မင်းခိုက်သူ - ကရင်တိုင်းရင်းသားများသည် ရာစုနှစ်ပေါင်း များစွာ မိမိတို့၏ ဘဝရပ်တည်ရှင်သန်နိုင်ရန် ရုန်း ကန်ခဲ့ကြရ သည်။ ‘ကရင်လူမျိုးတို့၏ မူရင်းဒေသမှာ အာရှတိုက်အလယ်ပိုင်း တရုတ်ပြည်၏ အနောက် ဘက်ရှိ မြင့်မား သော တောင်တန်းများခြံရံသည့် ကုန်းပြင်မြင့်ကြီးဒေသဖြစ်သည်။’-၁ ဟု ပညာရှင်များ က ဆိုကြသည်။
ဘိုးဘွားတို့၏ ရှေးစကားအရ ‘ထီဆေ့မေ့ယွား’ (ရေထိုးသဲမျှော)ဒေသကို ဖြတ်ကျော်ပြီး ဘဝ၏ ကြမ်းတမ်းမှု အခက်အခဲမျိုးစုံကို ရင်ဆိုင်ဖြတ်သန်းရင်း မိမိတို့ရောက်ရှိသော ယခုတိုင်းပြည်၌ ရေကြည်ရာ မြက်နုရာ မြို့ပြနိုင်ငံအဖြစ် တည်ထောင်ပြီး နေထိုင်လာခဲ့ကြသည်။
ပဒေသရာဇ်နိုင်ငံ တည်ထောင်လာသည့်အခါ အဖိနှိပ်ခံဘဝဖြင့်နေထိုင်ကြရသဖြင့် ကရင်အများစုသည် တောထဲတောင်ထဲသို့ ပုန်းရှောင်နေထိုင်ကြရသည်။ တချို့မှာ ပဒေသရာဇ် စနစ်ထဲမှ ရုန်းမထွက် နိုင်ရှာဘဲ အမှုထမ်းတွေ ဖြစ်လာကြသည်။ အဖိနှိပ်ခံ လူတန်းစားဘဝဖြင့် နေထိုင်ခဲ့ကြရသောကြောင့် မိမိတို့၏ စာပေနှင့် ယဉ်ကျေးမှုသည်လည်း ပျောက်ကွယ်လုမတတ် ဖြစ်ခဲ့ရလေသည်။ မိဘဘိုးဘွားများ ပြောဆိုခဲ့သော ကရင် တို့၏ လိတ်ဆန်ဝေ့စာပေဆိုသည်မှာလည်း နှစ်ပေါင်းများစွာ အမည်သာ ကြားဖူးသည်။ သို့သော် ကရင်တိုင်း ရင်းသားတို့သည် မိမိတို့၏ ယဉ်ကျေးမှုအမွေအနှစ်တွေကို မပျောက်စေဖို့ ထားကဗျာ၊ လင်္ကာ၊ သီချင်းများဖြင့် နှစ်ပေါင်းများစွာအံ့ဩဘွယ်ရာ ထိန်းသိမ်းထားနိုင်ခဲ့သည်ကို တွေ့ရလေသည်။
ဤသို့နေထိုင်ခဲ့ကြရသဖြင့် ကရင်တိုင်းရင်းသားများ၏ ပညာရေးသည်လည်း ခေတ်အဆက်ဆက် တိုးတက်မှုမရှိဘဲ နိမ့်ကျခဲ့လေသည်။ ပဒေသရာဇ်ခေတ်တွင် ကရင့်လူမျိုး၏ဘဝသည် လုံးဝတိုးတက် ပြောင်းလဲမှုမရှိချေ။ ပဒေသရာဇ်ခေတ် ဘုရင်များသည် မိမိအာဏာကြီးစိုးရေး၊ သားစဉ်မြေးဆက် စည်းစိမ်ခံစားရေးနှင့် အာဏာချဲ့ထွင် စစ်တိုက်ရေးသာ စိတ်ဝင်စားသည်။ တိုင်းရင်းသားများ၏ဘဝ တိုးတက်ရေးအတွက် မည်သို့မျှဆောင်ရွက်ပေးမှု မရှိချေ။ နင်းပြားဘဝအဖြစ်သာ နေထိုင်ခဲ့ကြရ သည်။
အမေရိကန်နှစ်ခြင်း သာသနာပြု ဆရာယုဒသန်သည် ‘၁၈၁၃ ခုနှစ်၊ ဇူလိုင် ၁၃ ရက်နေ့တွင် ရန်ကုန်မြို့သို့ ရောက်လာခဲ့သည်’။-၂ ၁၈၂၄/၂၆-ခုနှစ် တွင် အင်္ဂလိပ် မြန်မာပထမစစ်ပွဲဖြစ်ပွားသည်။ ဆရာယုဒသန်သည် စစ်ပြေငြိမ်းရေးအတွက် မြန်မာစကားပြန်အဖြစ် ဆောင်ရွက်ပြီး တနင်္သာရီတိုင်းနှင့် ရခိုင်ပြည်နယ်ကို အင်္ဂလိပ် တို့အားပေးလိုက်ရသည်။ ထိုအခါ ‘ဆရာယုဒသန်သည်လည်း အင်္ဂလိပ်များ အုပ်ချုပ်သော နယ်မြေတွင် ငြိမ်း ချမ်းရေးရရှိပြီးနောက် သာသနာပြုရန် အဆင်ပြေနိုင်မည်ဟု ယူဆလေသည်။ ထို့ကြောင့် (အင်းဝမှ) ရန်ကုန်သို့ ရောက်ရှိ ပြီးနောက် ၁၀ ရက်အကြာတွင် ဆရာယုဒသန်သည် မစ္စတာရော့ဖော့ဒ်နှင့် တနင်္သာရီနယ်ဘက်သို့ သင်္ဘောနှင့် ရွက်လွှင့်သွားလေသည်’။-၃ ကျိုက္ခမီသို့ ပြောင်းရွှေ့ရောက်ရှိသွားပြီး နှစ်ခြင်း ခရစ်သာသနာကို စတင်ပြုစုပျိုးထောင်လေသည်။
ထို့နောက် ကရင်အပါအဝင် တိုင်းရင်းသားများကို သာသနာပြုလေသည်။ ပထမအင်္ဂလိပ်မြန်မာ စစ်ပွဲအပြီး ‘၁၈၂၆ ခုနှစ်တွင် ကျိုက္ခမီ၌ ဆရာယုဒသန်၏ ဇနီးက စာသင်ကျောင်းတစ်ကျောင်း ဖွင့်လှစ်ခဲ့သည်။ ၁၈၂၇ ခုနှစ်တွင် ယင်းကျောင်းကို မော်လမြိုင်သို့ ပြောင်းရွှေ့သည်။ ၁၈၂၉ ခုနှစ်တွင် ထားဝယ်၌ တစ်ကျောင်း၊ ၁၈၄၀ ပြည့်နှစ်တွင် သံတွဲတွင် တစ်ကျောင်း တိုးချဲ့ဖွင့်လှစ်သည်။ ဤကျောင်းများတွင် အရေး၊ အဖတ်၊ အတွက်ကို ခရစ်ယာန်ဘာသာနှင့်ရော၍ သင်ပေးသည်။ နောင်တွင် ကျောင်းအရေအတွက် တစတစ တိုးလာသည်။ အထူးသဖြင့် ကရင်ရွာများ၌ ပို၍ များပြားသည်။ မြို့ကြီးများတွင်ရှိသည့် ကျောင်းများအနက် ပုသိမ်မြို့၌ သာသ နာပြု ဆရာ “အက်ဘော့” တည်ထောင်သော ဆရာဖြစ်သင် နော်မံကျောင်းမှာ အထူးထင်ရှားခဲ့သည်’။-၄ ကိုတွေ့ ရပါသည်။ ထိုကျောင်းများသည် ကရင်အများဆုံး ပညာကြားရာနေရာဖြစ်လာခဲ့သဖြင့် ကရင့်ပညာ ရေးသည်လည်းစတင်၍ အခြေတည်လာသည်ကို တွေ့ရလေသည်။
ကရင်တိုင်းရင်းသားများသည် ခရစ်ယာန်ဘာသာကို ‘၁၈၂၉ ခုတွင် ဦးသာဖြူ(စောသာဖြူမှ တစ်ဆင့် စတင်လက်ခံကိုးကွယ်လာခဲ့သည်။’-၅ စောသာဖြူထက် စောသော နှစ်ခြင်းခံယူသူမှာ မြန်မာအမျိုးသား မောင်နောပင်ဖြစ်သည်။
‘၁၈၃၂ ခုနှစ်၊ ဇန်နဝါရီ ၁ ရက်နေ့တွင် ဆရာယုဒသန်နှင့် အဖွဲ့သည် သံလွင်မြစ်အရှေ့ဘက် မြောက် ပိုင်းနယ်ရှိ ဂျိုင်းနှင့် ဒါးဂျိုင်းမြစ်အတိုင်း ဆန်တက်သွားသည်’။-၆ လှည့်လည်၍ သာသနာပြုကာ နောင်ထို ဒေသ၌ ခရစ်ယာန်တို့၏ ရွာသစ်ကိုပါ တည်ထောင်လေသည်။ ဤသို့ဖြင့် ကရင်တိုင်းရင်းသားတွင် ဗုဒ္ဓဘာ သာနှင့် ရိုးရာနတ်ကိုးကွယ်မှုရှိရာမှ ခရစ်ယာန်ဘာသာကိုလည်း ကိုးကွယ်လာခဲ့ကြလေသည်။ ထို့နောက် သာသနာပြုဆရာဖြစ်ကြသော ဒေါက်တာဂျိုနသန်ဝိတ်နှင့် ဒေါက်တာအယ်ဘရေတန်တို့ရောက်လာကြသည်။
သာသနာပြုဆရာများသည် တိုင်းရင်းသားတို့အား ခရစ်ယာန်ဘာသာနှင့်အတူ ပညာရေးကို စတင် မျိုးစေ့ ချပေးလေသည်။ သာသနာပြုကျောင်းကို တည်ထောင်သည်။ ပညာရေးနိမ့်ကျနေသော တိုင်းရင်းသားတို့အား အသက်မွေးဝမ်းကျောင်းစသော လောကဓာတ်ပညာတွေကို သင်ပေးသည်။ စာပေမရှိသည့် တိုင်းရင်းသား တို့အား စာပေတီထွင်ပေးသည်။ (ဥပမာ-ကချင်၊ ချင်း၊ ကရင် စသည်) ဒေါက်တာဂျိုနသန်ဝိတ်သည် ‘ကရင် လူကြီးများ ဖြစ်ကြသော စောကြဲသေ, စောကော်တူတို့၏ အကူအညီဖြင့် ၁၈၃၂ ခုနှစ်ဝန်းကျင်တွင် စကော ကရင်စာကို အောင်မြင်စွာ ပြန်လည် ဖော်ထုတ်ပေးနိုင်ခဲ့သည်’။-၇ ထိုမှစ၍ စကောကရင်စာပေသည် တဖြည်းဖြည်း ဖွံ့ဖြိုးလာခဲ့သည်။ “၁၈၄၂ ခုနှစ်တွင်စဝှော်(စကော)ကရင်ဘာသာဖြင့် ဆာထူဝေါခေါ် အရုဏ်ကြယ်လစဉ် မဂ္ဂဇင်းထွက်လာသည်’။-၈ ကိုတွေ့ရလေသည်။
၁၈၄၀ ပြည့်တွင် ဒေါက်တာဂျိုနသန်ဝိတ် အစပျိုးခဲ့သော ‘ပိုးကရင်စာပေကို သာသနာပြုဆရာ ဘရေတန်က ၁၈၄၁ ခုနှစ်တွင် တီထွင်ပေးခဲ့ခြင်း ဖြစ်သည်’။-၉ နောက်ပိုင်းတွင် စကောနှင့် ပိုးဘာသာ တို့ဖြင့် သမ္မာကျမ်းစာ ကိုလည်း ပြန်ဆိုရေးသားထုတ်ဝေနိုင်ခဲ့သည်။ ကရင်တိုင်းရင်းသားများသည် ကရင်စာပေပေါ်ထွက်လာခဲ့သဖြင့် ခေတ်အဆက်ဆက် ပညာရေးနိမ့်ကျရာမှ တဖြည်းဖြည်း တိုးတက် မြင့်မားလာခဲ့သည်ကို တွေ့ရလေသည်။
ထို့ပြင် ‘၁၈၅၂ ခုနှစ်တွင် ဖြစ်ပွားသော အင်္ဂလိပ်+မြန်မာ စစ်ပွဲဂယက်မှာ ကရင်တိုင်းရင်းသားများ ဖြစ်ပေါ်တိုးတက်မှု သမိုင်းကို များစွာ အကျိုးသက်ရောက်စေခဲ့သည်။ ပဲခူး၊ ညောင်လေးပင်၊ ရွှေကျင်၊ ကျောက် ကြီးမှ စစ်ပြေးဒုက္ခသည်များကို အမေရိကန်သာသနာပြုဆရာများက ရန်ကုန်သို့ ခေါ်ဆောင်လာပြီး နေရာချ ထား ဆောင်ရွက်ပေးသဖြင့် နောင်တွင် ငွေကြေးချမ်းသာသူအချို့နှင့် အခြေခံပညာရှိသူများ ပေါ်ပေါက်လာခဲ့ပြီး ဆစ်ဒနီလူနီကဲ့သို့ ကရင်အမျိုးသားခေါင်းဆောင်များလည်း ပေါ်ပေါက်လာခဲ့သည်ကို တွေ့ရလေသည်။-၁၀
၁၈၅၂/၁၈၅၃ ခုနှစ်၊ အင်္ဂလိပ်+မြန်မာဒုတိယစစ်ပွဲပြီးချိန်တွင် ‘ပဲခူးခရိုင်ကို ဗြိတိသျှ အစိုးရတို့ လွှဲယူသော ၁၈၅၂ ခုနှစ်တွင် ကျေးရွာစာသင်ကျောင်းငယ် ၅၀ ခန့်ရှိနှင့်ပြီး ဖြစ်သည်။ ထိုအချိန်မှာ ကရင် ခရစ်ယာန်စာသင်ကျောင်း စတင်တည်ထောင်ချိန် ဖြစ်သည်။ ကရင်ကျောင်းများ ဖြစ်မြောက်ရေးအတွက် ဒေသန္တရ ကရင်ဘာသာစကားများကို စာအဖြစ် တီထွင်ရေးသားခြင်း၊ စာအုပ်များရေးသားပြုစုခြင်း၊ ဆရာများ မွေးထုတ်ခြင်း ပြုခဲ့ကြရသည်ကို တွေ့ရ လေသည်။ -၁၁
စာပေသည် ပညာရေးပင် ဖြစ်သလို ပညာရေးသည်လည်း စာပေပင်ဖြစ်ကာ ဒွန်တွဲလျက် ရှိနေပါ သည်။ သာသနာပြုကျောင်းနှင့်အတူ ကရင်စာပေနှင့် ပညာရေးသည် တိုးတက်ဖွံ့ဖြိုးလာခဲ့သည်။ ကရင် ပညာရေးဖွံ့ဖြိုးလာချိန်တွင် ယင်းဒုတိယစစ်ပွဲကြောင့် မြစ်ဝကျွန်းပေါ်ဒေသတွင်လည်း ဂယက်ရိုက်ခတ်မှု ရှိခဲ့လေသည်။
ထိုကြောင့် ကရင့်အနာဂတ်ကို ဖန်တီးမည့် ‘စောတီသံပြာလေးသည် မိမိဇာတိဖြစ်သော ပုသိမ်မြို့ နယ် ကျုံတာကျေးရွာတွင် မနေတော့ဘဲ ၁၈၅၂ ခုနှစ်၊ ၁၀ နှစ်သားအရွယ်တွင် ပုသိမ်မြို့သို့ အပြီး ပြောင်းရွှေ့ပြီး အမေရိကန်နှစ်ခြင်းသာသနာပြုမှ ဖွင့်လှစ်သော ‘ကိုးဆူအကယ်ဒမီကျောင်း’ (ရာသီ အလိုက်ဖွင့် လှစ်သောကျောင်းဖြစ်ပြီး အသက်မွေး ဝမ်းကျောင်းပညာကို သင်ပေးသည်)တွင် စတင် ပညာသင်ကြား သည်’။-၁၂ ‘၁၈၇၁-ခုနှစ်တွင် စောတီသံပြာသည် အမေရိကန်နိုင်ငံတွင် (ဘီအေ)ဘွဲ့ကို ရရှိသည်။ နောက် ထပ် ၂ နှစ်အကြာတွင် (အမ်အေ)ဘွဲ့ကို ရရှိပြီး နောက်ပိုင်းတွင် (ဓမ္မပါရဂူဘွဲ့)ကိုပါ ရရှိခဲ့လေသည်။’-၁၃
စင်စစ် ကရင်တိုင်းရင်းသားများ ပညာရေး ဖွံ့ဖြိုးတိုးတက်လာမှုမှာ သာသနာပြုများရောက်ရှိ ပြန့်နှံ့ရာ ဒေသများ၌ဟု ဆိုနိုင်ပါသည်။ အကြောင်းမှာ သာသနာပြုဆရာများကို အမှီပြု၍ ကိုးကွယ်မှု ဘာသာရေး နှင့်အတူ ပညာရေးကိုပါ ဆည်းပူးအား ထုတ်ရခြင်းကြောင့်ပင် ဖြစ်သည်။ ထိုစဉ်က ဗြိတိသျှအစိုးရသည် အထက်မြန်မာနိုင်ငံကို သိမ်းပိုက်နိုင်ခြင်း မရှိသေးဘဲ မြန်မာနိုင်ငံအောက်ပိုင်းနှင့် အလယ်ပိုင်းအထိသာ သိမ်းထားလျက် ရှိလေသည်။ ကရင့်ဘဝသည် လွန်စွာတိုးတက်သွားခဲ့ပြီဖြစ်၍ ပဒေသရာဇ်ခေတ်နှင့် မည်သို့မျှ နှိုင်းယှဉ်လို့မရတော့ဘဲ ဆီနှင့်ရေလိုပင် ကွာခြားသွားခဲ့ပြီးဖြစ်သည်။
ကရင့်ပညာရေး တိုးတက်လာသည်နှင့် မြန်မာနိုင်ငံအောက်ပိုင်းတွင်နေသော စောစံစီဖိုးသည် ပြည်ပသို့ ပညာ သင်သွားနိုင်ခဲ့သလို ပိုက်ဆံချမ်းသာသော စောဖေသာ၊ စောဘဦးကြီးတို့သည်လည်း ဥရောပသို့ သွားရောက် ပညာသင်ယူနိုင်ခဲ့ကြသည်။ စောစံဖိုးသင်၊ စောဘအောင်ချိန်၊ စောစံတင်၊ စော ထင်လေးမြ၊ စောမြသိန်း စသည့် ပညာတတ်ကရင်များ ပေါ်ထွက်ခဲ့သလို ဗိုလ်ချုပ်စမစ်ဒွန်း၊ ဗိုလ်မှူးချုပ် စောကြာဒိုး၊ ဗိုလ်မှူးကြီး စောရှီးရှိုတို့လည်း ပေါ်ထွက်လာခဲ့လေသည်။ ပညာရေးဖွံ့ဖြိုးတိုးတက်မှု၏ ရလဒ်ပင် ဖြစ်သည်။
ထိုစဉ်က ‘အင်္ဂလိပ်နယ်ချဲ့ကိုလိုနီ အုပ်ချုပ်မှု အောက်တွင် ဗမာပြည်၌ ပညာသင်ကျောင်း ၃ မျိုး ၃ စားရှိ သည်’။-၁၄
(၁) အင်္ဂလိပ်ကျောင်း (Anglo Schools)၊ ဤ ကျောင်းမျိုးသည် အနောက်တိုင်းသားအတွက် အထူးသဖြင့် စီစဉ်ထားခြင်းဖြစ်သည်။
(၂) အင်္ဂလိပ်မြန်မာကျောင်း (anglo-venacular school) ၊ ဤကျောင်းများသည် အင်္ဂလိပ်စာရော၊ ဗမာစာပါ အဓိကထားပြီး သင်ကြားကြသည်။ အင်္ဂလိပ်ဘာသာမှာ ပထမအဓိက ဘာသာအဖြစ်နှင့် မြန်မာစာမှာမူ ဒုတိယ အဓိကဘာသာအဖြစ် ထားရှိသည်။
(၃) တိုင်းရင်းသားကျောင်း (venacular school)၊ ဤကျောင်းများသည် ကျေးလက်တောရွာ တိုင်းလိုလိုမှာ ရှိကြပြီး အချို့မြို့များတွင်လည်း ရှိကြသည်။ အထူးသဖြင့် ဆင်းရဲသူ ဆင်းရဲသားများအတွက် ဖွင့်လှစ်ထား သည့်ကျောင်းများပင် ဖြစ်ကြသည်။
ဤကျောင်းသုံးမျိုးရှိခဲ့ပြီး ၁၉၂၀ ပြည့်နှစ် ကျောင်းသားသပိတ်ကြီး ပေါ်ပေါက်ပြီးနောက် အမျိုးသားကျောင်းများ ပေါ်ပေါက်လာသည်။ ‘အမျိုးသားကျောင်းများကို ၁၉၂၀ ပြည့်နှစ် ဒီဇင်ဘာလနှင့် ၁၉၂၁ ခုနှစ်၊ ဇန်နဝါရီလအတွင်း နယ်အနှံ့အများဆုံး တည်ထောင်ခဲ့သည်’။-၁၅
မြန်မာနိုင်ငံကို အင်္ဂလိပ်မအုပ်ချုပ်မီ ‘သရေ ခေတ္တရာခေတ်မှသည် ပဒေသရာဇ်ခေတ်နှောင်း ကုန်းဘောင် ခေတ် အလယ်ပိုင်းအထိ ရဟန်းများက အမျိုးသားပညာရေးတာဝန်ကို ထမ်းဆောင်ခဲ့ကြသည်’။-၁၆ သံသရာမှ လွတ်မြောက်ရန် ကျင့်သုံးသော အရညဝါသီရဟန်းတော်များနှင့် လောကီရေးတွင် အတတ်ပညာများကို သင်ပြသော ဂါမဝါသီခေါ် ကျောင်းဘုန်းကြီးများရှိရာတွင် အမျိုးသားပညာရေးတာဝန်ကို ဂါမဝါသီများက ထမ်းဆောင်ခဲ့ကြသည်ဟု ဆိုပါသည်။
‘ဤသို့ထွန်းကားခဲ့သော ပညာသင်ကြားရေးစနစ်သည် ဘုန်းကြီးကျောင်းပညာရေးအဖြစ် တည် ရှိနေခဲ့ သည်’။-၁၇ ယနေ့အခေါ်မှာ ဘုန်းတော်ကြီးသင် ပညာရေးကျောင်း(ဘက)ပင် ဖြစ်သည်။ ထိုခေတ်က ‘ဘုန်းကြီးကျောင်းများအပြင် အိမ်ကျောင်းဟု ခေါ်သော လူကျောင်းများလည်းရှိသည်’ ဟူ၍ သိရလေသည်။-၁၈ အင်္ဂလိပ်ပညာရေးစနစ် ထွန်းကားလာ သည့်အခါ ဘုန်းတော်ကြီးသင် ပညာရေးကျောင်းများလည်း ကျဆင်း လာခဲ့သည်ကို တွေ့ရလေသည်။
ဘုန်းကြီးကျောင်းနှင့် အင်္ဂလိပ်ကျောင်း ကွာခြားချက်မှာ ခေတ်ပေါ်(ခေတ်မီ)လောကဓာတ်ပညာ အမျိုးမျိုးကို အင်္ဂလိပ်ကျောင်းက သင်ပေးနိုင်ခြင်းပင် ဖြစ်သည်။ မြန်မာ့ပညာရေးသည်လည်း အင်္ဂလိပ် ခေတ်ရောက်မှ စတင်ဖွံ့ဖြိုးလာခဲ့သည်ဟု ဆိုနိုင်ပါသည်။
အထက်ပါ အင်္ဂလိပ်ခေတ် ကျောင်းသုံးကျောင်းတွင် ပညာလိုလားသူများ၏ အဆင့်အတန်းအလိုက် ပညာသင် ယူကြရသည်။ ကရင်တိုင်းရင်းသားများသည်လည်း ပညာသင်ကြားခွင့်ရရှိကြသဖြင့် ခေတ်ပညာတတ်တွေ ဖြစ် လာကြပြီး အစိုးရ၏ အမှုထမ်း အရာထမ်းတွေများစွာ (ဝန်ကြီးအထိ) ဖြစ်လာခဲ့ကြသည်။ သို့သော် ကရင်အများ စုမှာမူကား နိမ့်ကျသည့် ဘဝများနှင့်သာ ရုန်းကန်နေကြရတုန်းပင် ရှိသေးသည် ဆိုရပါမည်။
ထိုစဉ်က အင်္ဂလိပ်ခေတ် ကရင့်ဘဝအခြေအနေကို ကရင်စာရေးဆရာတစ်ဦးက ‘ပဒေသရာဇ်ခေတ် ကုန်ဆုံးပြီး နယ်ချဲ့အင်္ဂလိပ် ကိုလိုနီခေတ်သို့ ရောက်လာသောအခါ နယ်ချဲ့များသည် ကရင်လူမျိုးများကို မြှောက်စား သယောင်ဖြင့် အသုံးပြုခဲ့သည်ကို တွေ့ရသည်။ မည်သို့ဆိုစေ နယ်ချဲ့အင်္ဂလိပ်တို့ကြောင့် ကရင်တို့၏ လူနေမှု ဘဝ တိုးတက်ပြောင်းလဲလာ ခဲ့သည်ကိုတော့ မငြင်းပယ်နိုင်ပါ။ တစ်စုံတစ်ခုသော ဗြိတိသျှ လက်အောက်သို့ ကျရောက်ခြင်းမရှိသေးဘဲ ၁၈၈၅ ခုနှစ်ရောက်မှ ကျရောက်သည်။ ဗြိတိသျှလက်အောက် ကျရောက်သော အောက်မြန်မာနိုင်ငံ၌ ဒေါကလုကို လွတ်လပ်စွာဖြင့် ဖွဲ့စည်းနိုင်ခြင်းသည် ကရင်တိုင်းရင်းသားတို့၏ ပညာတတ် အမြော်အမြင် ကြီးမားမှုကြောင့်ပင် ဖြစ်သည်။ ပဒေသရာဇ် ဘုရင်မင်းလက်အောက်တွင် မည်သည့်တိုင်း ရင်းသားအဖွဲ့ အစည်းများမှ အမျိုးသားရေးအတွက် ဖွဲ့စည်းလှုပ်ရှားခွင့်မရရှိခဲ့ကြချေ။ ပဒေသရာဇ်မင်းများ အာဏာ ကြီးစိုးခဲ့သည်။
ထို့ပြင် အောက်မြန်မာနိုင်ငံ ဗြိတိသျှလက်အောက် ရောက်ခဲ့ပြီး ကျန်ခဲ့သော အထက်မြန်မာနိုင်ငံ ဗြိတိသျှ မသိမ်းခင်အချိန် ၁၈၃၂ ခုနှစ်တွင် စကော ကရင်စာပေ ပေါ်ပေါက်လာသည်။ ယင်းကရင်စာပေ ပေါ်ပေါက် သည်မှ စောတီသံပြာ ဘွဲ့ရရှိသော ၁၈၇၁ ခုနှစ်အထိ နှစ်ပေါင်း ၃၉ နှစ်အတွင်း၌ ကရင်စာပေနှင့် ပညာရေး သည် အတော်ကို ဖွံ့ဖြိုးတိုးတက်လာခဲ့ပြီဟု ဆိုရပါမည်။ ကရင်အမျိုးသားတို့သည် ပညာရေး၌ နိုးကြားကြိုးစား လာခဲ့ပြီးဖြစ်သည်။ သို့တွက်ကြောင့် နောက်ထပ် ၁၉ နှစ်အကြာတွင် ဒေါကလုအသင်းကြီး ပေါ်ပေါက် လာသည်နှင့် ကရင်အမျိုးသားတို့သည် အမျိုးသားရေး၊ နိုင်ငံရေးစသော အသိအမြင်တို့မှာ အဆက်မပြတ် ကျယ်ပြန့်စွာ တိုးပွား၍ လာခဲ့သည်။ ဒေါကလု အသင်းကြီးသည် အိန္ဒိယနိုင်ငံရှိ ကွန်ဂရက်အသင်းထက် ၂ နှစ် စောပြီး မြန်မာနိုင်ငံ ဗုဒ္ဓဘာသာကလျာဏယုဝအသင်းကြီး (YMBA) ထက် ၂၅ နှစ် စောနေသည်ကို တွေ့ရပါ သည်။ ကရင်တိုင်းရင်းသားများသည် အထက်ပါအသင်းများထက် အမျိုးသားရေး၊ ပညာရေး အတွေးအမြင် တို့မှာ များစွာစောနေလျက်ရှိသည်ကို တွေ့ရမည်ဖြစ်သည်။
ထို့ကြောင့် ပညာဝန်ဦးဖိုးကျားက အင်္ဂလိပ်ခေတ်တွင် ပညာရေးကိစ္စ လှည့်လည်လုပ်ဆောင်ရင်း မြန်မာ ဆရာတော်တစ်ပါးနှင့်တွေ့ရာတွင် ‘ကရင် လူမျိုးတွေဟာ တပည့်တော်တို့ တိုင်းရင်းသား လူမျိုးကြီးထဲမှာ ပါဝင်တဲ့လူမျိုးပေါ့။ အင်မတန် ရိုးသားကြတယ်ဘုရား။ ကရင်လူမျိုးအများအပြားလည်း သာသနာပြု ဆရာများကြောင့် လောကီရေးရာ အတန်းစား၊ အတန်းတွေ မြင့်လာကြတယ်ဘုရား။ ဝမ်းသာစရာပဲ “ကရင်များဟာ တဖြည်းဖြည်း ကြီးပွားမှာ အမှန်ပဲဘုရား။” ပြီးတော့ သူတို့ “သာသနာပြု ဆရာများလည်းပဲ သူတော်ကောင်းများဖြစ်တာ တွေ့ခဲ့ရပါတယ်ဘုရား။” အယူဝါဒ ဆိုတာကတော့ မိမိနှစ်သက်ရာယူကြမြဲပဲ။ တပည့်တော်ပြောချင်တာ က “သူတို့ကိုယ်ကျင့်တရား ပြည့်ပုံ၊ လုံ့လထကြွရှိပုံတို့မှာ အတုခိုးစရာပဲဘုရား။” တပည့်တော် ၇ တန်းအောင်တဲ့ အဲဒီပုသိမ်က တလိုင်းကရင်ကျောင်း (သို့) ခေါင်တောက်ကျောင်း (ပိုးကရင် အလယ်တန်း ကျောင်း)က ဆရာကြီး ဒေါက်တာခရွှန်းခိုက် (Cron Khite) ဆိုတာ တပည့်တော်ကို တပည့်ရင်း ချာ သားသမီးပမာ ကြည့်ရှုစောင့်ရှောက်ဖူးတဲ့ ပုဂ္ဂိုလ်ကြီး ပဲဘုရား’ ဟု ထိုစဉ်က ကရင့်ပညာရေး တိုးတက်လာမှု၊ ဆရာကောင်းတွေရရှိမှု၊ လုံ့လဝီရိယရှိမှု၊ အယူဝါဒ နှင့် ကိုယ်ကျင့်တရား ပြည့်ဝမှုတွေကို ဆရာကြီး ဦးဖိုးကျားက မှန်ကန်ရိုးသားစွာ တန်ဖိုးထားလျက် သူတွေ့မြင်ခဲ့သည့်အတိုင်း ရေးသားခဲ့သည်ကို တွေ့ရလေသည်။ (သာသနာပြုကိုယ်တော်နှင့် သာသနာ့ ရန်ဆူးငြှောင့်မှ)
မှတ်ချက်။ ဟင်္သာတမြို့၊ နိဗ္ဗာန်ရွာဇာတိဖြစ်သော ဆရာကြီး ဦးဖိုးကျားသည် ၁၉၁၅ ခု၊ အသက် ၂၄ နှစ်အ ရွယ်တွင် ဆရာတော်ဦးသုန္ဒရ ခေါ်ဆောင်၍ ပိုးကရင်ကျောင်းအကြီးအကဲဖြစ်သူ ဒေါက်တာ ခရွှန်းခိုက်ထံတွင် အပ်နှံပါသည်။ အင်္ဂလိပ်မြန်မာ နှစ်ဘာသာ ၇ တန်းကို ပုသိမ်မြို့ ပိုးကရင်အလယ်တန်း ကျောင်း၌ အောင်မြင် ခဲ့ပြီး ပုသိမ်မြို့ စကောကရင် အထက်တန်းကျောင်းသို့ ပြောင်းရွေ့ပညာသင်ယူခဲ့သည်။ ၁၉၁၈ ခု၊ အသက် ၂၇ နှစ်တွင် အင်္ဂလိပ် မြန်မာ ဆယ်တန်းကို စကောကရင်ကျောင်း (တိုင်တစ်ရာ၊ ကိုသာဖြူကျောင်း)တွင် အောင်မြင် ခဲ့သည်။ ထို့နောက် ဂျပ်ဆင်ကောလိပ်သို့ ဆက်လက်ပညာ သင်ကြားပြီး ၁၉၂၀ ပြည့်တွင် ကျောင်းသားသပိတ် မှောက်ရာတွင် ပါဝင်ဦးဆောင်ခဲ့သူ တစ်ဦးပင် ဖြစ်သည်။
(ဆက်လက်ဖော်ပြပါမည် … ။)