တောင်းဆိုသံကို မကြောက်ပါနှင့်

တောင်းဆိုသံကို မကြောက်ပါနှင့်
by -
ချစ်မင်းထွန်း/မွန်သတင်းအေဂျင်စီ
၂၁ ရာစုပင်လုံ(ပထမ) ညီလာခံတက်ရောက်သည့် EAO’s ခေါင်းဆောင်များ (Photo: BNA)
၂၁ ရာစုပင်လုံ(ပထမ) ညီလာခံတက်ရောက်သည့် EAO’s ခေါင်းဆောင်များ (Photo: BNA)
ဖေဖော်ဝါရီ ၆ ရက်နေ့က နေပြည်တော်ရှိ သင်္ဂဟဟိုတယ်တွင် ၉ ကြိမ်မြောက် ပြည်ထောင်စုငြိမ်းချမ်းရေးဆွေး နွေးမှု ပူးတွဲကော်မတီ UPDJC အစည်းအဝေးကို ကျင်းပခဲ့ပြီး ဒုတိယအကြိမ်ကျင်းပမည့် ၂၁ ရာစုပင်လုံညီလာခံ ကျင်းပနိုင်ရေး အပါအဝင်မည်သည့် ဒေသများ၌ အမျိုးသားအဆင့်နိုင်ငံရေးဆွေးနွေးပွဲများ ကျင်းပသွားရန် ဆို သော အကြောင်းအရာများကို ဆွေးနွေးဆုံးဖြတ်ခဲ့ကြသည်။

ထို့သို့ ဆွေးနွေးဆုံးဖြတ်ခဲ့ရာမှာ ဒုတိယအကြိမ် ကျင်းပမည့် ၂၁ ရာစုပင်လုံညီလာခံကို ဖေဖော်ဝါရီ ၂၈ ရက်တွင် ကျင်းပသွားရန်၊ PNLO ၊RCSS/SSA နှင့် ပဲခူးတိုင်းဒေသကြီးများ၌ အမျိုးသားအဆင့်နိုင်ငံရေးဆွေးနွေးပွဲများ ကျင်းပသွားရန်၊ CNF(ချင်း)နှင့်ALP(ရခိုင်)ဒေသများမှာ အမျိုးသားအဆင့်နိုင်ငံရေးဆွေးနွေပွဲများ ကျင်းပရေး ဆိုင်းငံ့ထားရန်၊ NCA လက်မှတ်မထိုးရသေးသည့်အဖွဲ့များ ညီလာခံပါဝင်လာနိုင်ရေး မည်သို့ ဆောင်ရွက်မည် နည်း၊ စသည့် ဆုံးဖြတ်ချက်များကို သဘောတူညီခဲ့ကြောင်း သိရသည်။

သို့သော် ညီလာခံမစခင်မှာပဲ သဘောထားကွဲလွဲမှုတချို ့ပေါ်ပေါက်လာခဲ့ပြီး သပိတ်မှောက်မည့် အခြေအနေ များအထိပင် ဖြစ်စဉ်များ ဖြစ်လာခဲ့သည်။ထိုအကြောင်းအရာမှာ ချင်းအမျိုးသားတပ်ဦး CNF သည် ချင်းပြည်နယ် ၌ အမျိုးသားအဆင့်နိုင်ငံရေးဆွေးနွေးပွဲ ကျင်းပခွင့် ဆိုင်းငံ့လိုက်ခြင်းနှင့်ပတ်သက်ပြီး မကြေလည်မှုများ ရှိလာခဲ့ သည်။

“ကျွန်တော်တို့ ချင်းပြည်နယ်မှာ အမျိုးသားအဆင့်နိုင်ငံရေးဆွေးနွေးပွဲ မကျင်းပရရင် ၂၁ ရာစုပင်လုံညီလာခံ တက်ရောက်ဖို့ မသေချာတော့ဘူး”ဟု CNF ဒုဥက္ကဌ-၂ ဒေါက်တာဆလိုင်းလျန်မှုန်းဆာခေါင်းက ပြောသည်။

CNF သည် NCA ကို လက်မှတ်ထိုးထားသော အဖွဲ့တစ်ဖွဲ့ဖြစ်သကဲ့သို့ စာချုပ်ပါအရ အမျိုးသားအဆင့်နိုင်ငံရေး ဆွေးနွေးပွဲကိုဦးဆောင် ကျင်းပခွင့် ရရှိရာ UPDJC အစည်းအဝေးမှ ဆိုင်းငံ့ထားကြောင်း ဆုံးဖြတ်ခဲ့ခြင်းက ၎င်းတို့အတွက် အခက်အခဲများ ကြံုတွေ့လာခဲ့သည်။

အဘယ်ကြောင့်ဆိုသော် ညီလာခံမှာ ချင်းလူမျိုးများအနေဖြင့် ၎င်းတို့၏ သဘောထား ဆန္ဒများကို တင်ပြ ဆွေးနွေးနိုင်ရန်အတွက် ယခု အမျိုးသားအဆင့်နိုင်ငံရေးဆွေးနွေးပွဲ ကျင်းပနိုင်မှသာလျှင် ညီလာခံသို့ ရဲရဲဝ့ံဝ့ံ သွားရောက်နိုင်မည်ဖြစ်ပြီး သို့မဟုတ်ပါက ချင်းလူမျိုးများ အခွင့်အရေးကို မတင်ပြနိုင်ပဲ ထိုင်နေရမည်ဆိုလျှင် အဓိပ္ပာယ်မရှိ ဖြစ်စေမည်။

သမ္မတရုံးဝန်ကြီးဌာန ဒုတိယညွန်ကြားရေးမှူးချုပ် ဦးဇော်ဌေးက “ချင်းပြည်နယ်မှာက ဆက်ဆံရေးရုံးဖွင့်ဖို့ နယ်မြေခံတွေက လက်မခံတဲ့ သဘောထားမျိုးဖြစ်တဲ့အတွက် မလုပ် နိုင်သေးတာပါ၊ရခိုင်မှာဆိုရင် နိုင်ငံရေးအရ ရှုပ်ထွေးသိမ့်မွေတာကြောင့် ခဏဆိုင်းငံ့ထားဖို့ ဆုံးဖြတ်ခဲ့တာပါ။ မကျင်းပတာတော့မဟုတ်ပါဘူးအကုန်လုံးမှာ ကျင်းပသွားဖို့ ကြိုးစားနေပါတယ်။ ဒါပေမဲ့ အနှေးနဲ့အမြန်ပဲ ကွာမှာပါ”ဟု ပြောသည်။

ဆက်ဆံရေးရုံးဆိုသည်မှာ မည်သည့် အရာကိုပြောသနည်း၊ ချင်းအမျိုးသားတပ်ဦး CNF သည် တီးတိန်၊ ထန်တ လန်၊မတူပီ စသည့် မြို ့များမှာ ဆက်ဆံရေးရုံးများဖွင့်လှစ်ထားသကဲ့သို့ ပလက်ဝ၊ ရန်ကုန်၊ Tio တီယို၊ ဖလမ်း၊ မင်းတပ် စသည့် မြို ့များမှာလည် စီးပွားရေးဆက်ဆံရေးရုံးများ အသီးသီးဖွင့်လှစ်ထားသည်။အလားတူ လက်မခံ သည့် လူထုတချို ့ရှိသည်ဟုဆိုလျှင်လည်းထိုကိစ္စသည် ဆွေးနွေးပွဲကနေ ဖြေရှင်းဆောင်ရွက်သွားနိုင်ပါသည်။

ယခုကဲ့သို့ ဆိုင်းငံ့လိုက်ခြင်းသည် အဆိုးမြင်ဝါဒသမားအတွက် အကြိုက်တွေ့သွားစေပြီး အစိုးရအနေဖြင့် တောင်းဆိုသံများကိုကြောက်ရွံ ့နေကြောင်း ထင်ဟပ်သွားစေနိုင်သကဲ့သို့ NCA လက်မှတ်ထိုးထားသည့် အဖွဲ့ များပင် လွတ်လပ်စွာ လုပ်ပိုင်ခွင့်မရှိကြောင်း NCA လက်မှတ်မထိုးရသေးသော အဖွဲ့များက ထင်မြင်ယူဆသွား မည်ဆိုလျှင် ၎င်းတို့ ပါဝင်လာရေး ဆွေးနွေးမှုများလည်း ပို၍ ကြန့်ကြာသွားနိုင်ပါသည်။

ပြည်တွင်းစစ် နှစ်ပေါင်း ရ၀ နီးပါးဖြစ်ပွားလာခဲ့ခြင်းနှင့် ပြည်တွင်းငြိမ်းချမ်းရေး ယခုထိတိုင် မရရှိခြင်း သမိုင်းများ ကို ပြန်လည် လေ့လာသုံးသပ်ကြည့်ပါက အစိုးရအဆက်ဆက်သည် တောင်းဆိုသံများကို ကြောက်ရွံ ့ခဲ့ခြင်း ကြောင့် ယနေ့တိုင် ပြည်တွင်းငြိမ်းချမ်းရေးအခြေအနေ သက်ဆိုး ရှည်ကြာနေခြင်းဖြစ်ပါသည်။

ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ် SNLD ဥက္ကဌ ဦးခွန်ထွန်းဦးပြောက “ အစိုးရ၊တပ်၊ ပြည်သူ၊ အားလုံး သိနေတာပဲ။ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ ဘာလိုချင်တယ်ဆိုတာ။ဒါကို ရှောင်လွှဲနေမယ်ဆိုရင် ကျွန် တော်ထင်တယ်။ ဒီငြိမ်းချမ်းရေးက ကြန့်ကြာနေအုံးမယ်”ဟု စာရေးသူအား ၂၀၁၆ ခုနှစ်အတွင်းက ပြောပြခဲ့ ဖူးသည်။

တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များသည် ၂၀၀၈ ဖွဲ့စည်းပုံကို ပြင်ဆင်၍ ဖယ်ဒရယ်ဒီမိုကရေစီပြည်ထောင်စု ဥပဒေရေးဆွဲ၍ကိုယ်ပိုင်ပြဌာန်းခွင့်ရရှိရေး၊ ကိုယ့်ကြမ္မာကိုယ်ဖန်တီးခွင့်ရရှိရေး၊ အားလုံး တန်းတူညီမျှ အခွင့် ရရှိရေး၊စသည့် အချက်များကို တောင်းဆို တိုက်ပွဲဝင်ခဲ့ရာမှာ အစိုးရအဆက်ဆက် ဥပေက္ခာပြုခြင်းနှင့် တောင်းဆိုသံကို ကြောက်ရွံ ့ကာ မျက်နှာလွှဲခဲ့ခြင်းကြောင့် ပြည်တွင်းစစ် သက်ဆိုးရှည်နေခြင်းဖြစ်သည်။

တိုင်းရင်းသားကိုယ်စားလှယ်များသည် မိမိလူမျိုး၏ လိုလားချက်နှင့် လိုအပ်ချက်များကို ဆွေးနွေးပွဲများ ကျင်းပခြင်းဖြင့် စုစည်း၍၂၀၁၇ ခုနှစ်၊ဖေဖော်ဝါရီ ၂၈ ရက်နေ့တွင် ကျင်းပရန်လျာထားသော ၂၁ ရာစု ပင်လုံ ညီလာခံသို့ သယ်ဆောင်ကာ တင်ပြ တောင်းဆိုကြမည်ဖြစ်သည်။

အဆိုပါ တောင်းဆိုသံများကို အစိုးရမှ ကြောက်ရွံ ့နေ၍မရတော့ပေ၊ ရဲရဲဝ့ံဝံ့ ရင်ဆိုင်ကာ ညှိနှိုင်းဆွေးနွေးမှုများဖြင့် ဖြေရှင်းပေးရန် အစိုးရမှာ တာဝန်ရှိသည်။

ဆွေးနွေးရာမှာလည်း လိမ္မာပါးနပ်ရန်လိုအပ်ပြီး တဘက်အဖွဲ့အစည်း (ဝါ) လူပုဂ္ဂိုလ်တို့၏ စိတ်အတွင်း အရှုံးဖြင့်သာ အိမ်ပြန်ခရီးမဖြစ်စေရန် လိုအပ်လှသည်။

လက်ရှိတွင် အမျိုးသားအဆင့်နိုင်ငံရေးဆွေးနွေးပွဲများကို ကရင်နှင့် တနင်္သာရီတိုင်းဒေသကြီး၌ ကျင်းပပြီးစီးခဲ့ပြီ ဖြင့်ရာ၎င်းတို့မှာ ညီလာခံသို့ သယ်ဆောင်သွားရန် အချက်အလက်များရရှိထားပြီးဖြစ်သည်။

အလားတူ PNLO၊ RCSS၊ ပဲခူးတိုင်းဒေသကြီးတို့မှာလည်း ကျင်းပတော့မည်ဖြစ်သည့်အတွက် ညီလာခံသို့ အချိန်မီ သယ်ဆောင် လာနိုင်မည်ဖြစ်သော်လည်း ချင်းCNF နှင့် ရခိုင် ALP တို့ အချိန်မီသယ်ဆောင်သွားနိုင်ရန် လမ်းစများ မှေး မှိန်နေသည်။

ယခုကဲ့သို့ ကျန်နေခြင်းက အစိုးရအနေဖြင့် ဘက်ပေါင်းစုံက တောင်းဆိုသံများ ဆုံလာမည်ကို စိုးရိမ်နေခြင်း ကြောင့်လား သို့မဟုတ် အရေးမကြီးဘူးဟု မှတ်ယူထားခြင်းကြောင့်လားဆိုသည့်အပေါ် မေးခွန်းထုတ်စရာ ဖြစ်လာခဲ့သည်။

မည်သို့ပင်ဆိုစေကာမှု ချင်းနှင့် ရခိုင်တွင် အမျိုးသားအဆင့်နိုင်ငံရေးဆွေးနွေးပွဲ ကျင်းပခွင့်မရခြင်းက ၎င်းတို့ ဒေသအတွင်း နေထိုင်ကြသော လူထုအတွက် ဆုံးရှုံးနစ်နာမှု တစ်ခုဖြစ်စေသကဲ့သို့ NCA လက်မှတ်မထိုးရ သေးသည့် အဖွဲ့များမှ အစိုးရအပေါ်အယုံအကြည် လျော့နည်းလာမှုနှင့် စိုးရိမ်မှု ကြီးမြင့်လာခြင်းများက ပို၍ ဖြစ်ပေါ်သွားစေသည်။

“အစိုးရသစ်လက်ထက်မှာ ငြိမ်းချမ်းရေးဆွေးနွေးမှုက ယုံကြည်မှုတွေ လျော့နည်းလာတယ်။ အရင် ဦးသိန်းစိန် အစိုးရလက်ထက်ကလည်း တော့တော့ကို လျော့နည်းလာတယ်။ တစ်ယောက်နဲ့ တစ်ယောက် မယုံကြည်ဘဲဖြစ်လာတယ်။ ဒါက မကောင်းဘူး ငြိမ်းချမ်းရေးလုပ်ငန်းစဉ် အလှမ်းဝေးသွားစေနိုင်တယ်”ဟု ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များ အပါအဝင် စီးပွားရေး၊လူမှုရေး၊သဘာဝ သယံဇာတ၊စသည့် အခန်းကဏ္ဍများကို စောင့်ကြည့်ကာ စာအုပ်များ ထုတ်ဝေလျက်ရှိသော BNI မှ စီမံခန့်ခွဲရေးဒါရိုက်တာ နိုင်ကဆော့မွန်က ၂၀၁၇ ခုနှစ်၊ဇန်နဝါရီ ၂၇ ရက်တွင် မြန်မာ့ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို ပုံဖော်ခြင်း-လမ်းညွန်အကိုးအကား ၂၀၁၆ စာအုပ် မိတ်ဆက်ပွဲမှာ ပြော ကြားခဲ့သည်။

အလားတူ ဖေဖော်ဝါရီ ၆ ရက်နေ့က ဖြစ်ပွားခဲ့သော အခြေအနေအရ ၂၁ ရာစု ပင်လုံညီလာခံသို့ ချင်းအမျိုးသား တပ်ဦး CNFတက်ရောက်လာခြင်းမရှိပါက သန်မာနေသော ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ချည့်နဲ့သွားစေမည်ဖြစ် ပြီး နောက်ဆုံး လုံးပါးပါး သွားကာ အလှမ်းဝေးသွားစေနိုင်ပါသည်။

အဘယ်ကြောင့်ဆိုသော် NCA လက်မှတ်မထိုးရသေးသည့် အဖွဲ့များကလည်း လေ့လာသူအဖြစ်သာ တက်ရောက်ရမည်ဆိုလျှင် ၂၁ ရာစု ပင်လုံညီလာခံသို့ တက်ရောက်မည်မဟုတ်ကြောင်း ထုတ်ပြန်ထားရာ ယခု CNF ၏ ဖြစ်စဉ်အပေါ်မှာ ၎င်းတို့အနေဖြင့်လည်း စောင့်ကြည့်လေ့လာနေမည်ဖြစ်သည့်အတွက် အစိုးရဘက်မှ မဖြေရှင်းပေးနိုင်လျှင် ယုံကြည်မှုများ ပိုမိုလျော့ပါးသွားမည်ဖြစ်သည်။

လက်မှတ်မထိုးရသေးသည့် အဖွဲ့များကလည်း ညီလာခံကို လေ့လာသူအဖြစ်မဟုတ်ပဲ အားလုံးတန်းတူညီမျှ ပါဝင်ဆွေးနွေးခွင့်ရမည်ဆိုလျှင် ၎င်းတို့အနေဖြင့် လိုလားချက်နှင့်လိုအပ်ချက်များကို ပြင်ဆင်ရေးဆွဲကာ တင်ပြ တောင်းဆိုကြမည်သည်။

အဆိုပါ ကိစ္စရပ်များကို အစိုးရဘက်မှ ရှောင်လွှဲနေ၍ မရပေ။တောင်းဆိုသံများကို နားထောင်ကာ အားလုံး ပူးပေါင်း ဖြေရှင်းဆောင်ရွက်မှသာလျှင် မတူကွဲပြားနေမှုများကို စုစည်းနိုင်မည်ဖြစ်သည်။ညီလာခံတွင် အားလုံးက တောင်းဆိုလာကြမည်ဖြစ်ရာထိုသို့ တောင်းဆိုသံများ အပြိုင်အဆိုင်ဖြစ်နေသည့်အချိန်တွင် တချို ့သော သူများ မှာ နှုတ်ဆိတ်နေရမည်ဆိုလျှင် အဓိပ္ပာယ်ပြည့်ဝသည့် ညီလာခံတစ်ရပ် ဖြစ်မလာနိုင်ပေ။

ထို့ကြောင့် အစိုးရအနေဖြင့် တောင်းဆိုသံများကို ကြောက်ရွံ ့မှုမရှိပဲ အားလုံးကို ဖွင့်ပေးခြင်းဖြင့် နိုင်ငံသူ/သား အားလုံး အတူတကွ သွားလိုသောခရီးကို အတူတူ လှော်ခတ်ရင် သွားရန် လိုအပ်ပါသည်။နိုင်ငံတော်၏အတိုင် ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ၂၀၁၆ ခုနှစ်၊သြဂုတ် ၃၁ ရက်မှ စက်တင်ဘာ ၃ ရက်အထိ ကျင်းပခဲ့သော ၂၁ ရာစု ပင်လုံညီလာခံတွင် ပြောကြားခဲ့သော စကားကို ပြန်ပြောင်း သတိရစေသည်။

မိမိ၏ ပြဿနာများကို ပွင့်ပွင့်လင်းလင်းထုတ်ဖော် ပြောကြားရန်လိုအပ်ကြောင်း၊ထိုမှသာလျှင် သွားချင်သည့် ခရီးကို သွားနိုင်မည်ဖြစ်ပြီး ပြဿနာများကို မျိုသိပ်ထားပါက ဖြေရှင်းဆောင်ရွက်နိုင်မည်မဟုတ်ကြောင်း ၎င်းက ပြောကြားခဲ့ဖူးသည်။

ဤစကားအရဆိုလျှင် အစိုးရအနေဖြင့် ဒုတိယအကြိမ် ကျင်းပမည့် ၂၁ ရာစုပင်လုံညီလာခံမှာ လူစုံ တက်ရောက်လာနိုင်ရေး ကြိုးစားဆောင်ရွက်ပေးရန် လိုအပ်သကဲ့သို့ အားလုံး တန်းတူညီမျှ ဆွေးနွေးခွင့် ရရှိ ရေး ဆောင်ရွက်ရန်လည်း လိုအပ်ပြီး လိုလားချက်နှင့် လိုအပ်ချက်များကို သယ်ဆောင်ပေးမည့် ဆွေးနွေးပွဲ များကိုလည်း ကျင်းပနိုင်ရေး ဆောင်ရွက်ပေးရန် လိုအပ်နေပါသည်။

“ဖိနပ်ပြတ်ရင်  ဆက်လျှောက်လို့ရတယ်။

စိတ်ပျက်ရင် အောင်မြင်မှုခရီး ဆက်သွားလို့ မရတော့ဘူး”ဆိုသည့် အတိုင်း တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ၏ စိတ်ဓါတ်များ ပျက်ပြားမသွားအောင် အစိုးရဘက်မှ ခွန်အား များ ဖြည့်စီးပေးခြင်းဖြင့် တောင်းဆိုသံများကို နားထောင်သင့်ပါသည်။

Most read this week

မြေရှားသတ္တုစစ်ယူသည့် အက်ဆစ်ရေကန်များ
January 17, 2024
ဆမ်နော် — ကမ္ဘာ့မြေရှားတောင်းဆိုမှုအရ တရုတ်ရဲ့ လိုအပ်မှုအတိုင်း ကချင်မြေရှားတွေကတော့ ဆက်လက်...
March 21, 2023
ရခိုင်ပြည်ထဲက ရထားလမ်းစီမံကိန်းမှာ သံလမ်းမရောက်၊ ရထားမရောက်ဘဲ ခါးပြတ်နေသည့်...
April 27, 2022
“ကျနော်တို့ပြည်နယ်တော့ ပြန်ပြီးငြိမ်းချမ်းမယ်လို့ ထင်တယ်လေ။ မငြိမ်းချမ်းနိုင်တော့ဘူးလား။...
March 28, 2022
“ဒီစစ်အာဏာရှင်တွေနဲ့ ဆွေးနွေးပြီးတိုက်နေလို့ ဘယ်တော့မှအမြစ်ပြတ်မှာ မဟုတ်ဘူး။ စစ်ရေးအရ အပြင်...