ခိုလုံလီရှောတိုင်းရင်းသား ၅ ဦးကို TNLA ဖမ်းဆီးစိုင်းဦး

ခိုလုံလီရှောတိုင်းရင်းသား ၅ ဦးကို TNLA ဖမ်းဆီးစိုင်းဦး

ရှမ်းပြည်နယ်မြောက်ပိုင်း၊ နမ့်ခမ်းမြို့နယ် တာကွန့်ကျေးရွာအုပ်စု ဝါလုကျေးရွာနေ ခိုလုံလီရှော ၄ ဦးအပြင် ဝါလုကျေးရွာသို့ အလည်လာသည့် အခြားရွာမှ အုပ်ချုပ်ရေးမှူးတစ်ဦးကို ပလောင်ပြည်နယ် လွတ်မြောက်ရေးတပ်ဦး (PSLF/TNLA) က ဖမ်းဆီးခေါ်ဆောင်သွားသည်ဟု ခိုလုံလီရှော လူငယ်ပြန်ကြားရေးအဖွဲ့၏ အမည်မဖော်လိုသော တာဝန်ရှိသူ တစ်ဦးက ပြောသည်။

TNLA တပ်ဖွဲ့ဝင်များသည် အဆိုပါကျေးရွာအနီး မန်ဆပ်ဘက်မှ တက်လာပြီး ဝါလုရွာ ဒေသခံ ခိုလုံလီရှော ၄ ဦးကို ည ၁၁ နာရီဝန်းကျင်က ဖမ်းဆီးသွား ခဲ့ပြီးနောက် ဖေဖော်ဝါရီ ၂၇ ရက်တွင် အခြားကျေးရွာမှ ဝါလုရွာသို့ အလည် လာသည့် အုပ်ချုပ်ရေးမှူးတစ်ဦးကိုလည်း ဖမ်းဆီး သွားခဲ့ကြောင်း ခိုလုံလီရှောလူငယ်ပြန်ကြားရေးအဖွဲ့က ပြောသည်။

ခိုလုံလီရှောလူငယ်ပြန်ကြားရေးအဖွဲ့၏ အမည်မဖော်လိုသော တာဝန်ရှိသူ တစ်ဦးက “ဝါလုရွာမှာ ၄ ယောက် ခေါ်သွား တယ်၊ ခုက ၅ ယောက်လို့ ပြောတယ်။ ဒီကနေ့ မနက်တခြားရွာက  အုပ်ချုပ်ရေးမှူး တစ်ယောက် ပါသွား  တယ်၊ အဲတော့ စုစုပေါင်း ၅ ယောက်လို့ သတင်းပြန်ရတယ်။ ရွာကလည်း အဆက်အသွယ်က လမ်းမကောင်းတော့ တဆင့်ချင်း တဆင့် ချင်း ဆက်သွယ်ရတာဆိုတော့ ၂၄ ရက်နေ့ ည ၁၁ နာရီ ပတ်ဝန်းကျင်လောက်က မန်ဆပ် ကနေ  TNLA အဖွဲ့ တက်လာ ပြီးတော့ နီးစပ်ရာ အိမ်ထဲက အသက်ကြီးကြီး အဘိုးကြီးတွေ ရပ်မိရပ်ဖ လူကြီးတွေ ကို ဖမ်းသွားတာ”ဟု ၎င်းက ဆိုသည်။

TNLA သတင်းနှင့် ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူး မိုင်းအိုက်ကျော်က ဖမ်းဆီးခံရသူမှာ ၄ ဦးသာ ဖြစ်ပြီး ဝါလုကျေးရွာ အနီးတစ်ဝိုက်တွင် ဘိန်းစိုက်ခင်းများရှိပြီး မူးယစ်အဖွဲ့က စစ်ဆေးဖမ်းဆီးခဲ့ခြင်း ဖြစ်ကြောင်း ပြော သည်။

“ကျွန်တော် ပြန်မေးကြည့်တယ်၊ ၅ ဦးတော့ မဟုတ်ဘူး။ ၄ ဦးဖြစ်တယ်။ အတိအကျတော့ မသိရသေးဘူး၊ ဒါပေမယ့် ဖမ်းရတဲ့ အကြောင်းရင်းက ဒီရွာနား အနီးတစ်ဝိုက်က ဘိန်းစိုက်တော့ ကျွန်တော်တို့ မူးယစ်အဖွဲ့က သွားရောက်စစ်ဆေးဖမ်းမိတာ ဖြစ်တယ်”ဟု ဆိုသည်။

ဖေဖော်ဝါရီ ၂၄ ရက် သတင်းအရ  အမျိုးသား ၃  ဦးနှင့် အမျိုးသမီး ၁ ဦးကို TNLA က ဖမ်းဆီးသွားကြောင်း သိရသော်လည်း ဖေဖော်ဝါရီ ၂၇ ရက်နေ့ မနက်ပိုင်း သတင်းပြန်ရသည့်အခါမှာတော့ ဝါလုရွာသို့ အလည်လာသော တခြားရွာမှ အုပ်ချုပ်ရေးမှူးလည်း ဖမ်းဆီးခံလိုက်ရကြောင်း၊ TNLA ၏ မူးယစ်အဖွဲ့က ဖမ်းဆီးခြင်းကလည်း မူးယစ်ဆေးဝါး ရောင်းဝယ် ခြင်း မရှိဘဲ ဖမ်းဆီးသွားခြင်းကလည်း သဘာဝမကျကြောင်း ခိုလုံလီရှောလူငယ်  ပြန်ကြားရေးအဖွဲ့က ဆိုသည်။

 “ TNLA ဖမ်းဆီးသွားသည့် ခိုလုံလီရှော  ၅ ဦးမှာ အသက် ၇၀ ကျော် နှစ်ဦး ပါဝင်တယ်၊ ဘာကြောင့် ဖမ်းခံရလည်းဆိုတာ သူတို့ကို မေးချင်နေတာ အပြစ်လည်း မရှိဘဲနဲ့  ၇၄ နှစ်အရွယ်ဆိုတာ  အိမ်မှာနေတဲ့ အရွယ်တွေလေ အသက်ကြီးပိုင်း တွေလေ။ ဆေးပေး မီးယူတောင် ကလေး သူငယ်တွေ လုပ်ပေးရတာလေ၊ ဒီအရွယ်တွေက ဘိန်းစိုက်မလား နောက် ဒီအရွယ်တွေက ဘိန်းအရောင်းအဝယ် လုပ်ပါ့ မလား၊ တွေ့မိတွေ့ရာ ဖမ်းသွားပြီး ငွေညစ် ချင်လို့ ထင်တာဘဲ”ဟု ၎င်းအဖွဲ့မှ တာဝန်ရှိသူက ပြောသည်။

အသက်အန္တရာယ် စိုးရိမ်သည့်အတွက် အမည်မဖော်လိုခြင်း ဖြစ်သည်ဟု သူက ဆိုသည်။

TNLA မှ ဖမ်းဆီးခေါ်ဆောင် သွားသူများတွင် အသက် ၇၀ ကျော်ပါဝင်သည်မှာ  မိမိ မသိရှိရသေးကြောင်း TNLA  သတင်း နှင့် ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူး မိုင်းအိုက်ကျော်က ဆိုသည်။

“အသေးစိတ်တော့ မသိရသေးဘူး။ ဖမ်းတာတော့ မူးယစ်ဘိန်းခြံထဲမှာ ဖမ်းတာဆိုတော့ အဲ့ဘိန်းခြုံထဲမှာ အသက် ၇၀ တော့ မရှိလောက်ပါဘူး”ဟု ၎င်းက ပြောသည်။

TNLA သည် ဝါလုရွာသားများကို ပထမဆုံး အကြိမ် ဖမ်းဆီးခြင်း မဟုတ်ဘဲ ယခင်ကလည်း ဖမ်းဆီးမှုများ ရှိခဲ့သည်ဟု ခိုလုံလီရှောလူငယ်ပြန်ကြားရေးအဖွဲ့မှ သိရသည်။

၎င်းအဖွဲ့ တာဝန်ခံတစ်ဦးက“အရင်ကလည်း တစ်ယောက်စ နှစ်ယောက်စဖမ်းလို့ ငွေယူလို့ ပြန်လွတ် ပေးတာတွေလည်း ရှိတယ်။ ခုဖမ်းတာ နည်းနည်း များသွားတာပေါ့၊ ၅ ယောက်လောက်ဆိုတော့ တစ်ရွာလုံး ပွက်ပွက်လှန် ပြီးတော့ တစ်ရွာ လုံးက လူလည်းနည်းတယ်၊ အိမ်ခြေလည်း နည်းတယ်ဆိုတော့ ကြောက်ပြီးတော့ အကုန်လုံးလန့်ကုန်ပီလေ” ဟု ဆိုသည်။

TNLA မူးယစ်တပ်ဖွဲ့မှ ယခင် ဝါလုဒေသတွင် ဖမ်းဆီးရမိသော  ဘိန်းစိုက်တောင်သူ ၂၀ ကျော်ကို ထိုက်သင့်သည့် ပြစ်ဒဏ်ပေး၍ ပြန်လွတ်ပေးခဲ့ကြောင်း၊ ယခု ဖမ်းဆီးထားသည့်ကိစ္စနှင့်ပတ်သက်ပြီး မည်သို့ ဆောင်ရွက်မည်  ကို မသိရှိ သေးကြောင်း TNLA  သတင်းနှင့် ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူး မိုင်းအိုက်ကျော်က ဆိုသည်။

TNLA သည် ဒီဇင်ဘာ ၂ ရက်က နမ့်ခမ်းမြို့နယ်၊ ရှောက်ကုန်းကန်ကျေးရွာမှ ခိုလုံလီရှော ၃ ဦးကို ဖမ်းဆီးသွားခဲ့သေး သည်။

TNLA သည် ရှမ်းပြည်နယ်မြောက်ပိုင်း၊ မူဆယ်၊ နမ့်ခမ်း၊ လားရှိုး၊ ကွတ်ခိုင်၊ နမ္မတူ၊ ကျောက်မဲ၊ နမ့်ဆန်၊ မန်တုံ၊ သီပေါ စသည့် မြို့နယ်များ အပါအဝင် မန္တလေးတိုင်းဒေသကြီး မိုးကုတ်မြို့နယ်အတွင်းမှာ လှုပ်ရှားလျက် ရှိသည်။

Most read this week

September 19, 2024
မြန်မာအမျိုးသားဒီမိုကရက်တစ်မဟာမိတ်တပ်မတော် (MNDAA) သည် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နှင့်...
September 18, 2024
ထောင်အာဏာပိုင်များနှင့် ထိန်းသိမ်းခံသူများအကြားတွင် သဘောတူညီမှုအချို့ရပြီးနောက် အိန္ဒိယနိုင်ငံ၊...
September 17, 2024
ရှမ်းပြည်နယ်တောင်ပိုင်းရှိ လွိုင်လင်နှင့် တောင်ကြီးခရိုင်တို့တွင်...
September 16, 2024
ရှမ်းပြည်နယ်တောင်ပိုင်း၊ ညောင်ရွှေမြို့နယ်တွင် မိုးရွာသွန်းမှုများပြီး အင်းလေးကန်အတွင်း...