တရုတ်သမ္မတ ရှီကျင့်ဖျင် မြန်မာနိုင်ငံခရီးစဉ်ကနေ ဘာတွေ ရသွားမလဲ

တရုတ်သမ္မတ ရှီကျင့်ဖျင် မြန်မာနိုင်ငံခရီးစဉ်ကနေ ဘာတွေ ရသွားမလဲ
၂၀၁၇ ခုနှစ်က ဘေကျင်းတွင်ပြုလုပ်သည့် ရပ်ဝန်းနှင့်လမ်းစီမံကိန်းဆွေးနွေးပွဲတွင် တရုတ်သမ္မတရှီကျင့်ဖျင် နှင့် မြန်မာနိုင်ငံ၏ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်တို့ကိုတွေ့ရစဉ်။ (ဓာတ်ပုံ - AFP)
၂၀၁၇ ခုနှစ်က ဘေကျင်းတွင်ပြုလုပ်သည့် ရပ်ဝန်းနှင့်လမ်းစီမံကိန်းဆွေးနွေးပွဲတွင် တရုတ်သမ္မတရှီကျင့်ဖျင် နှင့် မြန်မာနိုင်ငံ၏ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်တို့ကိုတွေ့ရစဉ်။ (ဓာတ်ပုံ - AFP)

"တရုတ်-မြန်မာ စီးပွားရေးစင်္ကြံဟာ ကုန်သွယ်ရေးစင်္ကြံတစ်ခု ဆိုတာထက်ပိုပြီး ဒေသတွင်း တရုတ်နိုင်ငံရဲ့ သြဇာသက်ရောက်မှု ကျယ်ပြန့်လာတာနဲ့အမျှ ဒီစင်္ကြံကနေတစ်ဆင့် ဒေသတွင်းအခြေအနေတွေကို ထိန်းချုပ်သွားနိုင်ဖို့ ရည်ရွယ်ထားတယ်လို့ ယူဆရပါတယ်"

တရုတ်သမ္မတရှီကျင့်ဖျင်ဟာ မြန်မာနိုင်ငံကို ဇန်နဝါရီလ ၁၇ ရက်နေ့မှာ ရောက်ရှိလာခဲ့ပါပြီ။ ဒါဟာ ၂၀၀၁ ခုနှစ်တုန်းက တရုတ်သမ္မတ ကျန်ဇီမင်းရဲ့ မြန်မာနိုင်ငံခရီးစဉ်နောက်ပိုင်း အာဏာရတရုတ်သမ္မတတစ်ဦးရဲ့ ပထမဆုံးမြန်မာနိုင်ငံ ခရီးစဉ်ပဲ ဖြစ်ပါတယ်။

ရှီကျင့်ဖျင်နဲ့ ကျန်ဇီမင်းတို့ရဲ့ ခရီးစဉ်နှစ်ခုမှာ ကွာခြားချက်တော့ ကြီးကြီးမားမားရှိလို့နေပါတယ်။ ဘာကြောင့်လဲဆိုတော့ ကျန်ဇီမင်းက မြန်မာနိုင်ငံမှာ စစ်အစိုးရအုပ်ချုပ်နေပြီး တရုတ်နိုင်ငံက မြန်မာနိုင်ငံရဲ့ အနီးကပ်မိတ်ဖက်နိုင်ငံအနေနဲ့ ရှိနေချိန်မှာ အလည်အပတ်ခရီးရောက်ရှိခဲ့တာဖြစ်ကာ ရှီကျင့်ဖျင်ကတော့ မြန်မာနိုင်ငံမှာဒီမိုကရေစီအစိုးရအုပ်ချုပ်နေပြီး မိတ်ဖက်နိုင်ငံအနေနဲ့လည်း တရုတ်နိုင်ငံတစ်နိုင်ငံတည်းမက ရှိနေချိန်မှာရောက်ရှိလာခဲ့တာဖြစ်နေလို့ပါပဲ။

လက်ရှိအချိန်မှာ ဂျပန်နဲ့ အိန္ဒိယတို့က မြန်မာနိုင်ငံကို စီးပွားရေး၊ နိုင်ငံရေးတို့အရ အကူအညီအမျိုးမျိုးပေးနေပြီး အိန္ဒိယဆိုရင် တစ်ချို့ကိစ္စတွေမှာ စစ်ရေးအရအကူအညီပေးတာမျိုးတွေပါ ရှိနေပါတယ်။ ဒါပေမဲ့ မြန်မာနိုင်ငံရဲ့ထူးခြားတဲ့ နိုင်ငံရေး အခြေအနေအရ စစ်တပ်ဟာ အာဏာကြီးကြီးမားမားရှိနေဆဲဖြစ်ပြီး တရုတ်နိုင်ငံရဲ့သဘောထားကို သတိနဲ့စောင့်ကြည့်တဲ့ အခြေအနေမှာ ရှိနေပါတယ်။



စီးပွားရေးစင်္ကြံအတွက် မြန်မာနိုင်ငံဘက်ခြမ်းတွင် တည်ဆောက်မည့် အထူးစီးပွားရေးဇုန်များ (ဓာတ်ပုံ - Asian Nikkei)

တစ်ဖက်မှာလည်း လက်ရှိမြန်မာ့နိုင်ငံရေးခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ဟာ ဘင်္ဂါလီ(မူရင်းမှာ ရိုဟင်ဂျာဟုဖော်ပြ) အရေးနဲ့ပတ်သက်ပြီး အနောက်နိုင်ငံတွေနဲ့ ဆက်ဆံရေးအဆင်မပြေဖြစ်နေချိန်မှာ မြန်မာနိုင်ငံရဲ့ ယခင်မိတ်ဖက် နိုင်ငံဟောင်း တရုတ်နိုင်ငံဆီကနေ စီးပွားရေးနဲ့ တခြားအကူအညီတွေ အလိုရှိနေတဲ့အခြေအနေမှာ ရှိနေပါတယ်။

ရှီကျင့်ဖျင်ရဲ့မြန်မာနိုင်ငံခရီးစဉ်အတွင်းမှာ တရုတ်-မြန်မာနယ်စပ်က အထူးစီးပွားရေးဇုန်တွေ ဖော်ဆောင်ရေးနဲ့ တရုတ်ရဲ့ စီးပွားရေးအရအကူအညီနဲ့ တည်ဆောက်လျက်ရှိတဲ့ ကျောက်ဖြူရေနက်ဆိပ်ကမ်းတို့နဲ့ ပတ်သက်ပြီး သဘောတူညီမှုတွေ လက်မှတ်ရေးထိုးသွားဖွယ် ရှိနေတာလည်းဖြစ်ပါတယ်။

မြန်မာနိုင်ငံဟာ အားလုံးသိတဲ့အတိုင်း ပထဝီနိုင်ငံရေးအရ တရုတ်နိုင်ငံရဲ့မဟာဗျူဟာမြောက်နိုင်ငံတစ်နိုင်ငံဖြစ်ပြီး တရုတ်-မြန်မာ စီးပွားရေးစင်္ကြံဟာ တရုတ်နိုင်ငံနဲ့ ကမ္ဘာကြီးကိုချိတ်ဆက်ပေးမယ့် သမ္မတရှီကျင့်ဖျင်ရဲ့ ရပ်ဝန်းနှင့်လမ်းစီမံကိန်းမှာ အဓိက အသက်သွေးကြောနေရာက ရှိနေပါတယ်။

တရုတ်-မြန်မာစီးပွားရေးစင်္ကြံစီမံကိန်းဟာ မြန်မာနိုင်ငံထဲမှာ တစ်စိတ်တစ်ပိုင်းစတင်နေပြီဆိုပေမယ့် တရုတ်နိုင်ငံရဲ့ စီမံကိန်းတွေဟာ ထောက်ပံ့ကူညီပေးတာမျိုးမဟုတ်ဘဲ အကြွေးစနစ်နဲ့ဖြစ်ကာ တရုတ်ကုမ္ပဏီတွေရဲ့ ပူးပေါင်း ဆောင်ရွက်မှုကိုလည်း လိုအပ်တာကြောင့် မြန်မာနိုင်ငံအနေနဲ့ ပြဿနာတစ်ခုဖြစ်နေပါတယ်။



ကျောက်ဖြူ မဒေးကျွန်းရှိ တရုတ်ပိုက်လိုင်းစီမံကိန်းအနီးတွင် တွေ့ရသော ဒေသခံအိမ်ခြေများ။ (ဓာတ်ပုံ - Facebook)

တရုတ်နိုင်ငံရဲ့ စီမံကိန်းအတိုင်းအားလုံးကို လက်ခံလိုက်မယ်ဆိုရင် မြန်မာနိုင်ငံအနေနဲ့ အနာဂတ်မှာ စီးပွားရေးအရ တရုတ်နိုင်ငံကို ပိုမိုမှီခိုသွားရဖွယ်ရှိနေပြီး သီရိလင်္ကာလို အကြွေးထောင်ချောက်နဲ့ရင်ဆိုင်ရမယ့် အန္တရာယ်ကိုလည်း ထည့်သွင်းစဉ်းစားစရာဖြစ်နေတာပါ။

တရုတ်-မြန်မာ စီးပွားရေးစင်္ကြံဟာ ကုန်သွယ်ရေးစင်္ကြံတစ်ခုဆိုတာထက်ပိုပြီး ဒေသတွင်းတရုတ်နိုင်ငံရဲ့ သြဇာသက်ရောက်မှုကျယ်ပြန့်လာတာနဲ့အမျှ ဒီစင်္ကြံကနေတစ်ဆင့် ဒေသတွင်းအခြေအနေတွေကို ထိန်းချုပ်သွားနိုင်ဖို့ ရည်ရွယ်ထားတယ်လို့ ယူဆရပါတယ်။ မြန်မာနိုင်ငံဟာ တရုတ်ရဲ့ ဒီစီးပွားရေးရွှေ့ကွက်မှာ နယ်ရုပ်ဖြစ်သွားနိုင်ဖွယ် ရှိနေ ပြီး အချုပ်အခြာအာဏာအရ ထိခိုက်သွားစရာ အခြေအနေတွေပါရှိနေပါတယ်။

ဒါ့အပြင် ရပ်ဝန်းနှင့်လမ်းစီမံကိန်းနဲ့ပတ်သက်ပြီး တရုတ်နိုင်ငံရဲ့ ပွင့်လင်းမြင်သာမှုမရှိခြင်းတွေကလည်း မသေချာမှုတွေနဲ့ စိုးရိမ်ပူပန်မှုတွေကို ဖြစ်ပေါ်စေလျက်ရှိပါသေးတယ်။ ၂၀၁၃ ခုနှစ်မှာ စီမံကိန်းစတင်ချိန်တုန်းက ရှီကျင့်ဖျင်က ဒီစီမံကိန်းဟာ တရုတ်နိုင်ငံရဲ့ ကြီးကျယ်ခမ်းနားမှုတွေကို ကမ္ဘာကြီးကိုပြသဖို့အတွက်လို့ ပြောခဲ့ပေမယ့် စီမံကိန်းစတင်ချိန်ကတည်းက စပြီး ဝေဖန်မှုတွေနဲ့ရင်ဆိုင်နေခဲ့ရတာပါ။

ဒီစီမံကိန်းရဲ့ ပဏာမလုပ်ငန်းတွေအတွက် သီးခြားတာဝန်ပေးထားတဲ့ ဝန်ကြီးဌာနမရှိသလို ဒီစီမံကိန်းမှာ အကျိုးတူပူးပေါင်း ဆောင်ရွက်ဖို့လက်မှတ်ရေးထိုးထားတဲ့ နိုင်ငံပေါင်း ၅၀ ထိရှိပေမယ့် ဘယ်နိုင်ငံတွေက ပူးပေါင်းပါဝင်ဖို့ အရည်အချင်းပြည့် မီမယ်ဆိုတာကိုလည်း ရှင်းရှင်းလင်းလင်းမသိရသေးပါဘူး။



တရုတ်-မြန်မာ စီးပွားရေးစင်္ကြံအတွက် အဆိုပြုထားသည့်လမ်းကြောင်း။ (ဓာတ်ပုံ - Facebook)

တရုတ်နိုင်ငံဟာ သူ့ရဲ့စီမံကိန်းမှာပါဝင်မယ့်နိုင်ငံတွေအတွက် အပန်းဖြေစခန်းတွေ၊ ယဉ်ကျေးမှုစင်တာ၊ ဆေးကုသရေးစင်တာတွေအပါအဝင် အခြားစီမံကိန်းတွေ ထောက်ပံ့ပေးသွားဖို့ရှိနေတယ်ဆိုပေမယ့် တစ်ဖက်မှာ ဝေဖန်ထောက်ပြစရာ အားနည်းချက်တွေလည်းရှိနေတာပါ။

အဲဒီလိုဝေဖန်ထောက်ပြစရာအားနည်းချက်တွေကြောင့် မြန်မာနိုင်ငံအနေနဲ့ဆိုရင် လက်တလောမှာ မြန်မာအစိုးရက တရုတ်ရဲ့စီမံကိန်းတွေအတွက် ကုန်ကျစရိတ်တွေကို လျှော့ချလိုက်ပြီး ကျောက်ဖြူဆိပ်ကမ်းနဲ့စီးပွားရေးဇုန်မှာ တရုတ်ရဲ့ပါဝင်မှုတွေကို လျှော့ချလိုက်တာမျိုးတွေ ရှိနေပါတယ်။ ဒါ့အပြင် မြန်မာပြည်သူတွေဘက်ကနေလည်း မြစ်ဆုံအပါအဝင် မြန်မာနိုင်ငံထဲက တရုတ်စီမံကိန်းတွေကို ဆန္ဒပြကန့်ကွက်မှုတွေ ရှိနေပါသေးတယ်။ မြန်မာနိုင်ငံမှာတင်မကဘဲ ဘင်္ဂလားဒေ့ရှ်၊ နီပေါနဲ့ အခြားဒေသတွင်းနိုင်ငံတွေမှာလည်း တရုတ်စီမံကိန်းတွေ ထိထိရောက်ရောက် ရှေ့မတိုးနိုင်သေးတာမျိုးတွေ ရှိနေတာပါ။

ဒီလိုအခြေအနေတွေမှာ တရုတ်သမ္မတရှီကျင့်ဖျင်ရဲ့ မြန်မာခရီးစဉ်ကနေ ထွက်ပေါ်လာနိုင်တဲ့ ပြဿနာကြီးတစ်ခုက တော့ မြစ်ဆုံစီမံကိန်းပါပဲ။ တကယ်လို့ တရုတ်နိုင်ငံကသာ မြစ်ဆုံစီမံကိန်း ပြန်စဖို့ ဖိအားပေးလာခဲ့မယ်ဆိုရင် ဆန္ဒပြပွဲတွေက ချက်ချင်းဆိုသလို ပေါ်ပေါက်လာမှာပဲဖြစ်ပါတယ်။

တရုတ်နိုင်ငံဟာ မြန်မာနိုင်ငံရဲ့ပြည်တွင်းငြိမ်းချမ်းရေးတည်ဆောက်မှုမှာလည်း လွှမ်းမိုးနိုင်ဖို့ကြိုးစားလျက် ရှိနေပါသေးတယ်။ တရုတ်ဟာ မြန်မာစစ်တပ်နဲ့ တိုင်းရင်းသားလက်နက်ကိုင်တွေကြားမှာ ဘယ်ဘက်ကမှ ပြတ်ပြတ်သားသား ရပ်တည်တာမျိုးမရှိဘဲ ဒီဖြစ်စဉ်အပေါ်မှာ သူ့စိတ်ကြိုက် လွှမ်းမိုးနိုင်ဖို့ ကြိုးစားနေတဲ့ အနေအထားမျိုးမှာရှိနေတာပါ။ ဘာကြောင့်လဲဆိုတော့ တရုတ်ဟာ ငြိမ်းချမ်းရေးဖြစ်စဉ်မှာ ကြားဝင်စေ့စပ်ညှိနှိုင်းပေးလိုတဲ့ သဘောထားမျိုးတွေ တစ်ခါတစ်ရံမှာပြတတ်ပေမယ့် တစ်ဖက်မှာလည်း မြန်မာနိုင်ငံမြောက်ပိုင်းက တိုင်းရင်းသားလက်နက်ကိုင်တွေဟာ တရုတ်နိုင်ငံထုတ်လက်နက်တွေကို ကိုင်ဆောင်ပြီးတိုက်ပွဲဝင်နေကြလို့ပါပဲ။

တရုတ်သမ္မတရှီကျင့်ဖျင်ရဲ့ မြန်မာနိုင်ငံခရီးစဉ်ဟာ ၂ ရက်သာကြာမြင့်မှာဖြစ်ပြီး ၂၀၀၁ ခုနှစ်တုန်းက ကျန်ဇီမင်းရဲ့ ၄ ရက်ကြာခရီးစဉ်ထက် တိုတောင်းပါတယ်။ ကျန်ဇီမင်း မြန်မာနိုင်ငံကိုအလည်အပတ်ရောက်ရှိစဉ်က ရန်ကုန်မြို့ဟာ မြန်မာနိုင်ငံရဲ့မြို့တော်အဖြစ်ရှိနေဆဲဖြစ်ပြီး စစ်အစိုးရလက်ထက်ဖြစ်တာကြောင့် ဆန္ဒပြပွဲတွေပေါ်ပေါက်ဖို့ဆိုတာ စိတ်ကူးထဲတောင် မထည့်ရဲတဲ့အခြေအနေမှာရှိခဲ့ပါတယ်။

ယခုတစ်ကြိမ်လာတဲ့ သမ္မတရှီကျင့်ဖျင်ဟာ လက်ရှိမြန်မာနိုင်ငံရဲ့မြို့တော်ဖြစ်တဲ့ နေပြည်တော်ကို သွားရောက်မှာ ဖြစ်တာကြောင့် သူ့အနေနဲ့ ဆန္ဒပြပွဲတွေနဲ့ ရင်ဆိုင်ရဖွယ်တော့မရှိပါဘူး။ ဒါပေမဲ့ သူ့ရဲ့ခရီးစဉ်အတွင်းမှာ ရန်ကုန်နဲ့ မြန်မာနိုင်ငံရဲ့ အခြားဒေသတွေမှာတော့ ဆန္ဒပြပွဲတွေ ပေါ်ပေါက်ကောင်းပေါ်ပေါက်ဖွယ်ရာ ရှိလို့နေပါတယ်။

မောင်ဖြိုး

(Asia Times သတင်းဌာနတွင် Bertil Lintner ရေးသားထားသည့် What China’s Xi will and won’t get in Myanmar ဆောင်းပါးကို ဆီလျော်အောင် ကောက်နုတ်ဘာသာပြန်ထားပါသည်။)

Most read this week

စစ်တွေမြို့ပေါ် ဘုန်းတော်ကြီးကျောင်းတွင် ခိုလှုံနေကြသော ဗျိုင်းဖြူရွာသားများကို ၂၀၂၄ ခုနှစ် ဇွန်လအတွင်းက တွေ့ရစဉ်။
November 23, 2024
ရခိုင်ပြည်၊ စစ်တွေမြို့၊ စက်ရုံစုရပ်ကွက်ရှိ ရဲကင်းစခန်းအနီးမှ နေအိမ်ဖယ်ရှားခံရသည့် ဒေသခံများမှာ...
ပုံစာ - အမ်းမြို့နယ်ရှိ ကုတင် (၃၀၀) ဆံ့ စစ်ဆေးရုံကို သိမ်းပိုက်ပြီးနောက် တွေ့ရသော AA တပ်ဖွဲ့ဝင်များ။
November 22, 2024
ရခိုင်ပြည်၊ အမ်းမြို့အကျဉ်းထောင်ရှိ အကျဉ်းသားများနှင့် တိုက်ပွဲကာလ ဖမ်းဆီးထားသော အရပ်သားများကို...
မောင်တောမြို့နယ်ရှိ ဟိန္ဒူစစ်ဘေးရှောင်စခန်းမှ ကလေးငယ်တစ်ဦး။ (၂၀၂၄ ခုနှစ်၊ နိုဝင်ဘာ ၂ ရက်)
November 21, 2024
မြန်မာ့ပြည်တွင်းစစ်တွင် အခက်အခဲ၊ အကျပ်အတည်းများစွာနှင့် ရင်ဆိုင်နေရသည့် ကလေးသူငယ်များကို...
ရခိုင်ဒေသမှ စစ်ဘေးရှောင် ကလေးငယ်များ။
November 20, 2024
ရခိုင်ပြည်၊ ကျောက်တော်မြို့နယ်ရှိ စစ်ဘေးရှောင်စခန်းအချို့တွင် ကလေးသူငယ်များ ဝမ်းပျက်ဝမ်းလျှော...