေရသည့် ပလက်ဝမြို့နယ်တွင် ဆန်၊ ဆီ၊ ဆားအပြင် လောင်စာဆီကအစ ဝင်ရောက်ခြင်း မရှိတော့သည့်အတွက် ယခုအခါ အငတ်ဘေး ဆိုက်ရောက်မည့် အနေအထားဖြစ်နေပြီး ဆန်တစ်အိတ်လျှင် ငွေကျပ်တစ်သိန်း၊ ကြက်သွန်နီ တစ်ပိဿာ ကျပ် တစ်သောင်း၊ ငရုပ်သီးခြောက် တစ်ပိဿာ ကျပ်နှစ်သောင်းအထိ စျေးနှုန်း အဆမတန် ခုန်တက်သွားခဲ့သည်။

ထို့ကြောင့် ပလက်ဝမြို့ခံ ရပ်မိရပ်ဖများ၊ ဘာသာရေးခေါင်းဆောင်များ၊ အရပ်ဘက်အဖွဲ့အစည်းများ တွေ့ဆုံဆွေးနွေးခဲ့ကြပြီး လိုအပ်သော ဆန်နှင့် စားနပ်ရိက္ခာများကို ယခုလအတွင်း ကျောက်တော်နှင့် ဆမီးမြို့များမှ ပလက်ဝမြို့သို့ သယ်ယူခွင့်ပြုရန် သက်ဆိုင်သူများထံ မေတ္တာရပ်ခံထားသည်ဟု သိရသည်။

ထိုအခြေအနေတွင် ပလက်ဝမြို့နယ်အတွက် ချင်းပြည်နယ်အစိုးရနှင့် အရပ်ဖက်လူမှုအဖွဲ့အစည်းများက ဆန်နှင့် အခြားစားနပ်ရိက္ခာများ သယ်ယူပို့ဆောင်ရန် စီစဉ်နေကြသော်လည်း နယ်မြေမလုံခြုံသည့်အတွက် မရကြောင်း ပြောဆိုကြသည်။

ပလက်ဝမြို့နယ်သို့ ရိက္ခာသယ်ယူမည်ဆိုလျှင် ရခိုင်ပြည်နယ်၊ ကျောက်တော်မှတဆင့် ကုလားတန်မြစ်ကြောင်းအတိုင်း စက်လှေဖြင့်သော်လည်းကောင်း၊ ချင်းပြည်နယ် မင်းတပ်-မတူပီ-ဆမီး လမ်းမှတဆင့် ကုန်းကြောင်းအတိုင်းသော်လည်းကောင်း သယ်ယူပို့ဆောင်နိုင်သည်။

သို့သော်လည်း အငတ်ဘေးဆိုက်လုမတတ်ဖြစ်နေသည့် ပလက်ဝမြို့နယ်အတွက် စားနပ်ရိက္ခာများ ယနေ့ချိန်ထိ ပို့ဆောင်နိုင်ခြင်းမရှိသေးခြင်းသည် မည်သူ့မှာ တာဝန်ရှိပါသနည်း။ စားနပ်ရိက္ခာသယ်ယူရေးမှာ ရက္ခိုင့်တပ်တော် (AA) တပ်ဖွဲ့က ပိတ်ပင်ဟန့်တားမှုတွေ ရှိနေပါသလား။ ယခုကိစ္စနှင့်ပတ်သက်၍ AA ပြောရေးဆိုခွင့်ရှိသူ ဦးခိုင်သုခကို ခိုနူမ်းသုန်သတင်းထောက် ကိုလားနွန်က ဆက်သွယ်မေးမြန်းထားပါသည်။

မေး။    ။ ချင်းပြည်နယ်အစိုးရကတော့ နယ်မြေမလုံခြုံတာကြောင့် ပလက်ဝမြို့နယ်မှာ ဘာမှ ပို့လို့မရဘူးလို့ ပြောနေတယ်၊ ဆိုတော့ စားနပ်ရိက္ခာသယ်ယူမှုမှာ AA အနေနဲ့ တစ်စုံတစ်ရာ အနှောင့်အယှက်ပေးတာမျိုး ရှိလား။

ဖြေ။       ။ ကျနော်တို့ကတော့ ဘယ်တုန်းကမှ ပိတ်ပင်တားဆီးတာမရှိဘူး၊ ကုလားတန်မြစ်ထဲမှာ စစ်တွေဘက်ကတက်လာတဲ့ စက်လှေတွေရော၊ ပလက်ဝဘက်ကလာတဲ့ စက်လှေတွေရော လိုအပ်တဲ့လုံခြုံရေးအရ စစ်ဆေးမှုတွေ နည်းနည်းပါးပါးတော့ရှိတယ်၊ အဓိကကတော့ မြန်မာစစ်တပ်ရဲ့ ရိက္ခာတွေ မပါလာဘူးဆိုလို့ရှိရင်၊ တခြားဒေသခံတွေအတွက် သယ်လာတဲ့ရိက္ခာတွေဆိုလို့ရှိရင် ဘာမှလုပ်စရာအကြောင်းမရှိဘူး၊ သယ်လို့ရတယ်၊ ကျနော်တို့က ခွင့်ပြုထားပြီးသားပါ၊ ပိတ်ပင်ထားတာက မြန်မာစစ်တပ်ဘက်က ပိတ်ပင်ထားတာပါ၊ စက်လှေတစ်စီးမှာ ဆန်အိတ် (၂၀) ထက်မသယ်ရဘူး၊ ကုန်သည်တစ်ဦးမှာ ဆန်အိတ် (၂၀) ထက်မသယ်ရဘူးဆိုပြီး မြန်မာစစ်တပ်ကပိတ်ပင်ထားတာပါ၊ ကျနော်တို့ဘက်မှ ဘာမှပိတ်ပင်ထားတာမရှိဘူး။

မေး။    ။ အခု ပလက်ဝကိုပို့မယ့် ဆန်တွေ စစ်တွေကို ရောက်နေပြီ၊ ပြီးတော့ ဆမီးမြို့မှာလည်း ဆန်အိတ်ရောက်နေပြီ၊ ဒါပေမယ့် နယ်မြေမလုံခြုံတာကြောင့် ပလက်ဝကို မသယ်ရဲကြဘူးလို့ ပြောနေတယ်၊ တကယ်လို့ အဲဒီဆန်တွေကို ပလက်ဝကို ပို့မယ်ဆိုရင် AA အနေနဲ့ ဘယ်လိုသဘောထားရှိပါသလဲ။

ဖြေ။       ။ ဒေသခံတွေအတွက် သယ်ယူမယ့်ရိက္ခာ၊ ဆန်တွေဆိုရင် ကျနော်တို့က ဘာမှတားဆီးပိတ်ပင်တာမရှိဘူး၊ ဒါပေမယ့် တစ်ခုတော့ရှိတာက အစိုးရအနေနဲ့ ဖြစ်နိုင်လို့ရှိရင် စစ်ဖြစ်နေတဲ့နေရာဆိုတော့ ကြိုတင်ပြီးတော့ အကြောင်းကြားသင့်တာပေါ့၊ ဒါမှလည်း အဲဒီမှာလာတဲ့သူတွေ၊ ဖြတ်သွားတဲ့လူတွေရဲ့ လုံခြုံရေးအာမခံချက်ရှိမှာကိုး၊ ဆိုတော့ အဲဒီစစ်ပွဲဖြစ်တဲ့နေရာကို သွားမယ်ဆိုရင် ကြိုတင်ပြီးတော့ အကြောင်းကြားဖို့တော့လိုတာပေါ့၊ တဖက်နဲ့တဖက် နားလည်မှုတည်ဆောက်ပြီးတော့မှ ပွင့်ပွင့်လင်းလင်း ဆက်သွယ်လုပ်ဆောင်လို့ရှိရင်တော့ ပိုပြီးတော့ အဆင်ပြေချောမွေ့နိုင်မှာပေါ့။

မေး။    ။ ပလက်ဝမြို့နယ်အတွက် ဆန်အိတ် ၆၀၀၀ ကို (AA) က သယ်ခွင့်ပြုတယ်ဆိုပြီးတော့ သတင်းတစ်ခုတက်လာတယ်၊ အဲဒီကိစ္စက တကယ်လား။

ဖြေ။       ။ အဲဒီ ဆန်အိတ် ၆၀၀၀ သယ်မယ်ဆိုတဲ့ကိစ္စက ကျနော်တို့ဘက်ကို တရားဝင် အကြောင်းကြားလာတာ ဘာမှမရှိသေးဘူး၊ တရားဝင်အကြောင်းကြားလာလို့ရှိရင် ကျနော်တို့ကလည်း တရားဝင်ပြန်ပြောလို့ရတာပေါ့လေ၊ ဒါပေမယ့် အခြေခံအားဖြင့်တော့ ကျနော်တို့က ဒေသခံတွေအတွက် သယ်ယူမယ့် ရိက္ခာဆန်တွေနဲ့ပတ်သက်ပြီးတော့ ဘာမှ တားဆီးကန့်သတ်ထားတာ မရှိဘူး။

မေး။    ။ ပလက်ဝမြို့နယ်က အခုလက်ရှိမှာ စစ်မက်ဖြစ်ပွားတဲ့နေရာဆိုတော့ ကျောင်းသူကျောင်းသားတွေရဲ့ စာမေးပွဲဖြေဆိုမှုအပေါ် ထိခိုက်လာမှာကိုစိုးရိမ်နေကြတယ်။

ဖြေ။       ။ ကျောင်းသူကျောင်းသားတွေ စာမေးပွဲတွေကောင်းကောင်းမွန်မွန်ဖြေဆိုနိုင်ဖို့က တပ်မတော်ဘက်ကနေ လက်ရှိလုပ်နေတဲ့ ထိုးစစ်တွေကို ရက်အကန့်အသတ်နဲ့ပဲဖြစ်ဖြစ် ရပ်တန့်ထားဖို့သင့်တာပေါ့၊ အဲလိုရပ်တန့်ထားလို့ရှိရင်တော့ တိုက်ပွဲကတော့ ရပ်တန့်နိုင်တဲ့အနေအထားရှိပါတယ်၊ မြန်မာစစ်တပ်ဘက်က ထိုးစစ်ဆင်နေတဲ့အတွက်ကြောင့်မို့လို့ ကျနော်တို့ဘက်ကလည်း ခုခံပြီးတော့ တိုက်ခိုက်နေရတဲ့သဘောရှိတယ်ဗျ။

Most read this week

September 21, 2024
“ဒီလိုအချိန်ကာလမျိုးမှာ စစ်အာဏာရှင်ချုပ်ငြိမ်းရေးကို အတူတကွ ဆောင်ရွက်ရတာဖြစ်တယ်။ တစ်ယောက်နဲ့...
September 20, 2024
အနာဂါတ်ဖက်ဒရယ် ဒီမိုကရေစီပြည်ထောင်စု အားကောင်းရေးအတွက် အတူတကွလက်တွဲ အကောင်အထည်ဖော်ဆောင်ရွက်...
September 19, 2024
စစ်ကိုင်းတိုင်း၊ ကလေးမြို့မှ ချင်းတောင်သို့တက်သည့် ခရီးသည်တင်ကားနှင့် ကုန်တင်ကားများကို ဆန်နှင့်...
September 19, 2024
ချင်းပြည်နယ် ထန်တလန်မြို့ပေါ်က စစ်ကောင်စီအမာခံတပ်စွဲထားသော Lai Villa တည်းခိုခန်းကို...