ဝူဟန်ဗိုင်းရပ်စ်ကူးစက်မှု မည်မျှအထိ ဆိုးဝါးလာနိုင်သနည်း

ဝူဟန်ဗိုင်းရပ်စ်ကူးစက်မှု မည်မျှအထိ ဆိုးဝါးလာနိုင်သနည်း
ဓာတ်ပုံ - Getty Images
ဓာတ်ပုံ - Getty Images

စောသန္တာအေး — ကိုရိုနာဗိုင်းရပ်စ်သစ်အား လူအများ အထိတ်တလန့် ဖြစ်သွားသည့် အကြောင်းရင်း နှစ်ခုရှိသည်။ ပထမတစ်ချက်မှာ ဆထက်တိုးများပြားလာသော ကူးစက်မှုနှုန်းဖြစ်သည်။ ကူးစက်မှုသည် ဆယ်ဂဏန်းမှ ရာဂဏန်း၊ ထိုမှတစ်ဆင့် ထောင်ဂဏန်း သောင်းဂဏန်းအထိ မြင့်တက်လာခဲ့သည့်နောက်တွင် ကျန်းမာရေး စောင့်ရှောက်မှုစနစ်များ ပြိုလဲနိုင်ခြေ၊ လူမှုရေးနှင့် စီးပွားရေးများ ယိုယွင်းလာနိုင်ခြေ၊ ကပ်ရောဂါအသွင် ပျံ့နှံ့နိုင်ခြေ စသည့် တွက်ချက်မှုများသည်သာ လူအများအား လွှမ်းမိုးသွားတော့သည်။

နောက်တစ်ချက်မှာ မရေရာမှုဖြစ်သည်။ အချက်အလက်များ မပြည့်စုံသည့်အပြင် အငြင်းပွားဖွယ် ထုတ်ပြန်ချက်များက ယခုရောဂါအား ပညာရှင်များ မဖြေရှင်းနိုင်သေးကြောင်း ညွှန်ပြနေသည်။ ထိုအချက်သည်ပင်လျှင် သတင်းတုများ ကောလာဟလများ ထွက်ပေါ်လာအောင် တွန်းအားပေးလျက်ရှိသည်။

2019-nCoV ဟု အမည်ပေးထားသော ကိုရိုနာဗိုင်းရပ်စ်သစ်၏ ကူးစက်ပျံ့နှံ့မှုနှုန်းသည် ဇန်နဝါရီ ၂၀ ရက်နေ့အထိ ၂၈၂ ခုသာရှိခဲ့သော်လည်း ၉ ရက်အကြာတွင် ၇၈၀၀ အထိ မြင့်တက်သွားသည်။ တရုတ်ပြည်ပြင်ပ၌လည်း ကနဦး ကူးစက်ခံထားရသူ ၄ ဦးသာရှိရာမှ ထိုကာလအတွင်း ၁၉ နိုင်ငံ၌ ၁၀၅ ဦးအထိ မြင့်တက်သွားသည်။ လူအများ၏ အာရုံ၌လည်း ရောဂါကူးစက်ပုံ၊ သေဆုံးသည့်ရာခိုင်နှုန်း စသည့် ရောဂါ၏ အခြေခံအချက်အလက်များအား မမြင်နိုင်ကြတော့ဘဲ သံသယစိတ်များကသာ ဖုံးလွှမ်းသွားတော့သည်။

ဗိုင်းရပ်စ်သစ်သည် တစ်ကမ္ဘာလုံးအတိုင်းအတာဖြင့် ပျံ့နှံ့လာနိုင်သလား၊ မည်သည့်အတိုင်းအတာအထိ အန္တရာယ်ပေးနိုင်သနည်း ဆိုသည်တို့မှာ အဖြေရှာသင့်သော မေးခွန်းများဖြစ်သည်။ တိကျသောအခြေတစ်ခုရဖို့ အချိန်ကြာမြင့်နိုင်သော်လည်း တာဝန်ရှိသူများသည် ယခုကတည်းက တွက်ချက်သင့်နေပြီဖြစ်သည်။

အနီးစပ်ဆုံး ခန်းမှန်းချက်မှာ ဤရောဂါသည် တရုတ်တစ်ပြည်လုံး ပျံ့နှံ့ပြီးနောက် ကမ္ဘာတစ်ဝန်းလုံးသို့ ပျံ့နှံ့သွားနိုင်သော အန္တရာယ်ဖြစ်သည်။ ရာအသီအလိုက် ဖြစ်ပွားတတ်သော သာမန်တုပ်ကွေးသာသာ အဆင့်၌ ရပ်သွားနိုင်သော်လည်း ၎င်းရောဂါ၏ အရေးပါပုံကိုတော့ ထည့်သွင်းတွက်ချက်ထားရမည်ဖြစ်သည်။ ကမ္ဘာ့စီးပွားရေးကိုလည်း ရေတိုအားဖြင့် ရိုက်ခတ်နိုင်ခြေရှိသလို ရောဂါအား ကိုင်တွယ်ပုံအပေါ်မူတည်၍ တရုတ်ပြည်၏ နိုင်ငံရေးအပေါ်တွင်လည်း အကျိုးသက်ရောက်မှု ရှိလာနိုင်ပေသည်။

ယခုဗိုင်းရပ်စ်သည် ၂၀၁၉ ဒီဇင်ဘာတွင် စတင်ပေါ်ပေါက်ခဲ့သည်။ လူနှင့် တိရစ္ဆာန် ထိတွေ့မှုများသော တရုတ်ပြည်တွင် ဗိုင်းရပ်၏ လူကိုကူးစက်နိုင်သည့် သန္ဓေပြောင်းနိုင်ခြေသည် မြင့်မားနိုင်သကဲ့သို့ မြို့ပြသို့ ရွှေ့ပြောင်းအခြေချသူများကြောင့်လည်း လူလူချင်း ကူးစက်ပျံ့နှံ့နိုင်ခြေ ပိုများလျက်ရှိသည်။

ဗိုင်းရပ်စ်သည် လင်းနို့များမှတစ်ဆင့် နို့တိုက်သတ္တဝါများထံ ကူးစက်ပြီး သားရဲတိရစ္ဆာန်များရောင်းချရာ ဝူဟန်စျေးသို့ ရောက်လာပုံပေါ်သည်။ ရောဂါလက္ခဏာများမှာ တုပ်ကွေးနှင့်ဆင်ပြီး အသက်အန္တရာယ်ပေးနိုင်သော နမိုးနီးယားအဆုပ်ရောင်ရောဂါ အထိ ဖြစ်ပွားနိုင်သည်။ ကူးစက်ခံရသူများ၏ ၂၀ ရာခိုင်နှုန်းသည် ပြင်းထန်သည့်အခြေအနေတွင်ရှိပြီး ဆေးရုံတက်ကုသမှုယူရန် လိုအပ်သည်။ ၂ ရာခိုင်နှုန်းမှာ အသက်အန္တရာယ် စိုးရိမ်ရသည့်အနေအထား ဖြစ်သည်။ လက်ရှိအချိန်အထိ ကုသဆေး၊ ကာကွယ်ဆေး မရှိသေးပေ။

မသေချာဆုံးမှာ ကူးစက်ခံရသူ အရေအတွက်ဖြစ်သည်။ တရုတ်ပြည်၏ အခြေခံ ကျန်းမာရေးစောင့်ရှောက်မှုစနစ်သည် ခေတ်နောက်ကျပြီး ဖျားနာသူအချို့မှာ ရှောင်ကြဉ်ခံရခြင်း သို့မဟုတ် လူနာများသောဆေးရုံများက ၎င်းတို့ကို လက်မခံခြင်းများရှိသည်။ ရောဂါဖြစ်ပွားနေမှန်းမသိဘဲ  ကူးစက်ခံထားရသူလည်း အများအပြားရှိနိုင်သေးသည်။ ဟောင်ကောင်တက္ကသိုလ်မှ ပညာရှင်များက ဇန်နဝါရီလ ၂၅ ရက်နေ့အထိ ကူးစက်မှုသည် သောင်းပေါင်းများစွာ ရှိနေပြီဖြစ်ပြီး ဤကပ်ရောဂါသည် လအနည်းငယ်အတွင်း အပြင်းဆန်ဆုံး ဖြစ်လာနိုင်ကြောင်း တွက်ချက်ထားသည်။ ထိုအတိုင်းဆိုလျှင် ဗိုင်းရပ်စ်သည် ထင်ထားသည်ထက် ပိုမိုပျံ့နှံ့လာနိုင်သဖြင့် တရုတ်တစ်ပြည်တည်းတွင် ထိန်းချုပ်နိုင်ရန် ပိုမိုခက်ခဲလာနိုင်သည်။ တုပ်ကွေးနှင့်လည်း လူအများအပြား သေဆုံးနိုင်သည်သာ ဖြစ်သည်။ ၂၀၁၇-၁၈ တုပ်ကွေးကာလအတွင်း အမေရိကန်တွင် ရောဂါကူးစက်သူ ၄၅ သန်း၊ သေဆုံးသူ ၆၁၀၀၀ ရှိခဲ့သည်။

သိပ္ပံပညာရှင်များသည် ဗိုင်းရပ်စ်ကူးစက်မှုအား လျှော့ချရန်အတွက် ကာကွယ်ရေးနှင့် ကုသရေးလုပ်ငန်းများ စတင်နေကြပြီဖြစ်သော်လည်း ၆ လမှ ၁၂ လ အထိ ကြာနိုင်သဖြင့် ကမ္ဘာကြီးအနေဖြင့် လူထုကျန်းမာရေး စောင့်ရှောက်မှုအပေါ်၌သာ မှီခိုနေရဦးမည်ဖြစ်သည်။

တရုတ်ပြည်တွင်လည်း ဝူဟန်နှင့် ဟူဘေဒေသရှိ အခြားနေရာများကို ပိတ်ဆို့လိုက်ခြင်းသည် သမိုင်းတွင် အကြီးဆုံးသော ကန့်သတ်ထိန်းချုပ်မှုဖြစ်သည်။ ပြင်းထန်လှသည့် ကန့်သတ်မှုများကြောင့် စာသင်ကျောင်းနှင့် လုပ်ငန်းများ ရပ်ဆိုင်းသွားပြီး စီးပွားရေးသည် အစားအစာနှင့် ကုန်ပစ္စည်းများ အိမ်အရောက်ပို့ပေးမှု အပေါ်တွင်သာ လည်ပတ်နေရသည်။



ကျွမ်းကျင်သူများကတော့ တရုတ်၏ ဆောင်ရွက်ချက်များအား ချီးကျူးကြပါသည်။ တရုတ်ပညာရှင်များသည် ၂၀၀၃ တွင် ဆားစ်ကို ကိုင်တွယ်ခဲ့သည်ထက် ယခု ဝူဟန်ဗိုင်းရပ်စ်အရေးတွင် ကူးစက်မှုအား တောက်လျှောက် စစ်ဆေးလျက်ရှိခြင်း၊ ဗိုင်းရပ်၏ဇစ်မြစ်ကို ရှာဖွေခြင်း၊ သတင်းထုတ်ပြန်ခြင်းများ ဆောင်ရွက်ကာ ပိုမိုနိုင်နင်းစွာ ဖြေရှင်းလျက်ရှိသည်။

တရုတ်ပြည်၏ ဖွံ့ဖြိုးမှုနှုန်းသည် ဝူဟန်ဗိုင်းရပ်စ်အရေး မစတင်မီ ၆ ရာခိုင်နှုန်းရှိခဲ့ရာမှ ယခု ပထမလေးလပတ်အတွင်း ၂ ရာခိုင်နှုန်းအထိ ကျဆင်းသွားနိုင်ခြေ ရှိနေသည်။ ကမ္ဘာ့ကုန်ထုတ်လုပ်မှု၏ ငါးပုံတစ်ပုံခန့်သည် တရုတ်မှလာသည်ဖြစ်ရာ ကမ္ဘာလုံးဆိုင်ရာ ဖွံ့ဖြိုးမှုနှုန်း အပေါ်တွင်လည်း သိသိသာသာ ရိုက်ခတ်နိုင်သေးသည်။ စီးပွားရေးက ဗိုင်းရပ်စ်ကူးစက်မှု အားပျော့လာချိန်တွင် ပြန်လည် ဦးမော့လာနိုင်သေးသော်လည်း တရုတ်ပြည်ကွန်မြူနစ်ပါတီ ထို့ထက် ရှီကျင့်ဖျင်၏ ဂုဏ်သတင်းမှာမူ အထိနာကျန်ခဲ့ဦးမည့် အခြေအနေတွင် ရှိနေသည်။ သိပ္ပံပညာ၏စွမ်းအားဖြင့် အုပ်ချုပ်ခြင်းသည် ဒီမိုကရေစီထက် ပိုထိရောက်ကြောင်း ပါတီက ဆိုသည်။ ဗိုင်းရပ်အားထိန်းချုပ်ရန် မြို့များကို အင်အားသုံးပိတ်ဆို့ခြင်းကမူ အဓိပ္ပာယ်နောက်တစ်မျိုး ညွှန်ပြလျှက်ရှိသည်။

တရုတ်ပြည် ပြင်ပတွင်ဆိုလျှင် ထိုကဲ့သို့သော ပိတ်ဆို့ထိန်းချုပ်မှုများမှာ စိတ်ကူးထဲတောင် မထည့်နိုင်သည့် အခြေအနေဖြစ်သည်။ ဆေးဝါးနှင့် စီးပွားရေးဆိုင်ရာ ကုန်ကျမှုများသည် ဗိုင်းရပ်စ်ပျံ့နှံ့မှုအား ထိန်းချုပ်နေသည့် အစိုးရများအပေါ် သက်ရောက်လာမည်ဖြစ်သည်။  

ထိန်းချုပ်မှုများ မည်မျှပင်ဆောင်ရွက်စေကာမူ ပြန့်ပွားမှုသည် မြင့်တက်နိုင်သေးသည်။ အာရှတိုက်ရှိ ဧရာမမြို့ကြီးများ၏ ဆင်းရဲသားရပ်ကွက်များနှင့် အာဖရိကရှိ ကျန်းမာရေးစောင့်ရှောက်မှုစနစ် အချို့သည် လူနာများကို သီးသန့်ခွဲ ကုသခြင်းနှင့် နောက်ကြောင်းစုံစမ်းခြင်းများ ဆောင်ရွက်နိုင်မည်မဟုတ်ပေ။ ဗိုင်းရပ်စ်က ကူးစက်နှုန်းပိုများပြီး အသက်အန္တရာယ် ပေးနိုင်သည်အထိ သန္ဓေပြောင်းသွားခြင်းမျိုးလည်း ဖြစ်နိုင်သေးသည်။

ကမ္ဘာ့လူထုသည် ယခင်ကတစ်ခါမှ မရှိခဲ့ဖူးသေးသည့် တုန့်ပြန်မှုမျိုးဖြင့် ဝူဟန်ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ရေးအား မြန်မြန်ဆန်ဆန် ဆောင်ရွက်လျှက်ရှိသည်။ သို့သော်ငြားလည်း ဗိုင်းရပ်စ်သည် အန္တရာယ်ကြီးကြီးမားမား ပေးနိုင်သော အခြေအနေတွင် ရှိနေဆဲဖြစ်သည်။ လူသားတို့၏ ဘောင်ကျော်သည့် အမူအကျင့်သစ်များ ရှိလာခြင်း၊ တိရစ္ဆာန်မွေးမြူရေးများ များပြားလာခြင်း၊ မြို့ပြများတွင် လူနေထူထပ်လာခြင်း၊ ကမ္ဘာကြီးပူနွေးလာအောင် ပြုမူခြင်းများ ရှိနေသေးသရွေ့ ရောဂါအသစ်များလည်း တွေ့လာရမည်သာ ဖြစ်သည်။ ဝူဟန်ဗိုင်းရပ်စ်ကပေးသော ဖျားနာမှုသည် ဆားစ်၊ မားစ်၊ နီပါ၊ ဇီကာ၊ မက္ကစီကန်ဝက်တုပ်ကွေး တို့ကဲ့သို့သော ကပ်ဘေးပေါင်းများစွာထဲမှ တစ်ခုသာဖြစ်သည်။  နောက်ဆုံးမဟုတ်သေးပေ။

စောသန္တာအေး

(The Economist, February 1st, 2020 တွင် ဖော်ပြပါရှိသော How bad will it get? ကို ကောက်နုတ်ပြန်ဆိုပါသည်။)

စစ်တွေမြို့ပေါ် ဘုန်းတော်ကြီးကျောင်းတွင် ခိုလှုံနေကြသော ဗျိုင်းဖြူရွာသားများကို ၂၀၂၄ ခုနှစ် ဇွန်လအတွင်းက တွေ့ရစဉ်။
November 23, 2024
ရခိုင်ပြည်၊ စစ်တွေမြို့၊ စက်ရုံစုရပ်ကွက်ရှိ ရဲကင်းစခန်းအနီးမှ နေအိမ်ဖယ်ရှားခံရသည့် ဒေသခံများမှာ...
ပုံစာ - အမ်းမြို့နယ်ရှိ ကုတင် (၃၀၀) ဆံ့ စစ်ဆေးရုံကို သိမ်းပိုက်ပြီးနောက် တွေ့ရသော AA တပ်ဖွဲ့ဝင်များ။
November 22, 2024
ရခိုင်ပြည်၊ အမ်းမြို့အကျဉ်းထောင်ရှိ အကျဉ်းသားများနှင့် တိုက်ပွဲကာလ ဖမ်းဆီးထားသော အရပ်သားများကို...
မောင်တောမြို့နယ်ရှိ ဟိန္ဒူစစ်ဘေးရှောင်စခန်းမှ ကလေးငယ်တစ်ဦး။ (၂၀၂၄ ခုနှစ်၊ နိုဝင်ဘာ ၂ ရက်)
November 21, 2024
မြန်မာ့ပြည်တွင်းစစ်တွင် အခက်အခဲ၊ အကျပ်အတည်းများစွာနှင့် ရင်ဆိုင်နေရသည့် ကလေးသူငယ်များကို...
ရခိုင်ဒေသမှ စစ်ဘေးရှောင် ကလေးငယ်များ။
November 20, 2024
ရခိုင်ပြည်၊ ကျောက်တော်မြို့နယ်ရှိ စစ်ဘေးရှောင်စခန်းအချို့တွင် ကလေးသူငယ်များ ဝမ်းပျက်ဝမ်းလျှော...